ငွေထွန်း၊ မောင်(ပန်းချီ)
ပန်းချီမောင်ငွေထွန်းကို ၁၉၃၆ ခုနှစ်၊မေလ ၄ ရက်နေ့၌ နဂါးနီပန်းချီ ဦးထွန်းရှိန်၊ ဒေါ်လှစိန်တို့က ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်းခုနစ်ယောက်အနက် တတိယမြောက်သားဖြစ်သည်။
ပန်းချီမောင်ငွေထွန်းသည် ရုပ်ရှင်ဒါရိုက်တာ ဆရာဦးသုခက ဆက်သွယ်ပေး၍ ပန်းချီဦးလှမောင်ကြီးထံ ပန်းချီ ပညာဆည်းပူးခွင့်ရသည်။ ကျောင်းသားဘဝကပင် ပြဇာတ်နောက်ခံကားများ၊ ပိုစတာများရေး၍ ပန်းချီလောကသို့ ဝင်ရောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းမိဘများနှင့်အတူ ရေတာရှည်မြို့သို့ပြောင်းရွှေ့နေထိုင်သည်။ စစ်ပြီးကာလ၌ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီးနောက် မြို့မကျောင်းတွင်ဆက်လက်ပညာသင်သည်။
တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ခဲ့သည်။ ဆရာဦးအုန်းလွင်၊ ဦးကြင်၊ ဆရာဆောင်နှင့် ဦးဘဂျမ်းတို့ပို့ချသော ပန်းချီကလပ်သို့ တက်ရောက်၍ ပန်းချီပညာဆည်းပူးသည်။
ပန်းချီမောင်ငွေထွန်းသည် တောင်ပေါ်တိုင်းရင်းသား မှတ်တမ်းတင်ပုံများကို ရန်ကုန်ဘဆွေ၊ နာဂတောင်တန်းမောင်ကြည်ဇင်နှင့်အတူ နာဂတောင်တန်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ကိုယ့်စရိတ်နှင့်သွားရောက်၍ လေ့လာရေးဆွဲခဲ့သည်။ ထို့နောက် ပန်းချီခရီးသည် စာအုပ်ကို ၁၉၆၈ ခုနှစ်တွင် ရေးဆွဲထုတ်ဝေခဲ့သည်။ ပန်းချီမောင်ငွေထွန်း၏ ပန်းချီရေးဟန်ကို ကွစ်စ်ကက်ချ် (လျှပ်တစ်ပြက်ပုံကြမ်း) ဟုဆိုသည်။ Loose Line Technique ဟုလည်း ခေါ်ကြသည်။ ပန်းချီမောင်ငွေထွန်းသည် ဆရာဦးဘဂျမ်းနှင့်အိမ်ချင်းနီး၍ မိဘများနှင့်လည်းရင်းနှီးသဖြင့် ဦးဘဂျမ်းထံအနီးကပ် ပညာသင်ယူခွင့်ရသည်။ သူ၏အလားအလာကိုမြင်သော ဦးဘဂျမ်းက ရှုမဝမဂ္ဂဇင်းနှင့်ဆက်သွယ်ပေးသည်။ ၁၉၅၃ ခုနှစ် အသက် ၁၇ နှစ် အရွယ်တွင် မဂ္ဂဇင်း၏ပန်းချီများကို စတင်ရေးဆွဲသည်။ သူသည်စာနယ်ဇင်းပန်းချီလောကတွင် ကျင်လည်ရင်း ပန်းချီပညာကိုဆက်လက်လိုက်စားသည်။ ရုပ်ရှင်ပိုစတာများကို ဦးဟယ်ရီအောင်၊ ဦးသိန်းဟန် စသည်တို့နှင့်တွဲ၍ ရေးဆွဲခဲ့သည်။
ပန်းချီမောင်ငွေထွန်းသည် ပိုစတာပန်းချီလောက၊ စာနယ်ဇင်းပန်းချီလောကများတွင်သာ ပညာပြည့်ဝသည်မဟုတ်၊ ရသပန်းချီနယ်တွင်လည်းနာမည်ရခဲ့သည်။
ပန်းချီပြပွဲတိုင်းလိုလိုပင် သူ၏ဆီဆေးပန်းချီကားကြီးများကိုတွေ့ရတတ်သည်။ သူရေးဆွဲသော တိုင်းရင်းသားဆီဆေး ကားကြီးများမှာ လက်ရာမြောက်လှသည်။ ထူးခြားမှုမှာ ရသကားများရေးဆွဲရာတွင် အနုပညာသာမက အတွေးအခေါ် (though) ကိုထည့်သွင်းရေးဆွဲလေ့ရှိခြင်းပင်ဖြစ်သည်။ ထမင်းနှင့်ရွှေ အမည်ရှိသူ၏ ဆီဆေးကားမှာ လူသိများသောကားတစ်ကားဖြစ်သည်။ ၁၉၆၃ ခုနှစ်၊ လုပ်သားပြည်သူ့နေ့စဉ် စတင်ထုတ်ဝေရာ လုပ်သားပြည်သူ့နေ့စဉ်ခေါင်းစဉ်နှင့် အတွင်းခေါင်းစဉ်များသည် ပန်းချီမောင်ငွေထွန်း၏လက်ရာများပင်ဖြစ်သည်။
ထင်ရှားသောဆရာတော်ကြီးများ၊ စာပေပညာရှင်ကြီးများ၊ ပန်းချီ၊ ပန်းပု၊ တေးဂီတပညာရှင်ကြီးများ၊ နိုင်ငံရေး ခေါင်းဆောင်ကြီးများနှင့်ကြုံကြိုက်ခိုက်တွင် ပန်းချီမောင်ငွေထွန်းသည် လျှပ်တစ်ပြက်ပုံတူများ ရေးဆွဲတတ်သည်။ ပုံတူရေးဆွဲပြီးလျှင် သက်ဆိုင်ရာပုဂ္ဂိုလ်ကြီး ၏လက်မှတ်နှင့် နေ့စွဲကို အရယူထားလေ့ရှိသည်။
ဘဝနိဂုံး
ပြင်ဆင်ရန်ပန်းချီမောင်ငွေထွန်းသည် ၁၉၉၂ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင်ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင်ဇနီး ဒေါ်မြင့်မြင့်ကျန်ရစ်ခဲ့သည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ (စာပေဗိမာန် စာတည်းအဖွဲ့မှ ရေးသားပြုစုသုသည့် မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ် ၁၉၉၃ ခုနှစ်)