ငှက်လက်မသည် ဝါးဗလားငှက်မျိုးတွင် ပါဝင်၍ ပါဏဗေဒ အမည်မှာ 'ပရိုင်နီးယား အင်အော်နေတာ ဗလန်ဖောဒီ' ဖြစ်သည်။ အလျား ၅ လက်မရှိသည်။ ထိုအလျားတွင် အမြီး ၂ လက်မ ၃ လက်မခန့် ပါသေးသည်။ အပေါ်ဘက်တွင် ညိုညစ်ညစ်အရောင်ရှိ၍ အောက်ဖက်တွင် အဝါရောင်ရှိသည်။ အမြီးဖျားတွင် အဖြူကွပ်ရှိသည်။ နွေအခါ၌ နှုတ်သီးအရောင်မှာ မည်းသည်။

ငှက်လက်မသည် သစ်တောနှင့် လွင်တီးခေါင်ကိုရှောင်၍ လယ်ယာစိုက်ခင်းများ၊ ကိုင်းတောနှင့် မြက်တောများတွင်သာ ကျက်စားတတ်သည်။ အတောင်မှာ အားနည်းလျက် အပေါ်ပိုင်း လေးနေသဖြင့် ကောင်းကောင်းမပျံသန်းနိုင်ပေ။ သို့ရာတွင် သန်မာသော ခြေထောက်များဖြင့် ဖျတ်လတ်စွာ လမ်းလျှောက်နိုင်သည်။ မြို့ရွာများ၌လည်းကောင်း၊ ဥယျာဉ်များ၌လည်းကောင်း မကြာခဏ တွေ့ရသည်။ အသံသည် မသာယာလှသော်လည်း အောင်မြင်သည်။

မတ်လမှ စက်တင်ဘာလအတွင်း ငှက်လက်မကလေးများ ပေါက်ကြသည်။ အသိုက်ကို ကိုင်းတောများတွင် မြေပြင်မှ အနိမ့်ဆုံး ၃ ပေ၊ အမြင့်ဆုံး ၆ ပေခန့်ခွာ၍ ပြုလုပ်လေ့ ရှိသည်။ အသိုက်မှာ မြက်ဖြင့် ကွန်ချာသဏ္ဌာန် ရက်လုပ်ထားသည်။ အလွန်သပ်သပ်ရပ်ရပ် ရှိ၏။ ဥမှာ ရှည်မျောမျောဖြစ်၍ ပြောင်ချောနေသည်။ အရောင်မှာ စိမ်းပြာ၍ အညိုပြောက်များရှိသည်။

ငှက်လက်မကို အရှေ့တိုင်းနိုင်ငံများတွင် အနှံ့အပြား တွေ့ရသည်။ မြန်မာနိုင်ငံတွင် ရာသီဥတု သင့်လျော်သောဒေသများ၌ ပေ ၄ဝဝဝ အမြင့်အထိ နေထိုင်ကျက်စားသည်။ []

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)