စကားပုံ ဆုံးမစာ (သူတော်ဦးနု)

စကားပုံ ဆုံးမစာ ကို သူတော်ဦးနု (ခရစ် ၁၉-ရာစု)က ရေးသားခဲ့သည်။

၁။ ဗုဒ္ဓဆာယာကိုတွယ်ရမည်၊ ယုတ်လှတာကို ပယ်ရမည်။ ဗုဒ္ဓဆာယာကိုတွယ်မှ အေးမြရာသည်။ ယုတ်လှတာကိုပယ်မှ ဘေးပကွာသည်။

၂။ သေရည်ကို မသောက်နှင့်၊ ရေကြည်ကို မနှောက်နှင့်။ သေရည်ကို သောက်ပါက အပါယ်ဘုံသို့ ကျတတ်သည်၊ ရေကြည်ကို နှောက်က အနယ်မှုန်တို့ ထတတ်သည်။

၃။ ထင်တိုင်းလည်း နှိပ်၍မဆိုနှင့်၊ ဝင်တိုင်းလည်း သိပ်၍မမျိုနှင့်။ ထင်တိုင်းနှိပ်၍ဆိုက ရန်အသွယ်သွယ်ပွားတတ်သည်။ ဝင်တိုင်းသိပ်၍မျိုက အန္တရာယ်များတတ်သည်။

၄။ အယုတ်တရားကို အလိုမရှိနှင့်၊ မဟုတ်စကားကို မဆိုဘိနှင့်။ အယုတ်တရားကို အလိုရှိက ဘဂဝါ၏ စကားကို ပယ်ရာကျချေသည်။ မဟုတ်စကားကို ဆိုဘိက သမာဓိတရားတို့ ကွယ်ပရလေသည်။

၅။ အမျိုးယုတ်သူ အဆင်းလှလျှင် သတိထား၊ တန်ခိုးနုတ်သူ ထမင်းဝလျှင် မကြည်စားနှင့်။ အမျိုးယုတ်သူ အဆင်းလှက ဇာဂတန်တတ်သည်။ တန်ခိုးနုတ်သူ ထမင်းဝက မာနထန်တတ်သည်။

၆။ မတော်ဘဲကို မဝယ်နှင့်၊ ခေါ်ဘဲကို မလယ်နှင့်။ မတော်ဘဲကို ဝယ်လေက သပြာဓန ရှုံးတတ်သည်။ မခေါ်ဘဲကို လယ်ချေက မကြာခဏ မုန်းတတ်သည်။

၇။ ခရီးကိုလည်း အပြင်းမသွားနှင့်၊ မီးကိုလည်း အကြွင်းမထားနှင့်။ ခရီးကို အပြင်းသွားက မှားတတ်သည်။ မီးကို အကြွင်းထားက ပွားတတ်သည်။

၈။ ဆရာပြောသမျှကို အပြီးမမှားလေနှင့်၊ အနာရောဂါကို မကြီးပွားစေနှင့်။ ဆရာပြောသမျှကို အပြီးမှားက မုချမှောက်တတ်သည်။ အနာရောဂါကို ကြီးပွားစေက ဒုက္ခရောက်တတ်သည်။

၉။ စကားစကားပြောဖန်များ၊ စကားထဲက ဇာတိပြ၍ မာနတံခွန် ထူတတ်သည်။ တရားတရားဟောဖန်များ တရားထဲက ပါဠိရ၍ ဒါနအလွန် လှူတတ်သည်။

၁၀။ သံသရာလောက၊ နှစ်ဝအကျိုး၊ ပွားတိုးစေမှု၊ အာရုံပြုလျက်၊ ဦးနုမည်ခေါ်၊ ငါသူတော်လျှင်၊ နာပျော်ဖွယ်ရာ၊ ဆုံးမစာကို၊ တကာ-တကာမ၊ မှတ်သားကြ၍၊ နေ့ညလေ့ကျက်ကြပါလော့။

ကိုးကား ပြင်ဆင်ရန်

  1. ရင်နှစ်သည်းချာ နိုင်ငံရတနာ ဆုံးမစာများ - အခြေခံပညာဦးစီးဌာန (ဒုတိယအကြိမ် ed.)။ ၁၈၁-၁၈၃၊ ဆူးလေဘုရားလမ်း၊ ရန်ကုန်မြို့: မြဝတီပုံနှိပ်တိုက်၊။ စက်တင်ဘာ ၁၉၉၂ ခုနှစ်။ pp. ၁၄၅။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)