စကိတ်စီးခြင်းဆိုသည်မှာ ဖိနပ်တွင် သံမဏိပြားကိုတပ်၍ ရေခဲပြင် သို့မဟုတ် မာကျောညီညာသော သမံတလင်း၊ ကတ္တရာစေးလမ်းစသော မျက်နှာပြင်များတွင် လျှောတိုက်၍ စီးနင်းသွားလာခြင်း ဖြစ်သည်။ သံမဏိပြားများ မပေါ်ပေါက် သေးသော ရှေးခေတ်ကမူ အရိုးကို ခြေထောက်တွင်ချည်ပြီးလျှင် တောင်ဝှေးကို အားပြု၍ ရေခဲပြင်များတွင် လျှောတိုက် စီးနင်း လေ့ရှိကြသည်။ ယင်းသို့ ခြေတွင် တပ်ဆင်စီးနင်းရသောအရာ ကိုပင် စကိတ်ဟုခေါ်သည်။ သံမဏိကို လူတို့ သုံးစွဲလာကြမှ သာ ရေခဲပြင်တွင် စီးနင်းရသော စကိတ်မှာ သံမဏိပြားဖြစ် လာ၍ အခြား မျက်နှာပြင်များ အတွက်မူ ရိုလာစကိတ်ခေါ် သံမဏိဘီးငယ်ကလေးများ တပ်ဆင်ထားသော စကိတ်မျိုးကို သုံးစွဲလာကြသည်။ စကိတ်စီးရာဌာကိုလိုက်၍ စကိတ်နှစ်မျိုး ရှိသကဲ့သို့ အလှစီး၊ အမြန်စီး စသော မိမိစီးနင်းမည့်ဟန်ကို လိုက်၍လည်း စကိတ်ပုံစံအမျိုးမျိုးရှိလေသည်။ စကိတ်စီးရာ တွင် အရေးကြီးသောအချက် ၄ ချက်ကို လိုက်နာရမည်။ ထို အချက်များမှာ (၁) ခြေထိပ်တို့ကို ဘေးသို့ ကာပေးရန်၊ (၂) ရှေ့သို့အားယူပြီးလျှင် ကိုယ်၏အလေးချိန်ကို ခြေနှစ်ဖက်ပေါ်၌ ထိန်းပေးရန်၊ (၃) ခြေကို တစ်ဖက်ပြီးတစ်ဖက် ကျဲကျဲလှမ်းရန်၊ (၄) ခြေချင်းဝတ်ကို မြဲမြံစွာ ထိ်န်းထားနိုင်ရန်တို့ ဖြစ်ကြ သည်။ ဆောင်းရာသီတွင် ရေခဲလေ့ရှိသော အလွန်အေးသည့် မြောက်ပိုင်းနိုင်ငံများတွင် စကိတ်စီးခြင်းအလေ့အထ ခေတ်စား လာခဲ့သည်မှာ နှစ်ပေါင်းအလွန်ကြာလေပြီ။ မြောက်ပိုင်းနိုင်ငံ များ ဖြစ်သော စကန်ဒီနေးဗီးယား၊ ဖင်လန်နှင့် ဟော်လန်နိုင်ငံ များမှာ စကိတ်စီးခြင်းကို ဦးစွာလိုက်စားခဲ့သော နိုင်ငံများ ဖြစ်သည်။ အမြန်စီး၊ အလှစီးစသော စကိတ်စီးပြိုင်ပွဲများကို ဥရောပတိုက်နှင့် မြောက်အမေရိကတိုက်တို့တွင် အနှံ့အပြား ကျင်းပလာခဲဲ့ကြသည်မှာ နှစ်ပေါင်း ၁ဝဝ ပင်ရှိပြီ ဖြစ်သော် လည်း ၁၉၂၄ ခုနှစ်ကျမှသာ ကမ္ဘာ့အိုလံပစ်ကစားပွဲများတွင် ဆောင်းရာသီ ပြေးခုန်ကစားပွဲ တစ်ခုအဖြစ်ဖြင့် ပါဝင်ခဲ့လေ သည်။ သိပ္ပံပညာဖြင့် ရေခဲပြင်များကို ဖန်တီးပြုလုပ်နိုင်စွမ်း ရှိလာသောအခါ ရေမခဲသောအရပ်များ၌ပင် ကစားရုံကြီးများ ဆောက်၍ စကိတ်စီးနိုင်ကြသည်။ ယခုအခါ အင်္ဂလန်ပြည်နှင့် တကွ ကမ္ဘာအရပ်ရပ်၌ ထိုကဲ့သို့သော ကစားရုံကြီး ပေါင်း ၃ဝ နီးပါးရှိလေသည်။

စကိတ် အမြန်စီးတွင် စကန်ဒီနေးဗီးယား လူမျိုးများကို မည်သူမျှ မမီချေ။ ဤခေတ်၌ ကမ္ဘာ့စကိတ် အလှစီးပြိုင်ပွဲတွင် ပထမစွဲသူမှာ နော်ဝေးနိုင်ငံမှ ဆိုနီယာဟိန်းအမည်ရှိ အမျီုးသမီး ဖြစ်လေသည်။ အမျိုးသားနှင့် အမျိုးသမီး နှစ်ယောက်တွဲ၊ စကိတ် အမြန်စီးပြိုင်ပွဲများ ကျင်းပသောအခါ အမျိုးသမီး များသည် အမျိုးသားများထက် စကိတ်စီးခြင်းတွင် ပိုမိုကျွမ်း ကျင်ကြောင်း တွေ့ရပေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)