စက္ကဝါကဇာတ်
(၂) ဇာတ်ရှိပါသည်။ နဝကနိပါတ် - (၄၃၄) စက္ကဝါကဇာတ်
ပစ္စုပ္ပန်ဝတ္ထု
ပြင်ဆင်ရန်လျှပ်ပေါ်လည်မှုဆုံးမပြု
ပြင်ဆင်ရန်နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လျှပ်ပေါ်လော်လည်သော ရဟန်းတပါးရှိလေ၏၊ ထိုရဟန်းသည် ပစ္စည်းလာဘ်လာဘ၌ တပ်မက်မောလျက် ဆရာဥပဇ္ဈာယ်တို့ ဝတ်ကြီးဝတ်ငယ်ကို စွန့်လွှတ်ကာ နံနက်စောစောက ဝိသာခါ, အနာထပိဏ်, စူဠအနာထပိဏ်, ကောသလမင်းကြီး စသောဒါယကာတို့ အိမ်များသို့ လှည့်လည်လျက် ကောင်းနိုးရာရာ ဆွမ်းခဲဘွယ်ဘောဇဉ်တို့ကို ရှာဖွေစားသောက်လျက် နေ၏။
ရဟန်းတို့သည် တရားသဘင်၌ စကားစပ်မိ၍ ထိုရဟန်း၏ လျှပ်ပေါ်လော်လည်သော အကြောင်းကို ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူသောအခါ ထိုရဟန်းကို ခေါ်တော်မူပြီးလျှင် ရဟန်းသင်သည် အဘယ့်ကြောင့် လျှပ်ပေါ်လော်လည်ဘိသနည်း၊ ရှေးအခါ၌ လည်း သင်သည် ဗာရာဏသီပြည်တွင် ကျက်စား၍ အားမရနိုင်ဘဲ ဂင်္ဂါမြစ်နား၌ ကျက်စားလျက် ဟိမဝန္တာသို့ဝင်ဘူးပြီ”ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ပြင်ဆင်ရန်လျှပ်ပေါ်လည်လှ ကျီးလောဘ
ပြင်ဆင်ရန်လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် လျှပ်ပေါ်လော်လည်သော ကျီးတကောင်သည် ဗာရာဏသီပြည်ဝယ် အကောင်ပုတ်တို့ကို စားလျက်မရောင့်ရဲနိုင်သဖြင့် ဂင်္ဂါမြစ်နားသို့သွား၍ ငါးအမဲတို့ကို စားပြီးလျှင် နှစ်ရက်သုံးရက်နေ၍ သစ်သီးကြီးငယ်တို့ကို စားကာသွားပြန်ရာ ဟိမဝန္တာဝယ် ငါးလိပ်တို့ ပေါများသော ပဒုံမာကြာအိုင်ကြီးသို့ ရောက်ပြန်၏။ ထိုအိုင်ကြီး၌ ရွှေအဆင်းရှိသော စက္ကဝက်ငှက်နှစ်ကောင်တို့ကို မြင်ပြန်လျှင် ဤငှက်တို့သည် အလွန်အဆင်းလှကုန်၏၊ တင့်တယ်ကုန်၏၊ ၎င်းတို့စားသော အစာလည်းနှစ်သက်ဘွယ်ရှိပေလိမ့်မည်ဟု ကြံစည်လျက်-
တင့်တယ်ဆင်သွေးအမည်ပေး
ပြင်ဆင်ရန်ထိုစက္ကဝက်ငှက်တို့ အထံသို့သွား၍ ပဋိသန္ဓာရပြုလိုသဖြင့် သစ်ခက်တွင်နားလျက်-ရွှေအဆင်းကဲ့သို့ဝါဝင်းသော အဆင်းရှိကုန်လျက် နှစ်ကောင်နှစ်ကောင်တွဲကာ သွားလာကြလျက် အလွန်နှစ်သက်ကြသော သင်တို့ကို ငါမေးလိုပါ၏၊ အို-ငှက်တို့သင်တို့ကို ချီးမွမ်းသော သူတို့သည် အဘယ်ငှက်ဟုပြောဆိုကာ ချီးမွမ်းကြကုန်သနည်း၊ တိုက်တွန်းပါ၏၊ သင်တို့၏အမျိုးကိုပြောဆိုပါ”ဟု ပဋိသန္ဓာရစကား ပြောကြားကာမေးမြန်းလေ၏။
ကိုယ်ကျင့်သဘောအမည်ပြော
ပြင်ဆင်ရန်ထိုအခါစက္ကဝက်ငှက်တို့သည် မိမိတို့၏အမည်နှင့်ကိုယ် ကျင့်တရားတို့ကို ပြောလို၍ -“လူတို့ကို ညှဉ်းဆဲတတ်သောအို-ကျီးငါတို့ကို အချင်းချင်းအစဉ် လိုက်ကုန်သောစက္ကဝက်ငှက်တို့ဟူ၍ ခေါ်ကြကုန်၏၊ ငှက်အပေါင်းတို့တွင် ငါတို့ကို ကောင်းသောငှက်ဟူ၍ သမုတ်အပ်ကုန်၏၊ ငါတို့သည် အစာအာဟာရကြောင့် မကောင်းမှုကို မပြုကြကုန်၊ ထို့ကြောင့်ငါတို့သည်ပဒုမာကြာအိုင်၌ အလွန်အဆင်းလှကုန်လျက်သွားလာကြကုန်၏ဟု ကျီးအားပြန်ကြားပြော ဆိုကုန်၏။
ကိုယ်ကျင့်တရားအသားမစား
ပြင်ဆင်ရန်ထိုအခါကျီးသည်တဘန်စားသော အစာကို မေးလိုပြန်သဖြင့်-အို-စက္ကဝက်ငှက်တို့သင်တို့သည်ပဒုမာကြာအိုင်၌ အဘယ်အသီးကိုစားကြသနည်း၊ အဘယ်အသားကို စားကြသနည်း၊ မပြတ်မလပ် အဘယ်ဘောဇဉ်ကို စားကြသနည်း၊ သင်တို့၏ အသားသည်၎င်း၊ အဆင်းသည်၎င်း များသောသဘောရှိကုန်၏ဟု မေးမြန်းပြန်၏၊
ထိုအခါစက္ကဝက်ငှက်တို့သည်-
“ အို-ကျီးပဒုမာကြာအိုင်၌ အသီးတို့မရှိကုန်၊ စက္ကဝက်ငှက်၌ စားသောအသားသည် အဘယ်မှာရှိအံ့နည်း၊ ငါတို့ကား ရေမှော်ကိုသာ စားကြ၏၊ ရေမှော်ကိုစားကြသော ငါတို့သည် အစာအာဟာရဟူသော အကြောင်းကြောင့် မကောင်းမှုကိုမပြုကြကုန်”-ဟု ပြန်ကြား ပြောဆိုပြန်ကုန်၏။
အဆီစားလည်းအချည်းနှီး
ပြင်ဆင်ရန်ထိုနောက်စက္ကဝက်ငှက်တို့အား မိမိစားသောအစာအာဟာရကို ပြောလိုသော ကျီးသည်-
“အို-စက္ကဝက်ငှက်တို့ငါသည် ဤအစာကိုမနှစ်သက်နိုင်၊ ထိုစက္ကဝက်ငှက်ဘဝ၌ အစာနှင့် တူသောအဆင်းရှိသည်ဟု ရှေးအခါ ငါ့အားအကြံဖြစ်မိ၏၊ အကြံဖြစ်သည်မှတပါး တခြားသာဖြစ်၏၊ သင်တို့အဆင်း၌ ငါ့အား ယုံမှားခြင်းဖြစ်၏၊ ငါသည်ဆားဆီတို့နှင့် စပ်ကုန်သော အသားအသီး အရွက်ထမင်းတို့ကို စားရ၏။ သူရဲကောင်းသည် စစ်မြေပြင်ဦးကို အောင်မြင်၍ စားရသကဲ့သို့ ငါသည် လူတို့ စားသော အစာကို စားရပါ၏၊ “အို-စက္ကဝက်တို့ အရှင်တိုကဲ့သို့ ငါ့အား တူသောသဘောရှိသော အဆင်းသည်မဖြစ်ပါ”ဟု စက္ကဝက်ငှက်တို့အားပြောဆိုပြန်၏။
ကျီးမိုက်ကျင့်ယုတ်အဆင်းပုပ်
ပြင်ဆင်ရန်ထိုအခါစက္ကဝက်ငှက်တို့သည် ကျီးများ၏ ကိုယ်ကျင့်တရားမရှိသော အဖြစ်ကို ပြောလို၍ -“မေ့လျော့သောခဏ၌ ကျနားလေ့ရှိသောအို-ကျီး သင်သည် မသန့်ရှင်းသော အစာကို စား၏။ သင်သည် ငြိုငြင်သဖြင့် ထမင်းအဖျော်ကို ရ၏။ သင်သည် အသီးတို့ဖြင့် မနှစ်သက်၊ သင်သည် သုဿာန်လယ်၌ အသားတို့ကို ချစ်မြတ်နိုး၏”။
“မေ့လျော့သော ခဏ၌ ကျနားလေ့ရှိသော အို-ကျီး အနိုင်အထက်နှိပ်စက်သဖြင့် စည်းစိမ်တို့ကို ရ၍ သုံးဆောင်ခံစားရသော သတ္တဝါသည် ဆဲရေးခြင်း ကဲ့ရဲ့ခြင်းကို ခံရ၏၊ ဆဲရေးခြင်း ကဲ့ရဲ့ခြင်းကို ခံနေရသော သတ္တဝါကား အဆင်းအားကို စွန့်ရ၏”။
ကိုယ်ကျင့်ရှိကအလွန်လှ
ပြင်ဆင်ရန်“ပညာရှိသည်အနည်းငယ်မျှပင် ဖြစ်သော်လည်းသူတပါးတို့ကို မနှိပ်စက်သဖြင့် ငြိမ်းအေးသောအစာကိုအကယ်၍ စားရငြားအံ့၊ သူတပါးအား မနှိပ်စက်သောပညာရှိအား အားနှင့် အဆင်းသည်ဖြစ်လာ၏၊ စင်စစ်အလုံးစုံသော အဆင်းသည်အစာအာဟာရဖြင့် ပြီးသည်မဖြစ်နိုင်”ဟု ကျီးအဆင်းလှခြင်းအကြောင်းကိုပြောကြားပြီးလျှင် နောက်ထပ်တဘန်“အို-ကျီးအဆင်းမည်သည်ကား အစာအာဟာရကြောင့်သာဖြစ်သည်မဟုတ်၊ ကံ-စိတ်ဥတုကြောင့်လည်းဖြစ်၏”ဟု ပြောဆိုပြန်၏။
ဤသို့လျှင် စက္ကဝက်ငှက်သည်ကျီးကိုများစွာသော အကြေင်းတို့ဖြင့် ကဲ့ရဲ၏၊ ထိုအခါကျီးလည်း ရှက်သောကြောင့် ငါ့အား သင်၏အဆင်းဖြင့် အလိုမရှိဟုပြောဆို၍ကာ-ဟု မြည်လျက်ပြေးလေ၏။
မြတ်စွာဘုရားသည်ဓမ္မဒေသနာကိုဆောင်တော်မူ၍ သစ္စာကို ပြသည်၏အဆုံး၌ လျှပ်ပေါ်လော်လည်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်လေ၏။
ဇာတ်ပေါင်း
ပြင်ဆင်ရန်ဤသို့လျှင် မြတ်စွာဘုရားသည်အတိတ်,ပစ္စုပ္ပန်နှစ်တန်သောဝတ္ထုတို့ကို အသန္ဓေဆက်စပ်တော်မူလျက်-
ရဟန်းတို့-
ထိုအခါ လော်လည်သော ကျီးသည်- ယခုအခါလော်လည်သောရဟန်း၊
စက္ကဝက်ငှက်မသည်- ရာဟုလာမယ်တော်။
စက္ကဝက်ငှက်သည်-ငါဘုရားဖြစ်လာပြီ-ဟုဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
ပြင်ဆင်ရန်(၁)အဝတ်အစား လော်လည်းငြား နွမ်းပါးဆင်းရမည်။
(၂)သူတပါးအား မညှဉ်းငြား စီးပွားရှာရမည်။
(၃)မလော်လည်ငြား အဆင်းအား တိုးပွားလှပမည်။
စက္ကဝါကဇာတ်ပြီး၏။
ဒသကနိပါတ် - ၄၅၁။ စက္ကဝါကဇာတ်
အဆင်းလှပသော အကြောင်းနှင့် အဆင်းမလှပသော အကြောင်းကို ကျီးအားပြောဆိုသော စက္ကဝက်ငှက် အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
တပ်ခြင်းလောဘ သိမ်းဆည်းမရ
နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန် ကျောင်း၌ သီတင်းသုံးတော်မူစဉ် ပစ္စည်းလေးပါး၌ လျှပ်ပေါ်
လော်လည်သော ရဟန်း တပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
လောဘသိမ်းမရ ကျီးဘဝ
အတိတ်ဝတ္ထု
လွန်လေ ပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် လောဘကြီးသောကျီးတကောင်သည် ဗာရာဏသီမြို့နား၌ ဆင်သေကောင်ပုပ်စသည်တို့ကို စားသောက်ရသော်လည်း မရောင့်ရဲနိုင်သည်ဖြစ်၍ တောအရပ်သို့ ပျံသွားကာ သစ်သီး ကြီးငယ်တို့ဖြင့် မရောင့်ရဲနိုင် ပြန်သဖြင့် ဂင်္ဂါမြစ်နားသို့ ပျံသွားသောအခါ စက္ကဝက်ငှက်တို့ကို မြင်လျှင် ဤငှက်တို့ကား အလွန်တင့်တယ်ကုန်၏၊ ဤငှက်တို့ အစာကိုစား၍ ဤငှက်တို့ကဲ့သို့ အဆင်းလှအောင် ပြုမည်ဟု ကြံစည်ပြီးလျှင် အနီးသို့ ချဉ်းကပ်၍–
“အို-စက္ကဝက်ငှက်...သင်ကား နှစ်သက်ဘွယ် အဆင်းရှိ၏၊ အလွန်အဆင်းလှ၏၊ တခဲနက်သော ကိုယ်ရှိ၏၊ ဦးသစ်သော ရွှေအဆင်းနှင့် တူ၏၊ ကောင်းသော ကိုယ်သဏ္ဌာန်ရှိ၏၊ ကြည်လင်သော မျက်နှာဣန္ဒြေရှိ၏”။
အို-စက္ကဝက်ငှက်... ဂင်္ဂါမြစ်နား၌ နေသော သင်သည် ငါးဖယ်, ငါးသိုင်း, ငါးပတ်, ငါးရံ့ ငါးကြင်း ဤအစာတို့ကို စားရသလော”-
ဟု စက္ကဝက်ငှက်၏ အစာကို မေးလေ၏၊
စားကောင်းစားလျက် ဆင်းမထွက်
စက္ကဝက်ငှက်သည် ကျီး၏ ပြောသောစကားကို ကြားလျှင်–
“အဆွေကျီး...ငါသည် မှော်သေးမှော်ကြီးတို့ကို ကြဉ်ဖယ်၍ ကုန်းသတ္တဝါတို့အသားနှင့် ရေသတ္တဝါတို့ အသားတို့ကို မစားပါ၊ မှော်သေးမှော်ကြီးသာလျှင် ငါ၏အစာ ဖြစ်ပါ၏”—
ဟု ကျီး၏ စကားပယ်၍ ပြောဆို၏၊ ထိုနောက်မှ ကျီးသည်–
“အို-စက္ကဝက်ငှက်...ငါသည် ရွာ၌ ဆားဆီတို့ဖြင့် ကြော်ချက်အပ်သော အသား၊ လူတို့ ချက်ပြုတ်အပ်သော စင်ကြယ်သော သားပြွမ်း ထမင်းဟူသော အစာကို စားရပါ၏။
သို့ပါလျက်လည်း ငါ့အားသင်၏ အဆင်းကဲ့သို့ အဆင်းမရှိ၊ ထို့ကြောင့် သင်သည်မှော်သေး မှော်ကြီးဖြစ်သော အစာကို စားသည်ဆိုရာ ငါမယုံ ကြည်နိုင်ပါ”—
ဟု ပြောဆို ပြန်၏။
လော်လည် ကျင့်ယုတ် ဆင်းရောင်ပုပ်
ထိုအခါ စက္ကဝက် ငှက်သည် ကျီးပြော သောစကားကို ကြားရသဖြင့်–
“အဆွေကျီး...သင်သည် ရန်နှင့် ယှဉ်သော စိတ်ကို ကိုယ်၌ မြင်နေရသည်ဖြစ်၍ ထိတ်လန့် ကြောက်ရွံ့လျက် စားရ၏၊ လူသတ္တဝါတို့ကို နှိပ်စက် ညှဉ်းဆဲလျက် ထိတ်လန့်ကြောက်ရွံ့လျက် စားရ၏၊ ထို့ကြောင့် သင်၏အဆင်းသည် မလှပါ”။
“အဆွေကျီး...သင်သည် မကောင်းမှုဖြင့် လူအပေါင်းတို့နှင့် ဆန့်ကျင်ခဲ့၏၊ ရအပ်သောအစာကိုလည်း မနှစ်သက်၊ ထို့ကြောင့် သင်၏အဆင်းသည် မလှပါ”။
“အဆွေကျီး...ငါကား အလုံးစုံသော သတ္တဝါတို့ကို မညှဉ်းဆဲမှု၍ ရရသမျှသော မှော်သေး မှော်ကြီးကို စားပါ၏၊ ကြောင့်ကြခြင်း ရွံ့ရှာခြင်း စိုးရိမ်ခြင်းမရှိ ဘေးမရှိသည်ဖြစ်၍ နေရ၏”။
အဆုံးမပေး ကျီးထွက်ပြေး
“အဆွေကျီး... သင်သည် ကောင်းသော အကျိုးကိုပွားတိုးစေတတ်သော လုံ့လဝီရိယကို ပြုပါလော့၊ သီလမရှိသည် အဖြစ်ကို လွန်၍ ကောင်းစွာ ကျင့်ပါလော့၊ သတ္တဝါတို့ကို သနားခြင်း ကရုဏာနှင့် ယှဉ်၍ ကျင့်ပါလော့၊ ငါ့မှာလူတို့ ချစ်အပ်သော အကျင့်ရှိ သကဲ့သို့ သင့်မှာလည်း ရှိပါစေလော့”။
“အဆွေကျီး...သင်သည် သတ္တဝါတို့ကို မသတ်ဖြတ်မညှဉ်းဆဲပါလင့်၊ ဥစ္စာဆုံးရှုံးအောင် မပြုပါလင့်၊ ပြုအောင်လည်း မတိုက်တွန်းပါလင့်၊ ခပ်သိမ်းသော သတ္တဝါတို့၌ မေတ္တာပွားပါ၊ သတ္တဝါတို့ကို မသတ်ဖြတ် မညှဉ်းဆဲသူအား တစုံတယောက်သောသူနှင့် ရန်မည်သည်မရှိ”—
ဟု ကျီးအားတရားဟောလေ၏၊ ကျီးသည် သင်တို့ကား မိမိတို့ စားသော အစာကို ဟုတ်မှန်စွာ မပြောကုန်ဟု ကာကာ မြည်လျက် ပျံသန်းကာ ဗာရာဏသီမြို့ ကျင်ကြီး စွန့်ရာအရပ်၌ သက်ဆင်းလေ၏။
ဤဒေသနာတော်ကို ဆောင်၍ သစ္စာကို ပြသည်၏အဆုံး လျှပ်ပေါ်လော်လည်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်လေ၏။
ဇာတ်ပေါင်း
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန်နှစ်ဘန် သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်–
ရဟန်းတို့...
*ထိုအခါ ကျီးသည်-ယခုအခါ လျှပ်ပေါ်သော ရဟန်း၊
*စက္ကဝက် ငှက်မသည်-ရာဟုလာမယ်တော်၊
*စက္ကဝက် ငှက်မင်းသည်-ငါဘုရားဖြစ်လာပြီ–
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
(၁) ရန်သူမြင်ကာ၊ ကြောက်ထိတ်ကာ၊ စားရာဆင်းမလှ။
(၂) သတ္တဝါလု၊ ညှဉ်းရမူ၊ စားသူဆင်းမလှ။ (၃) ဆန့်ကျင်လုယက်၊ မနှစ်သက်၊ စားလျက်ဆင်းမလှ။
(၄) ကြောက်ထိတ်ဘေးကွာ၊ ရောင့်ရဲကာ၊ စားရာရုပ်ဆင်းလှ။
(၅) သက်သတ်ရှောင်ရှား၊ မေတ္တာပွား၊ စားသူရုပ်ဆင်းလှ။
စက္ကဝါက ဇာတ်ပြီး၏။
***