ဆင်းမလားစီမံကိန်း

(စက္ကူဖြူစာတမ်း မှ ပြန်ညွှန်းထားသည်)

၁၉၄၅ ခုနှစ်၊ မတ်လ ( ၂၇ ) ရက်နေ့တွင် ဖက်ဆစ်တော်လှန်ရေး ဆင်နွဲခဲ့သည်။ ဗြိတိသျှစစ်တပ်များ လည်း မြန်မာပြည်တွင်း ပြန်လည်ဝင်ရောက်လာကြသည်။ ထိုအချိန်မှာ စစ်အတွင်းကာလ ဖြစ်၍ ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့လေသည်။ မြန်မာပြည်ကို အုပ်ချုပ်ရန် ဗြိတိသျှ စစ်သေနာပတိ၏ လက်အောက်၌ မြို့ပြအုပ်ချုပ်ရေးဌာနခွဲ ( Civil Affairs Service ( Burma ) ) တစ်ခုကို ဖွဲ့စည်း၍ အုပ်ချုပ်စေသည်။ ၎င်းကို ကက်စ်ဘီ [ C.A.S ( B )] အုပ်ချုပ်ရေးဟု ခေါ်ကြသည်။ မြန်မာပြည်သူတို့သည် စစ်အုပ်ချုပ်ရေးကို မလိုလားပေ။ ထို့ကြောင့် ၁၉၄၅ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်နေ့တွင် ရန်ကုန်မြို့ ဗဟန်းရပ် နေသူရိန်ပွဲရုံ၌ လူထုစည်းဝေးပွဲကြီးတစ်ရပ် ကျင်းပခဲ့သည်။ တိုင်းရင်းသား လူမျိုးပေါင်းစုံ တက်ရောက်ခဲ့ကြသည်။ ၎င်းနေသူရှိန် အစည်းအဝေးကြီးမှ စစ်အုပ်ချုပ်ရေးကို အမြန်ဆုံး ရပ်စဲပစ်ရန် တစ်ခဲနက်တောင်းဆိုကြသည်။ ၁၉၄၅ ခု၊ အောက်တိုဘာလ ( ၁၅ ) ရက်နေ့တွင် စစ်အုပ်ချုပ်ရေးကို ရပ်စဲပေးခဲ့သည်။

ဆင်းမလား သို့မဟုတ် စက္ကူဖြူ

ပြင်ဆင်ရန်

မြန်မာပြည်၏ စစ်ပြေးဘုရင်ခံ ဆာရက်ဂျီရယ် ဒေါ်မန်စမစ်သည် ၁၉၄၅ ခု၊ ဧပြီလ ( ၁၆ ) ရက်နေ့တွင် ရန်ကုန်သို့ ပြန်ရောက်လာသည်။ သူနှင့်အတူ ဆင်းမလား စီမံကိန်း ဆိုသည်ကိုလည်း ယူဆောင်လာခဲ့သည်။ ဆာဒေါ်မန်စမစ်နှင့် ဗြိတိသျှ စစ်ပြေးအစိုးရသည် အိန္ဒိယအစိုးရ နွေရာသီ ရုံးစိုက်ရာ ဆင်းမလားမြို့တွင် ရှိခဲ့စဉ်က မြန်မာပြည်ကို ပြန်လည်သိမ်းပိုက်မိပါက မည်သို့မည်ပုံ အုပ်ချုပ်မည်ကို စီမံချက်များ ပရိုဂျက်များ ရေးဆွဲခဲ့သည်။ ဆင်းမလားမြို့တွင် ရေးဆွဲခဲ့သော ကြောင့် ဆင်းမလားစီမံကိန်း ဟု အမည်တွင်ခြင်း ဖြစ်လေသည်။

ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် ရန်ကုန်သို့ ပြန်ရောက်ပြီး မကြာမီ အင်္ဂလန် သို့ ထွက်ခွာသွားခဲ့သည်။ ဆင်းမလား စီမံကိန်းကို ဗြိတိသျှအစိုးရထံ တင်ပြ၍ သဘောတူညီချက် တောင်းခံရန် ဖြစ်သည်။ ၎င်းစီမံချက်ကို ဗြိတိသျှ ပါလီမန်က အတည်ပြုပြဋ္ဌာန်းပြီးနောက် ၁၉၄၅ ခု၊ မေလ ( ၁၇ ) ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။ ဗြိတိသျှ ပါလီမန်က စက္ကူဖြူစာတမ်း ( White Paper ) အနေဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သောကြောင့် ဆင်းမလား စီမံကိန်းကို စက္ကူဖြူစာတမ်းဟူ၍လည်း ခေါ်ဆိုကြလေသည်။

ဆင်းမလား စီမံကိန်းတွင် အချက်ပေါင်း ( ၇ ) ချက်ပါဝင်သည်။ စီမံကိန်းအရ စစ်ပြီးကာလ မြန်မာနိုင်ငံတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပြုလုပ်ရန် လိုအပ်သည်ဟု ဆိုကာ ပရိုဂျက်များ ချမှတ်ပြီး မြန်မာနိုင်ငံတွင် ဗြိတိသျှအရင်းရှင်ကြီးများ ပြန်လည် ရင်းနှီးမြှုပ်နှံနိုင်ရန် အစီအစဉ် လုပ်ပေးသည်။ လက်ဝါးကြီးအုပ် အရင်းရှင်များ ပြန်လည်ရှင်သန်အောင် အားပေးသည်။ ရည်ရွယ်ချက်မှာ စီးပွားရေးတွင် ဗြိတိသျှတို့ ထင်သလို ချယ်လှယ်ခေါင်းပုံဖြတ်ခွင့် ရစေရန် စီမံပေးခြင်း ဖြစ်ပေသည်။ ၎င်းစီမံကိန်းတွင် မြန်မာနိုင်ငံအား ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးမည်ဟု ဆိုထားသော်လည်း နှစ်ကာလ အပိုင်းအခြား တိတိကျကျ ဖော်ပြထားခြင်းမရှိချေ။ ထို့ပြင် ကိုယ်ပိုင်အုပ်ချုပ်ရေး မပေးမီ ၁၉၄၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ သုံးနှစ်တိုင်တိုင် ဘုရင်ခံက အာဏာကျင့်သုံး၍ အုပ်ချုပ်မည်ဖြစ်သည်။ ဤပြဋ္ဌာန်းချက်မှာ အသစ်အဆန်း မဟုတ်ချေ။ ‘၁၉၃၅ ခုနှစ်၊ မြန်မာပြည်အစိုးရအက်ဥပဒေ’ ( The Government of Burma Act 1935 ) ၏ ပုဒ်မ ၁၃၉ အရ ဘုရင်ခံအား ‘မိမိကြိုက်နှစ်သက်သလို စီရင်အုပ်ချုပ်ပိုင်ခွင့် အာဏာ’ ( Discretionary ) ပေးအပ်၍ အုပ်ချုပ်စေခြင်းပင် ဖြစ်သည်။ ပုဒ်မ ၁၃၉ သည် ဘုရင်ခံ လက်သုံး ပုဒ်မပင် ဖြစ်ပေသည်။

ဆင်းမလား စီမံကိန်းအရ ဆိုလျှင် ပြည်သူတို့ တောင့်တနေသော လွတ်လပ်ရေး ပန်းတိုင်သို့ နှေးကွေးသော ခြေလှမ်းများဖြင့်သာ တက်လှမ်းနိုင်ကြပေမည်။ အဆင့်ဆင့်တက်လှမ်းကြပြီးမှ ဗြိတိသျှ ဓနသဟာယ အတွင်း၌ ကိုယ်ပိုင်လွတ်လပ်ခွင့် အပြည့်အဝကို မြန်မာပြည်မက ရရှိမည်။ ‘တောင်တန်းသား တိုင်းရင်းသား လူမျိုးများ’ ကိုမူ ဘုရင်ခံ ကိုယ်တိုင်က သီးခြား အုပ်ချုပ်ထားမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆင်းမလား စီမံကိန်း၏ ‘သတ္တမအချက်’ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပေသည်။ ‘မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် နေထိုင်ကြသော မြန်မာလူမျိုးတို့နှင့် ဘာသာစကား၊ ဓလေ့ထုံးစံ၊ နိုင်ငံရေး တိုးတက်မှု အဆင့်အတန်း မတူကြသူတို့ နေထိုင်ရာ ရှမ်းပြည်နယ်မြေများနှင့် လူမျိုးစုတို့ နေထိုင်ရာ တောတောင်ထူထပ်သည့် နိုင်ငံ အစွန်အဖျားဒေသများ ပါဝင်သည့် ခြွင်းချန်နယ်မြေများ’ ( Scheduled Areas ) ကိုမူ ထိုလူမျိုးများက မိမိတို့ နေထိုင်သော ဒေသများကို ပြည်မနှင့် သင့်လျော်သော ပုံစံဖြင့် ပူးပေါင်းလိုကြောင်း မိမိတို့ ဆန္ဒကို ထုတ်ဖော်ခြင်း မပြုသေးမီ အတောအတွင်း ဘုရင်ခံက အထူးစီမံ အုပ်ချုပ်ထားလိမ့်မည်’။


ထိုအချက်၏ ရည်ရွယ်ချက်မှာ မြန်မာပြည်မကို မတတ်သာ၍ လွတ်လပ်ရေး ပေးရစေကာမူ ရှမ်းပြည်နယ်နှင့် တောင်တန်းဒေသများကို ဆက်လက် ကျွန်ပြုချုပ်ကိုင်ထားရန် ဖြစ်သည်။ ထို့ကြောင့် ဆင်းမလား စီမံကိန်းသည် ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ရေး မူဝါဒ အရ ဘာသာစကား၊ ဓလေ့ထုံးစံနှင့် နိုင်ငံရေး နိုးကြွမှု မတူညီသည်ကို အခွင့်ကောင်းယူ၍ ဆက်လက်သွေးစုပ် အမြတ်ထုတ်ရန် ကြံစည်ခဲ့သော ‘ကျွန်သက်ရှည်ရေး စီမံကိန်း’ ပင်ဖြစ်သည်။ ထို့ကြောင့် ဆင်းမလား စီမံကိန်းကို ပြည်သူတစ်ရပ်လုံးက ကန့်ကွက်ကြသည်။ အလုပ်သမားများက ကန့်ကွက်ကြသည်။ တောင်သူလယ်သမားများလည်း မလိုလားကြ။ အမျိုးသားတပ်ဦးဖြစ်သည့် ဖဆပလ အဖွဲ့ကြီးကလည်း ဆန့်ကျင်သည်။


၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ( ၁၇ ) ရက်နေ့တွင် ဖဆပလအဖွဲ့ကြီး၏ ပြည်လုံးကျွတ်ညီလာခံကြီးကို ရွှေတိဂုံအလယ်ပစ္စယံတွင် ကျင်းပခဲ့သည်။ လူထု တစ်သိန်းကျော် တက်ရောက်ခဲ့သည်။ ထိုညီလာခံကြီးမှ စက္ကူဖြူစာတမ်း ခေါ် ဆင်းမလား စီမံကိန်းကို ကန့်ကွက်ကြောင်း တစ်ခဲနက် အဆိုတင်သွင်းခဲ့သည်။ ထို့နောက် များမကြာမီ မြန်မာပြည်တစ်ဝှမ်းလုံး စက္ကူဖြူစာတမ်း ကန့်ကွက်ရေးနှင့် နယ်ချဲ့ဆန့်ကျင်ရေး အတွက် သပိတ်တိုက်ပွဲများ ဆင်နွဲကြသည်။ ၁၉၄၆ ခု၊ စက်တင်ဘာလ ( ၅ ) ရက်နေ့တွင် အစပြုခဲ့သော ပုလိပ်အမှုထမ်း သပိတ်ကြီးမှ စ၍ တစ်နိုင်ငံလုံးတွင် အမှုထမ်း ပေါင်းစုံ သပိတ်မှောက်ခဲ့ကြလေသည်။ စက္ကူဖြူစာတမ်း မီးရှို့ပွဲတစ်ရပ်ကိုလည်း စက်တင်ဘာလ ( ၂၁ ) ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။


အမှုထမ်းပေါင်းစုံတို့၏ အထွေထွေ သပိတ်ကြီး၏ ဒီရေသည်။ ဗြိတိသျှ တို့၏ ဗြူရိုကရေစီ အုပ်ချုပ်ရေး စက်ယန္တရားကို ပြင်းထန်စွာ ရိုက်ခတ်ခဲ့သည်။ ဗြိတိသျှ တို့ အုပ်ချုပ်ရေး၌ ကြီးမားသော အကျပ်အတည်းနှင့် တွေ့တော့သည်။ ဆင်းမလား စီမံကိန်းကို ဖော်ထုတ်ခဲ့သော ဆာဒေါ်မန်စမစ်သည် ၁၉၄၆ ခု၊ ဇွန်လ ( ၁၄ ) ရက်နေ့တွင် ရန်ကုန်မှ သင်္ဘောဖြင့် ပြည်တော်ပြန်ရတော့သည်။ သူ၏ ဘုရင်ခံသစ် အဖြစ် ဆာဟူးဘတ်ရန့်စ်ကို ခန့်အပ်ရလေသည်။ မြန်မာနိုင်ငံကို ဆက်လက်အုပ်ချုပ်ရန်မှာ မြန်မာ တစ်မျိုးသားလုံး၏ ထောက်ခံမှုကို ရရှိနေသော ဗိုလ်ချုပ်အောင်ဆန်း၏ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ မဖြစ်ကြောင်း ဗြိတိသျှ အစိုးရ ရိပ်စားမိလာသည်။ ထို့ကြောင့် စက္ကူဖြူစာတမ်းအစား မူဝါဒ အသစ်တစ်ခုဖြင့် အစားထိုးရန် စီစဉ်ကြတော့သည်။ သို့ဖြင့် ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ်သည် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလ အဖွဲ့ကြီးအား အစိုးရအဖွဲ့သစ် ဖွဲ့စည်းရန် ပြန်လည် အုပ်စိုးသည့် ကာလ အုပ်ချုပ်ရေးတွင် အရေးပါခဲ့သော ဆင်းမလား စီမံကိန်းသည် မြန်မာပြည်သူတို့၏ စွမ်းအားကို မကျော်လွှားနိုင်ဘဲ ပျက်ပြားသွားခဲ့ရပေသည်။