စစ်အေးတိုက်ပွဲ

၁၉၄၇–၁၉၉၁ ခုနှစ်အတွင်း အရှေ့အုပ်စုနှင့် အနောက်အုပ်စုအကြားဖြစ်ပွားသော ပထဝီဝင်နိုင်ငံရေးတ

စစ်အေးတိုက်ပွဲ ဆိုသည်မှာ ၁၉၄၀ ခုနှစ်များ၏ အလယ်ပိုင်းမှ စတင်၍ ၁၉၉၀ ခုနှစ်များအထိ အမေရိကန်ပြည်ထောင်စု နှင့် ဆိုဗီယက်ပြည်ထောင်စု နိုင်ငံကြီး ၂ နိုင်ငံနှင့် သူတို့နှင့် အသီးသီး ပတ်သက်နေကြသော မဟာမိတ်နိုင်ငံများကြားတွင် ပေါ်ပေါက်ခဲ့သော ပဋိပက္ခ၊ တင်းမာမှုနှင့် ယှဉ်ပြိုင်မှုတို့ ဆက်တိုက်ဖြစ်ပေါ်ခဲ့သော အခြေအနေကို ခေါ်ဆိုခြင်း ဖြစ်သည်။ ထိုအချိန်ကာလများတွင် ထိုမဟာအင်အားကြီးနိုင်ငံ ၂ နိုင်ငံတို့ကြားတွင်ရှိသော ယှဉ်ပြိုင်မှုများကို စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု၊ ဝါဒဖြန့်ချိမှု၊ သူလျှိုထောက်လှမ်းမှု၊ လက်နက် အသစ်အဆန်း ထုတ်လုပ်မှု၊ ကုန်ထုတ်လုပ်ငန်း တိုးမြှင့်မှု၊ အာကာသပြိုင်ပွဲကဲ့သို့ အာကာသနည်းပညာယှဉ်ပြိုင်မှု အပါအဝင် အပြိုင်အဆိုင်ဖြစ်သော နည်းပညာတိုးတက်မှုများဖြင့် ပြသခဲ့သည်။ မဟာအင်အားကြီး နိုင်ငံနှစ်နိုင်ငံလုံးကပင် အကုန်အကျအလွန်များသော ကာကွယ်ရေး အသုံးစရိတ်များကို သုံးစွဲခဲ့ပြီး သမားရိုးကျနှင့် နျူးကလီးယား လက်နက်များ ယှဉ်ပြိုင်ထုတ်လုပ်မှုများ အပါအဝင် အခြားနိုင်ငံများ၏ နောက်ကွယ်မှတဆင့် တိုက်ခိုက်ခြင်းများလည်း ပါဝင်သည်။

အမေရိကန်ပြည်ထောင်စု နှင့် ဆိုဗီယက်ယူနီယံတို့သည် စစ်အေးတိုက်ပွဲအတွင်းတွင် မိမိတို့ ဩဇာလွှမ်းမိုးသော အုပ်စု အသီးသီးကို ဦးဆောင်သော မဟာအင်အားကြီး နိုင်ငံ ၂ခု ဖြစ်ခဲ့ကြသည်။ ပုံမှာ တစ်ဖက်စီမှ ခေါင်းဆောင်တစ်ဦးစီ ဖြစ်ကြသော ရော်နယ် ရေဂင်နှင့် မစ်ဟေး ဂေါ်ဗာချော့ဗ် တို့ ၁၉၈၅က တွေ့ဆုံခဲ့သော ပုံ ဖြစ်သည်။
စစ်အေးတိုက်ပွဲ၏ အကျဉ်းချုပ်

ဆိုဗီယက်ယူနီယံ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ပြင်သစ်တို့သည် ဒုတိယကမ္ဘာစစ်၏ နောက်ဆုံး ၄ နှစ်အတွင်း ဝင်ရိုးတန်း အင်အားကြီးနိုင်ငံများ ကို ဆန့်ကျင်သော မဟာမိတ်များအဖြစ် ရှိခဲ့ကြသော်လည်း ထိုပဋိပက္ခများ မပြီးဆုံးမီ အချိန်နှင့် ပြီးဆုံးပြီးအချိန်တို့တွင် ထိုနိုင်ငံများကြားတွင် သဘောမတူညီမှု အမြောက်အမြားရှိခဲ့ပြီး စစ်အပြီးတွင် တည်ရှိမည့် ကမ္ဘာကြီး၏ ပုံသဏ္ဌန်နှင့်ပတ်သက်သော သဘောမတူညီမှုမှာ အဆိုးရွားဆုံး ဖြစ်သည်။ စစ်ပြီးဆုံး သွားသောအခါတွင် ဥရောပ၏ အစိတ်အပိုင်း အတော်များများကို ထို ၄နိုင်ငံမှ ဩဇာလွှမ်းမိုးခဲ့ပြီး အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက်ယူနီယံတို့တွင် အင်အား အကောင်းဆုံးသော စစ်အင်အား ရှိခဲ့ကြသည်။ ၁၉၉၀ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခြင်းဖြင့် စစ်​အေးတိုက်ပွဲ ပြီးဆုံးသည်။