စတီဖင် ဂရိုဗာ ကလိဗ်လန်း
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(၂၁ ဒီဇင်ဘာ ၂၀၁၈) |
အမေရိကန်သမိုင်းတွင် သမ္မတနှစ်ကြိမ်ဖြစ်သူဆိုလျှင် ကလိဗ်လန်း တစ်ဦးသာရှိမည်ဖြစ်သည်။ ပထမလေးနှစ်ထမ်းဆောင်ပြီး တစ်ယောက်ခြားတွင် သမ္မတထပ်ဖြစ်သူဖြစ်သည်။ ဒုတိယအကြိမ်မြောက်တွင် တိုင်းပြည်မှာ စီးပွားပျက်ကပ်ကြီးနှင့် ကြုံတွေ့နေချိန်ဖြစ်သဖြင့် ကံဆိုးသည်ဟု ဆိုရမည်ဖြစ်သည်။
စတီဖင် ဂရိုဗာ ကလိဗ်လန်း Stephen Grover Cleveland ၁၈၃၇- ၁၉၀၈ | |
မွေးနေ့ | ၁၈၊ မတ်၊ ၁၈၃၇ |
မွေးရပ် | ကလက်ဒ်ဝဲလ်၊ နယူးဂျာစီပြည်နယ်၊ အမေရိကန်။ |
ကွယ်လွန်နေ့ | ၂၄၊ ဇွန်၊ ၁၉၀၈ |
ကွယ်လွန်ရပ် | ပရင်စန်၊ နယူးဂျာစီပြည်နယ်။ |
အခြားအမည် | |
လူသိများရခြင်း | အမေရိကန်ပြည်ထောင်စု၏ ၂၂ ဦးနှင့် ၂၄ ဦးမြောက်သမ္မတ (တစ်ကြိမ်ခြား၍ သမ္မတနှစ်ကြိမ်ဖြစ်သူ) |
အလုပ်အကိုင် | အမေရိကန်သမ္မတ |
ရာထူးသက်တမ်းကာလ | ၁၉၊ စက်တင်ဘာ၊ ၁၈၈၁-၄၊ မတ်၊ ၁၈၈၅ |
ဒုတိယ သမ္မတ | သောမတ်စ် ဟင်းဒရစ် (၁၈၈၅-၁၈၈၉၊ ပထမအကြိမ်) အက်ဒ်လိုင်း စတီဗင်ဆင် (၁၈၉၃-၁၈၉၇၊ ဒုတိယအကြိမ်) |
လွှဲအပ်သူ | ချက်စတာ အလန် အာသာ (ပထမအကြိမ်) ဘင်ဂျမင် ဟယ်ရီဆန်(ဒုတိယအကြိမ်) |
ဆက်ခံသူ | ဘင်ဂျမင် ဟယ်ရီဆန် (ပထမအကြိမ်) ဝီလျံ မက်ကင်လီ (ဒုတိယအကြိမ်) |
နိုင်ငံသား | အမေရိကန် နိုင်ငံ |
ခပ်မိုက်မိုက် အုပ်ချုပ်ရေး
ပြင်ဆင်ရန်နယူးယောက်ပြည်နယ်မှ ဘတ်ဖလိုးမြို့ငယ်လေးတွင် ကလိဗ်လန်း အခြေစိုက်ပြီးရှေ့နေလိုက်သည်။ စရိုက်ကြမ်းတမ်းသည့် မြို့လေးဖြစ်သည့်အတွက် အမှုအခင်းလည်းပေါသည်။ ထိုအခြေအနေကြောင့် ကလိဗ်လန်းလည်း စိတ်ကြမ်းကိုယ်ကြမ်းသမားတစ်ဦးဖြစ်လာသည်။ လူပျိုလူလွတ်သဘာဝ ဟိုတယ်လ်၊ စားသောက်ဆိုင်များတွင် လှည့်လည်စားသောက် ဇိမ်ခံရင်းက ပေါင်သုံးရာကျော်သည့် ခန္ဓာကိုယ်ဖြစ်လာသည်။ အီရီခရိုင်တွင် အုပ်ချုပ်ရေးမှူးအဖြစ် ထမ်းဆောင်စဉ် အကျဉ်းသားတစ်ဦးလွတ်မြောက်ရေးကို ကြိုးပမ်းဆောင်ရွက် ပေးခဲ့သော်လည်း ဂျူရီလူကြီးများက လက်မခံသဖြင့် သေဒဏ်ကျသည်။ ထိုကဲ့သို့သော ပြစ်ဒဏ်ပေးခြင်းကို အုပ်ချုပ်ရေးမှူးအနေဖြင့် လုပ်ရန်မလိုပေ။ ကလိဗ်လန်းက ထိုအစဉ်အလာကို ဖောက်ဖျက်ပြီး သူမကာကွယ်နိုင်ခဲ့သည့် တရားခံကို ကိုယ်တိုင် ဒေါက်ဖြုတ်စီရင်ခဲ့သည်။
မြို့တော်ဝန်
ပြင်ဆင်ရန်၁၈၈၂တွင် ဘတ်ဖလိုးမြို့တော်ဝန်ဖြစ်လာသည်။ အချိန်ပိုဆင်းကာ အလုပ်ကိုကြိုးကြိုးစားစားလုပ်ပြီး ဘဏ္ဍာရေးနှင့်ပက်သက်လာလျှင် ခပ်ကြမ်းကြမ်းကိုင်တွယ်လေ့ရှိသဖြင့် ဗီတိုမြို့တော်ဝန် (Mayor Veto) ဟုပင် ခေါ်ကြသည်။ နောက်တစ်နှစ်ကျော်အကြာတွင် နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor) အဖြစ်အရွေးခံရသည်။ ထိုအထိလည်း အချိန်ပိုဆင်းမြဲ၊ ဗီတိုတွေသုံးမြဲပင်။ ကိုယ်တိုင်က ဒီမိုကရက်တစ်ပါတီဝင်ဖြစ်သော်လည်း ရီပါပလီကန်ပါတီမှ လူငယ်လေး သီအိုဒို ရုစဗဲ့နှင့် အတူလက်တွဲအလုပ်လုပ်ခဲ့သည်။ နှစ်ဦးသား လက်တွဲ၍ ပြည်သူ့ဝန်ထမ်းဆိုင်ရာပြုပြင်ရေးများကို ဆော်ဩသည်။
ထိုသို့ဖြင့် လူကြိုက်များလာကာ ၁၈၈၄တွင် ဒီမိုကရက်တီပါတီသမ္မတလောင်းအဖြစ် ရောက်လာသည်။ အခွန်အတုပ်လျော့ချရေး၊ ဝန်ထမ်းပြုပြင်ပြောင်းလဲရေး၊ လုပ်သားထုအခွင့်အရေး၊ ငွေဒင်္ဂါးသွန်းလုပ်မှု လျော့ချရေးစသဖြင့် ကြွေးကြော်စည်းရုံးသည်။ ထိုအခြေအနေတွင် ဒီမိုကရက်တို့နှင့် အတိုက်အခံပြုသည့် သတင်းစာတစ်စောင်မှ ကလိဗ်လန်းခြေရှုပ်ထားသည့် ကိစ္စတစ်ခုကို ဖွင့်ချခဲ့သည်။
ဘတ်ဖလိုးတွင်နေထိုင်စဉ်က ကလိဗ်လန်းသည် မာရီယာအမည်ရှိအမျိုးသမီးတစ်ဦးနှင့် ရင်းနှီးဖူးသည်။ ၁၈၇၄တွင် မာရီယာမှ အဖေမပေါ်သည့်သားတစ်ဦးမွေးရာ ဆေးရုံမှတ်တမ်းဖြည့်စွပ်ရာ ဖခင်အမည်နေရာတွင် ကလိဗ်လန်းဟု ပါရှိသည်။ ထိုကလေးနှင့်ပက်သက်၍ စရိတ်ပေးရန်လည်း ကလိဗ်လန်းက သဘောတူသည်။ အချို့ကလည်း မာရီယာပွေရှုပ်သည့် လှည်းကျိုးကို တစ်ဦးတည်းသောလူလွတ် ကလိဗ်လန်း ခံရသည်ဟုလည်း ဆိုကြသည်။ ကလေးမီးဖွားပြီးမကြာမီ မာရီယာအရက်စွဲကာ စိတ်ကယောင်ချောက်ချား ဖြစ်လာသည်။ ကလိဗ်လန်းနှင့် ခင်မင်သည့် တရားသူကြီးတစ်ဦးက မာရီယာအား စိတ်ကျန်းမာရေးဆေးရုံ၊ ကလေးအား မိဘမဲ့ဂေဟာ များသို့ အသီးသီးပို့စေရန် အမိန့်ချလိုက်သည်။ မာရီယာဆေးရုံမှ ဆင်းလာလျှင် အခြားမြို့တွင် သီးခြားနေရန် ကလိဗ်လန်းက ထောက်ပံ့ပေးမည်ဆိုသော်လည်း မာရီယာက လက်မခံဘဲ ကလေးအုပ်ထိန်းခွင့်ကိုသာ တောင်းဆိုသဖြင့် တရားသူကြီးက ကလေးကို လုံးဝစွန့်လွှတ်ရမည်ဟု အမိန့်ချသည်။ ထိုအမိန့်အရ ကလေးငယ်မှာ ကြေးရတတ်မိသားစု တစ်ခုမှ မွေးစားခြင်း ခံရပြီး ကလိဗ်လန်းလည်း ကလေးစရိတ်ထောက်ပံ့ပေးနေရခြင်းမှ လွတ်သည်။ အဖြစ်အပျက်မှာ ထိုမျှသာဖြစ်သော်လည်း ရွေးကောက်ပွဲကာလတွင် သတင်းစာများ၏ ဖန်တီးမှုကြောင့် လူရှုပ်တစ်ဦးဟူ၍လည်းကောင်း၊ ဘတ်ဖလိုးရှိဆောင်ကြာမြိုင် ပိုင်ရှင်ဟုလည်းကောင်း စွပ်စွဲရေးသားပြောဆိုလာကြသည်။ အခြားကိစ္စများတွင် ကလိဗ်လန်း ငြင်းသော်လည်း မာရီယာနှင့် ကလေးကိစ္စတွင် ငြင်းဆိုခြင်း၊ ဝန်ခံခြင်းမရှိပေ။
သမ္မတ(ပထမအကြိမ်)
ပြင်ဆင်ရန်သို့ဖြင့် ကလိဗ်လန်းတစ်ယောက် ရွေးကောက်ပွဲကာလ စွပ်စွဲမှုများကို ကျော်လွှားကာ သမ္မတဖြစ်လာသည်။ သမ္မတဖြစ်လာသည့်အချိန်တွင်လည်း အချိန်ပိုဆင်းသည်၊ အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားသည်။ ကတိအတိုင်း အစိုးရဝန်ထမ်းများနှင့် ပက်သက်၍ ပြုပြင်ရေးကို စတင်သည်။ လုပ်သားများအခွင့်အရေးအတွက် အလုပ်ရှင်များနှင့် ညှိနှိုင်းပေးသည်။ လိုအပ်လျှင် ဗဟိုခုံရုံးဖွဲ့ပေးရန်ပါ စီစဉ်ပေးမည်ဟု ကမ်းလှမ်းသည်။ တက္ကဆပ်ပြည်နယ် မိုးခေါင်မှုကြောင့် ဗဟိုအစိုးရအနေဖြင့် ထောက်ပံ့ပေးရန် လွှတ်တော်က အဆိုပြုလာရာ ပယ်ချခဲ့သည်။
ပထမအကြိမ်တွင် ထိုသို့သော ပြုပြင်ပြောင်းလဲမှုများကို လုပ်ခဲ့သော်လည်း ပြည်သူတို့က ရွေးကောက်ပွဲတွင် ရီပါပလီကန်မှ ပြိုင်ဖက်သမ္မတလောင်း ဟယ်ရီဆန်ကို ပိုသဘောကျကြသဖြင့် ကလိဗ်လန်း နောက်ကောက်ကျသွားသည်။
သမ္မတ(ဒုတိယအကြိမ်)
ပြင်ဆင်ရန်၁၈၉၂တွင် ကလိဗ်လန်းတစ်ယောက် ဟယ်ရီဆန်ကို တစ်ကျော့ပြန်အနိုင်ရသဖြင့် သမ္မတပြန်ဖြစ်သည်။ ရာထူးရယူပြီးမှ မကြာမီတွင် ပြဿနာတစ်ရပ်ပေါ်သည်။ အမေရိကန်ဒေါ်လာမှာ ရွှေဖြင့် ကျောထောက်နောက်ခံပေးထားသဖြင့် ငွေမာဖြစ်သည်။ ဤသို့ ရွှေဖြင့်ကျောထောက်နောက်ခံပေးထားခြင်းကို ပယ်ဖျက်တော့မည်ဟု ကောလာဟလများ ပေါ်ထွက်လာသဖြင့် ဈေးကွက်အတွင်း မတည်မငြိမ်ဖြစ်လာသည်။ ငွေမာမဟုတ်တော့လျှင် အမေရိကန်ဒေါ်လာအနေဖြင့် မှောင်ခိုဈေးနှုန်းပေါ်လာပြီး အစိုးရသတ်မှတ်ဈေးနှင့် မှောင်ခိုဈေးနှစ်ခု ပဋိပက္ခကြောင့် သွင်းကုန်ဈေးကြီးပြီး ငွေဈေးကျသည်ထက် ကျဆင်းသွားနိုင်သည်။ လူများဆင်းရဲလာပြီး စီးပွားရေးစနစ်များ ပျက်ယွင်းသွားနိုင်သည်။ လူထုကလည်း ထိုသို့ စီးပွားပျက်ရမည်ကို ကြောက်ရွံ့နေကြသည်။ အစိုးရအနေဖြင့် မဖြစ်နိုင်မှန်းသိသဖြင့် ငြင်းဆန်သော်လည်း ငြင်းဆိုပုံမှာ ထိထိရောက်ရောက်မရှိလှသဖြင့် ပြည်သူတို့၏ သံသယမှာ ပိုမိုကြီးထွားလာသည်။ သို့ဖြင့် စိတ်ချောက်ချားကာ ထင်ရာစိုင်းကြပြီး ငွေကြေးထိပ်လန့်မှုကြီးကြောင့် အမှန်တကယ်ပင် စီးပွားပျက်ကပ်ကြီးနှင့် ရင်ဆိုင်ရတော့သည်။
ဒီမိုကရက်တစ်ပါတီလည်း ငွေကြေးမူဝါဒကို အကြောင်းပြုပြီး နှစ်ခြမ်းကွဲသည်။ ကလိဗ်လန်းအနေဖြင့် ရွှေဖြင့်ကျောထောက်နောက်ခံပေးထားသည့် ငွေမာကို ယုံကြည်သော်လည်း သူ့အဆိုကို ထောက်ခံမည့် လွှတ်တော်အမတ်မှာ တစ်ဖြည်းဖြည်းနည်းပါးလာသည်။
၁၈၉၂ခုနှစ် သမ္မတဟယ်ရီဆန်လက်ထက်တွင် ဖြစ်ပွားခဲ့သော ဟုမ်းစတက်သပိတ်တွင် အစိုးရမှ ပြင်ပြင်းထန်ထန်နှိမ်နှင်းခဲ့သည်ကို မဲဆွယ်နေသည့် ကလိဗ်လန်းက ရှုံ့ချဝေဖန်ခဲ့သည်။ ဒီမိုကရက်တစ်လူ့ဘောင်အနေဖြင့် လူလူချင်းတန်ဖိုးထားသည်ဖြစ်၍ ထိုကဲ့သို့ ရက်စက်သည့် နှိမ်နှင်းမှုမျိုးမှာ အာဏာရှင်လုပ်ရပ်ဟု ဆိုခဲ့သည်။ ယခု ကလိဗ်လန်း အာဏာရချိန်တွင် ကောက်စီတပ် (Coxey's Army) ဟုအမည်ရသော ဆင်းရဲသားတပ်တစ်ဖွဲ့ပေါ်ထွက်လာပြီး ဝါရှင်တန်မြို့တော်ထိချီတက်လာပြီး ငွေစက္ကူများ တိုးတက်ရိုက်နှိပ်ဖြန့်ချိပေးရန်၊ အလုပ်အကိုင် အခွင့်လမ်းများ ရှာဖွေဖော်ထုတ်ပေးရန် စသည်တို့ကို တောင်းဆိုလာရာ ထိုတပ်ဖွဲ့ကို နှိမ်နှင်းရန်အတွက် အခက်တွေ့နေရသည်။ ထိုတပ်ဖွဲ့မှာ အင်အား ငါးထောင်ခန့်သာရှိသည်။
သမ္မတ၏ တာဝန်ပေးချက်အရ နိုင်ငံတော်ရှေ့နေချုပ်က အထူးထောက်လှမ်းရေးအဖွဲ့များကို အသုံးပြု၍ ဆန္ဒပြတပ်များကို ဥပဒေဘောင်တွင်းမှ တက်နိုင်သမျှသာ ဖမ်းဆီးခွင့်ရသည်။ ဖမ်းဆီးရသည်မှာလည်း ဥပဒေအသေးအမွှားများသာဖြစ်သဖြင့် မထိရောက်၊ နှိမ်နှင်းနိုင်ခြင်းမရှိခဲ့ပေ။ သို့ဖြင့် ဆန္ဒပြတပ်များကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်းမရှိသဖြင့် အဓိကရုဏ်း အသွင်ဆောင်လာသည်။ အကျိုးဆက်အနေဖြင့် ရှီကာဂိုမြို့တွင် မီးရထားလုပ်ငန်းနှင့် စာပို့လုပ်ငန်းများ ရပ်ဆိုင်းကုန်သည်။ ထိုအခါ အခြေအနေအရ သမ္မတကလိဗ်လန်းက ရှီကာဂိုတွင် စစ်အုပ်ချုပ်ရေး ဥပဒေ (မာရှယ်လော) ပြဋ္ဌာန်းကြေညာလိုက်သည်။ အခြေခံ ဥပဒေများအရ ထိုသို့လုပ်ဆောင်ရန်အတွက် သက်ဆိုင်ရာ ပြည်နယ်အာဏာပိုင်များနှင့် ဆွေးနွေးညှိနှိုင်းပြီးမှသာ ဆောင်ရွက်နိုင်သဖြင့် ကလိဗ်လန်းအတွက် အမှားတစ်ကွက်ဖြစ်ရပြန်သည်။
သမ္မတကလိဗ်လင်းသည် ရိုးသားပွင့်လင်းသူတစ်ယောက်ဟုလည်း ကျော်ကြားသည်။ လူထုကလည်း ထိုရိုးသားမှုမျိုးကို သဘောကျသဖြင့် သမ္မတနှစ်ကြိမ်ဖြစ်ခဲ့သော်လည်း စီးပွားပျက်ကပ်ကြောင့် လည်းကောင်း၊ ကိုင်တွယ်ပုံအမှားများကြောင့် လည်းကောင်း နာမည်ဂုဏ်သတင်းမကောင်းလှတော့သည့် ကလိဗ်လန်းနှင့် ဒီမိုကရက်တစ်ပါတီတို့သည် ၁၈၉၄ခုနှစ်တွင် ကျင်းပသည့် ကြားကာလ လွှတ်တော်ရွေးကောက်ပွဲတွင် အသစ်ပေါ်ထွက်လာသည့် ပြိုင်ဖက် ပေါ်ပြူလစ်ပါတီ (Populist) ကို မရှုမလှရှုံးနှိမ့်တော့သည်။ နောက်နှစ်နှစ်အကြာ သမ္မတရွေးကောက်ပွဲတွင် ရီပါပလီကန်ပါတီမှ သမ္မတလောင်း ဝီလျံ မက်ကင်လီ ကိုထပ်မံရှုံးနှိမ့်ပြီး နိုင်ငံရေးလောကမှ ထွက်ရသည်။ သူ့လက်ထက်တွင် အစပြုသည့် စီးပွားပျက်ကပ်သည် သူ၏လူငယ်မိတ်ဆွေလေးဖြစ်သော ၂၆ဦးမြောက် အမေရိကန်သမ္မတ သီအိုဒို ရုစဗဲ့ လက်ထက်ရောက်တော့မှသာ ပြန်လည် ရုန်းထွက်နိုင်တော့သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ အိမ်ဖြူတော်ကို တန်းစီခြင်း- ကြည်မင်း