ပန်းချီဆရာကြီး ဦးစန်းလှိုင်ကို မြန်မာနိုင်ငံဧရာဝတီတိုင်းဒေသကြီးဖျာပုံမြို့၊ မကျည်းတန်းရပ်၊ ရှိမ်းမကားလမ်း၌ အဖဦးခန့်၊ အမိဒေါ်တင့်တို့မှ ၁၉၂၃−ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၄−ရက်တွင် မွေးဖွားသည်။ မွေးချင်း ရှစ်ယောက်အနက် ပဉ္စမမြောက် ဖြစ်သည်။

အနော်ရထာ ပန်းချီပြခန်းမှာ ထားရှိတဲ့ ပန်းချီဆရာကြီး ဦးစန်းလှိုင်၏ ဆီလီကွန် ပုံတူ ရုပ်ထု

ငယ်စဉ်က ဖျာပုံမြို့ ဦးဖိုးသစ်ကျောင်းတွင် ပညာသင်ယူခဲ့ပြီး အင်္ဂလိပ်မြန်မာ ၇-တန်းအောင်မြင်သည်။ ဦးစန်းလှိုင်သည် ငယ်စဉ်ကပင် ပန်းချီအနုပညာ၌ စိတ်ဝင်စားသူဖြစ်ရာ အရွယ်ရောက်သောအခါ ပန်းချီဆရာမှတ် ဆရာဦးသိန်းညွန့်တို့ထံတွင် တပည့်ခံ သင်ယူခဲ့ပြီး ထိုဆရာကြီးတို့ထံမှ ဆီဆေး၊ ရေဆေး နှစ်မျိုးစလုံး ကျွမ်းကျင်ပိုင်နိုင်စွာ ရေးဆွဲနိုင်သော ပညာအမွေ ရရှိခဲ့သည်။ ထို့နောက် ရန်ကုန်မြို့တွင် ပန်းချီဆရာကြီး ဦးငွေကိုင်နှင့် ဦးလှမောင်ကြီးတို့ထံ၌ ပန်းချီပညာကို ဆက်လက်ဆည်းပူးခဲ့သည်။

၁၉၃၈-ခုနှစ်၊ အသက်(၁၄)နှစ်အရွယ်တွင် ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီမှ ဦးဘထွန်း၊ အေဝမ်းရုပ်ရှင်မှ ဒါရိုက်တာ ဦးအောင်ဇံတို့နှင့် ဆက်သွယ်ပြီး ရုပ်ရှင်ပိုစတာ၊ ကြော်ငြာပန်းချီများကို ပန်းချီဆရာကြီး ဦးခင်အုန်းထံတွင် ဆက်လက်သင်ကြားခဲ့သည်။ ဦးစန်းလှိုင်သည် အသက်၁၃-နှစ်၊ ၁၄-နှစ် အရွယ်မှစ၍ ပန်းချီပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့သူဖြစ်သည့်အလျောက် အသက် ၉၀ ကျော်အရွယ်အထိ ပန်းချီစန်းလှိုင်ဟူ၍ ထင်ရှားကျော်ကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်ကာလတွင် ဗမာ့ကာကွယ်ရေး တပ်မတော် (BDA) ၌ ဝင်ရောက်အမှုထမ်းခဲ့သည်။ ထို့နောက် ၁၉၄၃-ခုနှစ်တွင် ရန်ကုန်စစ်ဝန်ကြီးရုံး၊ ကင်းတပ်ဖွဲ့၌ အမှုထမ်းရသည်။[] ထိုမှတစ်ဆင့် မင်္ဂလာဒုံလေ့ကျင့်ရေးတပ်ရင်း(၁)သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။ ဖက်စစ်ဂျပန်တော်လှန်ရေးကာလတွင် ပြောက်ကျားတပ်ရင်း (၁၀၀၁)၌ ပါဝင်ခဲ့ကာ (၁၀၆)တပ်ရင်းမှ ပါဝင်တိုက်ခိုက်ခဲ့သည်။ ၁၉၄၅-ခုနှစ်၊ မေလ(၁)ရက်တွင် ရန်ကုန်မြို့သိမ်းတိုက်ပွဲနှင့် စစ်တောင်းမြစ်ဝှမ်း တိုက်ပွဲများ၌လည်း ပါဝင်တိုက်ခိုက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ဇာတိဖျာပုံမြို့သို့ ပြန်လည်ရောက်ရှိကာ ပန်းချီရေးဆွဲခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသည်။ ၁၉၄၆-ခုနှစ်၊ ဖေဖော်ဝါရီလတွင် တပ်မတော်သို့ ပြန်လည်ဝင်ရောက်၍ တစ်နှစ်နီးပါး အမှုထမ်းသည်။ ထို့နောက် တပ်မှနုတ်ထွက်ကာ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသည့် ပြည့်သူ့ရဲဘော်ဌာနချုပ်နှင့် ဆက်သွယ်၍ ဖျာပုံခရိုင် ပြည်သူ့ရဲဘော်အဖွဲ့၌ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်သည်။ ၁၉၄၇-ခုနှစ်တွင် ဒေါ်တင်အောင်နှင့် လက်ထပ်ခဲ့ပြီး သောင်းကျန်းသူနှိမ်နင်းရေး(၂)မှ တပ်ရင်းမှူး ဗိုလ်မင်းခေါင်ခေါ်ယူသဖြင့် တပ်ကြပ်ရာထူးဖြင့် တစ်နှစ်ကြာတာဝန်ထမ်းဆောင်သည်။ ထို့နောက် တပ်မှ အပြီးအပိုင် နုတ်ထွက်ကာ ရန်ကုန်မြို့ ၂၇-လမ်းတွင် စန်းလှိုင်ပန်းချီအမည်ဖြင့် အချိန်ပြည့် ပန်းချီရေးဆွဲ အသက်မွေးဝမ်းကျောင်းခဲ့သည်။ ၁၉၅၆-ခုနှစ်တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ပန်းချီပြပွဲ ကျင်းပခဲ့သည်။ ၁၉၅၈-၅၉ခုနှစ်တွင် ဗမာပြည် ပန်းချီသမဂ္ဂ၌ အမှုဆောင်အဖြစ်၎င်း၊ ပန်းချီပန်းပုကောင်စီ စည်းရုံးရေးမှူးအဖြစ်လည်း၎င်း ဆောင်ရွက်ခဲ့သည်။

၁၉၆၄-ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ပညာရေးဌာန (ပါတီစာနယ်ဇင်းဌာနကြီး) လမ်းစဉ်သတင်းဌာနခွဲတွင် ပန်းချီ(ပထမတန်း) အဆင့်ဖြင့် တာဝန်ထမ်းဆောင်သည်။ နိုင်ငံကိုယ်စားပြု တံဆိပ်များ၊ လွတ်လပ်ရေးနှင့် ဆိုင်သော တံဆိပ်များ၊ အလုပ်သမားနှင့် လယ်သမား တံဆိပ်များ၊ လူငယ်ရေးရာ တံဆိပ်များကို ရေးဆွဲပုံဖော်ပေးခဲ့ပြီး အထင်ရှားဆုံးအဖြစ် နိုင်ငံတော်အလံပုံစံကို ဒီဇိုင်းဖော်ရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။[] မြန်မာ့ပန်းချီလောကတွင် ၎င်းကို သံမဏိဂန္ထဝင် ပန်းချီဆရာဟု ခေါ်လေ့ရှိပြီး အနုပန်းချီ၊ စီးပွားရေးပန်းချီများကို ပိုင်နိုင်စွာ ရေးဆွဲနိုင်သူ ဖြစ်ရုံမက ဇာတ်နိပါတ်ပန်းချီ၊ ဝါဒဖြန့်ပန်းချီ၊ သရုပ်မှန်ပန်းချီများကို ရေးဆွဲခဲ့သည်။ ခေတ်အဆက်ဆက် နိုင်ငံရေးပုံရိပ်ပန်းချီများနှင့် မြန်မာမှု အငွေ့အသက်များကိုလည်း သရုပ်ဖော်ရေးဆွဲနိုင်ခဲ့သည်။

တိုင်းလုံးကျော်၊ မြန်မာ့အလင်းသတင်းစာတို့တွင် နေ့ထူးနေ့မြတ်အထူးထုတ်များ၌ သရုပ်ဖော်ရေးဆွဲပေးခဲ့ရပြီး ရှုမဝ၊ ငွေတာရီ၊ ပေဖူးလွှာ၊ မဟေသီ၊ ရတနာမွန်၊ မြတ်ဆုမွန် မဂ္ဂဇင်း၊ လုပ်သား၊ ပြည်သူ့ကြယ်နှင့် ခေတ်မြန်မာဂျာနယ်များ၊ မြစ်မခ၊ ဗျာဒိတ်ပန်းနှင့် တရားရိပ်မြိုင်စာစောင်တို့တွင် သရုပ်ဖော်ပန်းချီများ၊ ဒီဇိုင်းများကို ရေးဆွဲခဲ့သည်။

အနော်ရထာ ပန်းချီပြခန်းမှာ ထားရှိတဲ့ ပန်းချီဆရာကြီး ဦးစန်းလှိုင်၏ ဆီလီကွန် ပုံတူ ရုပ်ထု

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်မှ ၁၈ ရက်အထိ (၂) ရက်တိုင်တိုင် ရန်ကုန်မြို့ Strand Hotel ခန်းမတွင် ဆရာကြီး ဦးစန်းလှိုင်၏ တစ်ကိုယ်တော်ပန်းချီပြပွဲကို နောက်ဆုံးကျင်းပပြုလုပ်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အသက်(၉၃)နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့ပါသည်။[] မြန်မာနိုင်ငံ၏ အသက်အကြီးဆုံး ဖြစ်သည့် အသက်(၉၃) နှစ်အရွယ် ကွယ်လွန်ချိန်အထိ ပန်းချီကားများကို တစိုက်မတ်မတ် ရေးဆွဲသွားခဲ့သူ မြန်မာ့ ဂန္ထဝင်ပန်းချီဆရာကြီး ဦးစန်းလှိုင် ကွယ်လွန်ပြီးနောက် မိသားစုအနေဖြင့် အမြတ်တနိုး ထိန်းသိမ်းစုဆောင်းထားရှိသော ဆီဆေး၊ ရေဆေး၊ မင်ခြစ်၊ ပန်းချီကား စုစုပေါင်း (၄၀၀) ကျော်ခန့်ကို ဆရာကြီးအား ဂုဏ်ပြုအမှတ်တရအနေအဖြစ် ပန်းချီပြတိုက်ငယ်တစ်ခုတည်ထောင် ဖွင့်လှစ်သွားရန် ရည်ရွယ်ပြီး ပထမအဆင့်အနေဖြင့် အနော်ရထာ ပန်းချီပြခန်းကြီးကို မြေးဦးဖြစ်သူ ဦးမျိုးသော် က ဦးစီး၍ ဝါရင့် ပန်းချီဆရာကြီးများပါဝင်သော ပြခန်းကော်မတီဖွဲ့စည်းကာ စနစ်တကျ ခမ်းနားထည်ဝါစွာ ဖွင့်ပွဲပြုလုပ် ပြထားလျက်ရှိပါသည်။