စပါယ်ရှယ်၊ ဦး (ရွှေတံဆိပ်ဆုရှင် လူရွှင်တော်ကြီး)

စပါယ်ရှယ်၊ ဦး (ရွှေတံဆိပ်ဆုရှင် လူရွှင်တော်ကြီး)(ခရစ် ၁၉၂၂-၁၉၈၈ )

ပြင်ဆင်ရန်

ဟာသ ဂုဏ်ထူး ဆောင် ရွှေတံဆိပ်ဆုရ နာမည်ကျော်လူရွှင်တော်ကြီး ဦးစပါယ်ရှယ်ကို ဟင်္သတခရိုင် နတ်မော်တိုက်ပန်းတင်ကျေးရွာ၌ အဖ ဦးပု၊ အမိ ဒေါ်ဖုန်းတို့က ၁၉၂၂ ခုနှစ်မတ်လ ၃ဝ ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်း နှစ်ယောက်တွင် အငယ်ဖြစ်၍ ငယ်နာမည်မှာမောင်ထွားဖြစ်သည်။

ငယ်စဉ်က ရွာရှိဘုန်းကြီးကျောင်း၌ ကိုရင်ဘဝဖြင့်ပရိယတ္တိ စာပေများကို သင်ကြားရာ နိုင်ငံတော် ဝိနည်းစာပြိုင်ပွဲတွင် မူလတန်းမှ ဝိသေသ အကျော်တန်းအထိ အောင်မြင်ခဲ့သည်။၁၉၄၂ ခုနှစ်တွင်လူထွက်ပြီး ဝါသနာ အလျောက် ဟင်္သတမြို့ဆိုင်းဆရာကြီး ဦးသစ်ကလေးထံတွင် ဆိုင်းနောက်က ပညာကိုသင်ကြားခဲ့သည်။ ထိုနောက် ဆိုင်းအဖွဲမှ အငြိမ့်အဖွဲ့များသို့ ကူးပြောင်းပြီး အငြိမ့်လူရွှင်တော် ပညာကိုအင်္ဂပူ ဆရာတင်နှင့် လူရွှင်တော်ကြီး ဦးဓာတ်စံထံတွင် သင်ကြားခဲ့ပြန်သည်။

ထိုသို့ပညာသင်ကြားရင်း အငြိမ့်အဖွဲ့များတွင် ပါဝင်ကပြခဲ့ရာ တဖြည်း ဖြည်း နာမည်ရလာသည်။ ထိုစဉ်အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော မျိုးချစ်ခေါင်းဆောင်များအား အငြိမ့်ဖြင့် ဧည့်ခံဖျော်ဖြေရာ ဦးစပါယ်ရှယ် ဖြစ်လာမည့်မောင်ဖိုး ထွားသည် သူ၏ဟာသပညာဖြင့် ပါဝင်ကပြဖျော်ဖြေခဲ့သည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းမှာ ၎င်း၏ဟာသ ပညာကြောင့် တဟားဟားပွဲကျပြီး စပါယ်ရှယ်ကောင်းတဲ့လူဟု ချီးကျူးပြောဆို ခဲ့ရာ ထိုအချိန်မှစ၍ အငြိမ့်လူရွှင်တော် စပါယ်ရှယ်ဟု အမည် တွင်လာခဲ့သည်။

လွတ်လပ်ရေးရပြီးနောက် ၁၉၅၆ ခုနှစ်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ ဝင်ရောက်ခဲ့ပြီး အလင်္ကာကျော်စွာ ဆရာကြီး ဦးဟန်ပ ဦးဆောင်သော နိုင်ငံတော်ဆိုင်းဖွဲ့၌ ဆိုင်းနောက်ထ အဖြစ်လုပ်ကိုင်ခဲ့သည်။ ထို့အပြင် ယဉ်ကျေးမှု ကဇာတ်အဖွဲ့ နှစ်ပါးသွား လူရွှင်တော်၊ အငြိမ့် လူရွှင်တော်စသည်ဖြင့်လည်း ပါဝင်ကပြ ခဲ့သည်။ ထိုအချိန်က လူရွှင်တော်ကြီး ဦးရွှေဒင်္ဂါးနှင့် အတူတွဲဖက်ကပြခဲ့ရသည်။ ထိုသို့ကပြခဲ့ရာ ၁၉၅၈ ခုနှစ်တွင် ထိုစဉ်က သမ္မတကြီးဖြစ်သူ မန်းဝင်းမောင်က ဦးစပါယ်ရှယ်အား ဟာသဂုဏ်ထူးဆောင် ရွှေတံဆိပ်နှင့် အခြားဂုဏ်ထူးဆောင် တံဆိပ် များကို ချီးမြှင့်ခဲ့သည်။ ဦးစပါယ်ရှယ်သည် ဗုဒ္ဓဝင်၊ မဟာဝင်၊ ရာဇဝင် များကို နားလည်တက်ကျွမ်းသည့်အလျောက် ဆိုင်းအဖွဲ့၊ အငြိမ့်အဖွဲ့များတွင် သာမက ဇာတ်ကြီးများတွင်ပါ ပါဝင်ကပြခဲ့သူတစ်ဥိးဖြစ်သည်။ ထို့အပြင် ဓာတ်ပြား ခေတ်တွင် ဦးစပါယ်ရှယ်သည် မင်းသားကြီး ဦးစိန် အောင်မင်းနှင့် တွဲဖက် ၍ ဇာတ်ထုပ်များစွာကို ဓာတ်ပြား သွင်းခဲ့သည်။

တော်လှန်ရေးအစိုးရ လက်ထက်တွင် ဦးစပါယ်ရှယ် သည် တပည့်ဖြစ်သူ ဦးရွှေမျှားနှင့်တွဲ၍ နိုင်ငံတော်အငြိမ့်ပွဲများ၌ ပါဝင်ကပြခဲ့သည်။ နေ့ကြီးရက်ကြီး အထိမ်းအမှတ် ဧည့်ခံပွဲများ၊ နိုင်ငံတော်နှင့်စပ်ဆိုင်သော အိမ်တော်ဧည့်ခံပွဲများ စသည့်မင်းစိုး ရာဇာ ဧည့်ခံပွဲများတွင် ခေတ်စနစ်အခြေအနေများကို အံဝင်ခွင် ကျ ပြက်လုံးထုတ်နိုင်သောကြောင့် မင်းပရိသတ်များ၏သဘော ကျ နှစ်ခြိုက်ခြင်းကို ခံရသည်။

ဦးစပါယ်ရှယ်၏ ရုပ်ရည်မှာ လူရွှင်တော်ရုပ်မပေါက်၊ တည်တည်ခန့်ခန့် ဖြစ်သော်လည်းတည်တည် ခန့်ခန့်မျက်နှာထား နှင့်ပင် ပရိသတ် ပွဲကျအောင် ပြက်လုံးထုတ်နိုင်သူဖြစ်သည်။ ထို့ပြင် စာပေပရိယတ္တိ တက်ကျွမ်းခဲ့သူဖြစ်၍ စာစကားပေစကား များကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုသုံးနှုန်းလျက်ပြက်လုံးထုတ် နိုင်သူဖြစ်သည်။ ဗဟုသုတ ဖြစ်စေသောစကားများကို နားထောင် ချင့်စဖွယ် နဘေကာရန်များဖြင့် အတည်ပေါက်ပြောရင်းပရိသတ် အာရုံစိုက်လာချိန်တွင် အရွှန်းဖောက်၍ ပရိသတ်များရုတ်တရက် ပွဲကျအောင်ဟာသ ပညာစွမ်း ပြနိုင်သူဖြစ်သည်။

နှစ်နိုင်ငံယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ်အရ ၁၉၇၃ ခုနှစ်တွင် မလေးရှားနိုင်ငံသို့ ယဉ်ကျေးမှု အကအဖွဲ့စေလွှတ်ရာ၌ ဦးစပါယ်ရှယ် လိုက်ပါသွားခဲ့ရသည်။ ယဉ်ကျေးမှုအကအဖွဲ့ မလေးရှားနိုင်ငံတွင် ဖျော်ဖြေကပြရာ ဦးစပါယ်ရှယ်သည် စကား မပါသော အမူအရာပြက်လုံးများကို ဦးရွှေဒင်္ဂါးနှင့် တွဲဖက်၍ ပွဲကျအောင် ပြက်လုံးထုတ်နိုင်ခဲ့သည်။

ယဉ်ကျေးမှုဝန်ကြီးဌာနက ၁၉၆၃ ခုနှစ်တွင်မြန်မာ့ရုပ်စုံ သဘင်များ၌ ရုပ်သေးပို့ဆိုင်းများတီးမှုတ်ပုံအကြောင်းကိုလက်တွေ့ တီးမှုတ်၍ အသံသွင်းမှတ်တမ်းတင်ရာတွင် ဦးစပါယ်ရှယ်သည် အလင်္ကာကျော်စွာ ဆိုင်းဆရာကြီးဦးဟန်ပနှင့် တွဲဖက်၍ ဆိုင်း နောက်ထအဖြစ် ပါဝင်အသံသွင်းခဲ့ရသည်။ အဆိုပါမှတ်တမ်း တင် အသံသွင်းပုံများကို မော်ကွန်းရုပ်ရှင်ကလည်း မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးခဲ့သည်။ ထို့ပြင် မြန်မာ့ဇာတ်သဘင်များတွင် ဇာတ်ပို့ဆိုင်း တီးမှုတ်ပုံအကြောင်းကိုလည်း အလင်္ကာကျော်စွာ ဆိုင်းဆရာကြီးဦးဘမောင်နှင့် တွဲဖက်၍ ဆိုင်းနောက်ထအဖြစ် ပါဝင်အသံသွင်းခဲ့သည်။

ကက်ဆက်ဇာတ်လမ်းများ ခေတ်စားချိန်တွင်လည်းဦးစပါယ်ရှယ်သည် ဂီတစာဆိုမောင်ကြေးမုံ၊ အဆိုကျော်ဒေါ်မာမာအေး၊ ဒေါ်တင်တင်မြစသူတို့နှင့် တွဲဖက်၍ ဇာတ်နိပါတ်ဆိုင်ရာ ကက်ဆက်ခွေဇာတ်လမ်းများ၌ ပါဝင် အသံသွင်းခဲ့သည်။ ဦးစပါယ်ရှယ်သည် ဇာတ်သဘင်အနုပညာလောကတွင် ကိုယ်တိုင်ပါဝင် ကပြရုံသာမက လူရွှင်တော်ပညာကို လူငယ်များ အားသင်ကြားပြသ၍ လူငယ်လူရွှင်တော်များမွေးထုတ်ပေးခဲ့သည်။ ဟာသဂုဏ်ထူးဆောင် ရွှေတံဆိပ်ဆုရ လူရွှင်တော်ကြီး ဦးစပါယ်ရှယ်သည် ၁၉၈၈ ခုနှစ်ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၌ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ကျင်ဆိုင် နှင့် သားသမီးများ ကျန်ရစ်သည်။ []

  1. စွယ်စုံကျမ်းနှစ်ချုပ်၊ ၁၉၈၉