စမ္ပာနဂိုရ် ပြင်ဆင်ရန်

စမ္ပာနဂိုရ် ခေါ်သော စမ္ပာနဂရ အစစ်သည်ကား မြန်မာနိုင်ငံ၌ မဟုတ်ပါ။ မဇ္ဈိမတိုက်၌ ပါဝင်သော တိုင်းကြီး ၁၆ တိုင်းတို့တွင် အင်္ဂတိုင်း ပါဝင်သည်။ ထိုအင်္ဂတိုင်း၏ မြို့တော်သည်ကား စမ္ပာနဂရ ဖြစ်သည်။ ထို ‘စမ္ပာနဂရ’ သည် ယခုအခါ အန္ဒိယ နိုင်ငံ ဘာဂလ္ပုဒ်မြို့မှ အနောက်ဘက် ၂၄ မိုင်အကွာ ပတ္ထရ်ဃားဋ် အရပ်၏ အနောက်မျက်နှာအနီးတွင် ချမ္ပာနဂါ ( Cham Pa Na Gar ) ရွာအဖြစ် တည်ရှိနေသေးကြောင်း ‘အန္ဒိယ ကြေးမုံကျမ်းကြီး’ စာမျက်နှာ ( ၃၂၈ ) ၌ ဖော်ပြထားသည်။

မြန်မာ အခေါ်အဝေါ် ပြင်ဆင်ရန်

‘စမ္ပာ’ ဟု မြန်မာဘာသာအားဖြင့် ‘စံကားပင်’ ကို ခေါ်သည်။ ထိုမြို့၏ အနီး၌ ဂဂ္ဂရာ အမည်ရှိသော ရေကန်သည် တည်ရှိ၏။ ထိုရေကန် အနီး၌ စံကားတောကြီး ရှိသောကြောင့် စမ္ပာမြို့ခေါ်ဝေါ်ကြောင်း ဖွင့်ဆိုကြသည်။ ထိုမြို့နှင့် ထိုစံကားတောကို အကြောင်းပြု၍ ထိုမြို့အနီး စီးဆင်းနေသော မြစ်ကိုလည်း စမ္ပာမြစ်ဟူ၍ပင် ခေါ်ဝေါ်ခဲ့ကြသည်။ ဝိသတိနိပါတ်၌ လာသော စမ္ပေယျနဂါးဆိုသည်မှာ စမ္ပာမြစ်အောက်၌ နေသော နဂါးပင် ဖြစ်သည်။ ထိုစမ္ပာမြစ်သည် အင်္ဂတိုင်း နှင့် မဂဓတိုင်းတို့၏ နယ်ခြားမြစ်ဖြစ်သည့် ပြင် အင်္ဂတိုင်း၊ မာဂဓတိုင်းတို့၏ ဝမ်းရေးကို ဖြည့်တင်းပေးသော အင်္ဂလယ်၊ မာဂဓလယ်များ အတွင်းသို့ ရေပေးသွင်းရသော နဒီမာတိကာလည်း ဖြစ်သည်။ အင်္ဂတိုင်း၊ မာဂဓတိုင်းတို့သည် မိုးလေဝသ မှန်ကန်သော အခါ လယ်ရေအတွက် စစ်မက်ဖြစ်ပွားသည် အထိ စကားများကြရသည်။ ထိုကဲသို့ မိုးခေါင်ကိန်းကြုံ၍ အင်္ဂတိုင်းနှင့် မာဂဓတိုင်းတို့ စစ်ဖြစ်ကြရာ အင်္ဂတိုင်းမှ စစ်ရှုံးသဖြင့် အင်္ဂမင်းသည် နေပြည်တော် စမ္ပာမြို့ကို စွန့်၍ အလုံးအရင်းနှင့် ဆုတ်ခွာလာရင်း မြန်မာနိုင်ငံ ဗန်းမော်မြို့ အနီး တာပင်မြစ်ဝ၌ မြို့တည် နေထိုင်ခဲ့ကြသည်။ ထိုမြို့ကိုလည်း စမ္ပာမင်း တည်သောကြောင့် စမ္ပာနဂရ ဟု မှည့်ခေါ်ရာမှ စမ္ပာနဂိုရ် ဟု ဖြစ်လာခဲ့သည်။ စမ္ပာမြို့သည် အုတ်မြို့ဖြစ်၍ ယနေ့တိုင် အုတ်မြို့ရိုးများကို မြင်တွေ့နိုင်သည်။ ဗန်းမော်မြို့၌ တန်ခိုး ကြီးမားတော်မူသော ရွှေကျီးနား စေတီတော်ကြီးသည် ထိုစမ္ပာနဂိုရ်မြို့၌ တည်ရှိသည်။ စမ္ပာနဂိုရ်မြို့သည် နှစ်ပိုင်းကွဲလျက်ရှိရာ အထက်ပိုင်းကို ‘စမ္ပာရပ်’ ဟုခေါ်၍ အောက်ပိုင်းကို ‘နောင်ခိုရပ်’ ဟု ခေါ်ဝေါ်လျက်ရှိကြသည်။ ယခုအခါ စမ္ပာနဂိုရ်နှင့် ဗန်းမော်မြို့သည် ဗန်းမော်၊ တောင်ကြီးမျှလောက်သာ ခြား၍ တစ်ဆက်တည်း တည်ရှိသည်။

ကိုးကား ပြင်ဆင်ရန်