စာဆိုတော်နေ့

(စာဆိုတော်ပွဲ မှ ပြန်ညွှန်းထားသည်)

နှစ်စဉ် နတ်တော်လဆန်း (၁) ရက်နေ့သည် စာဆိုတော်နေ့ ဖြစ်သည်။ ယင်းစာဆိုတော်နေ့ကို ၁၃၀၆ ခုနှစ်၊ ဂျပန်ခေတ်တွင်

သူကြီးဂေဇက်ဦးခင်မောင်ကဦးဆောင်၍ ဦးအုန်း‌ဖေ (ဆရာတက်တိုး ) ၊ ဦးတင်ဦး ၊ အမြတ်ခွန်မင်းကြီး ဦးယုဆိုင် ၊ ကက်သရင်း ဒေါ်ခင်ခင် ပညာရေးဝန်ကြီး ဦးလှမင်းဒီးဒုတ်ဦးဘချို၊ ဦးသိန်းဟန်(ဇော်ဂျီ)၊ ဦးကောင်းသူရိယ ဦးသိမ်းမောင်ဂျာနယ်ကျော် ဦးချစ်မောင်ဇဝနမြို့မဆရာဟိန် စသော မြန်မာနိုင်ငံ စာရေးဆရာများအသင်း အမှုဆောင်အဖွဲ့နှင့် စာပေဆိုင်ရာ လူကြီးများ ညှိနှိုင်း သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။ စာဆိုတော်နေ့ကို စာရေးဆရာများအသင်း ဖွဲ့စည်းပြီးနောက် လေးနှစ်မြောက်တွင်မှ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။


ခရစ်နှစ် ၁၉၃၉ ခုနှစ် မတိုင်မီက စာရေးဆရာများ အသင်းဟူ၍ မရှိသေးပဲ စာရေးဆရာအချို့ ဖွဲ့စည်းထားသော "ကလောင်အဖွဲ့" တစ်ခုသာ ရှိခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် အင်္ဂလိပ် စာရေးဆရာကြီး အိပ်၊ ဂျီ၊ ဝဲလ် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်လာသောအခါ စာရေးဆရာများက စုပေါင်း၍ ကျင်းပသော ဧည့်ခံပွဲနှင့် ဆရာကြီး ပီမိုးနင်းကွယ်လွန်၍ ဈာပနကိစ္စတို့တွင် စာရေးဆရာများ စုစည်းမိကြရာမှ ဒီးဒုတ်ဦးဘချို ဦးဆောင်၍ စာရေးဆရာများ အသင်းကို ထူထောင်ကြသည်။ မူလက "မြန်မာနိုင်ငံ စာရေးဆရာများ အစည်းအရုံး" ဟု ခေါ်တွင်ခဲ့သည်။ ဂျပန်ခေတ်တွင် စာရေးဆရာများအသင်းကို ပြန်လည်စုစည်းခဲ့ပြီးလျှင် "မြန်မာနိုင်ငံ စာရေးဆရာများအသင်း" ဟု မှည့်ခေါ်ခဲ့သည်။

စတင်ဖြစ်ပေါ်လာပုံ

တစ်နေ့တွင် ဆရာတက်တိုးက အင်္ဂလိပ်လူမျိုးများသည် စာပေယဉ်ကျေးမှုကို အမြတ်တနိုး တန်ဖိုးထားပုံနှင့် ထင်ရှားသော စာရေးဆရာကြီး ရှိတ်စပီးယားကို ဂုဏ်ပြုသော ရှိတ်စပီးယားပွဲတော်နေ့ကို နှစ်စဉ် ရှိတ်စပီးယား၏မွေးနေ့ဟူ၍သတ်မှတ်ထားသော ဧပြီလ ၂၃ ရက်နေ့ တွင်ကျင်းပပုံများကို ပြောဆိုကြရာမှ မိတ်ဆွေဖြစ်သူ ဦးယုဆိုင်က “သူတို့က ရှိတ်စပီးယားပွဲတော်နေ့လုပ်ကြသလို ကျွန်တော်တို့ကလည်း ဦးပုညနေ့ပွဲတော်လုပ်ကြတာပေါ့ဗျာ” ဟူ၍ စတင်အကြံပြုခဲ့ရာမှ ဦးအုန်း‌ဖေ (ဆရာတက်တိုး )[]နှင့် အမြတ်ခွန်မင်းကြီး ဦးယုဆိုင်တို့၏ဆက်လက်ကြိုးပမ်းမှုဖြင့် ဦးပုညနေ့ပွဲတော် ကျင်းပရန် အားလုံးသဘောတူ ဆုံးဖြတ်ကြလေသည် ။

ထို့နောက် ဆရာကြီးစလေဦးပုည၏မွေးနေ့ဖြစ်သော ကဆုန်လဆန်း ၁၃ ရက်နေ့ကို ဦးပုညနေ့အဖြစ်သတ်မှတ်၍ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပရန် မြန်မာ့အလင်းသတင်းစာတွင် ကြေညာချက်များထည့်ကာ လှုံ့ဆော်ခဲ့ကြသည် ။

ထိုနှစ် ၁၃၀၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် (၁၉၄၄ ခုနှစ် မေလ ၄ ရက်) နေ့တွင် ပထမဆုံး ဦးပုညနေ့ပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

ပထမဆုံး စာဆိုတော်နေ့တွင် စာဆိုတော် အထိမ်းအမှတ်အဖြစ် စလေဦးပုညဝိဇယပြဇာတ်ကို စာရေးဆရာများကိုယ်တိုင် သရုပ်ဖော် ကပြခဲ့ရာမှ နှစ်စဉ် စာဆိုတော် နေ့များတွင် စာရေးဆရာကြီး တစ်ယောက်ယောက်၏ အတ္ထုပ္ပတ္တိ ကို ပြဇာတ်အဖြစ် ကပြသည့် အလေ့အထ စွဲမြဲလာခဲ့သည်။ သက်ကြီးဝါကြီး စာရေးဆရာကြီးများကို ကန်တော့ခြင်းစာပေပြိုင်ပွဲများ၊ ဟောပြောပွဲများ ကျင်းပခြင်းတို့ကိုလည်း အနယ်နယ်အရပ်ရပ်တွင် ပြုလုပ်ကြသည်။[]



ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင် မြန်မာနိုင်ငံ ပညာ့တံခွန်အသင်း၏ ဌာနခွဲကို ကွမ်းခြံကုန်းမြို့၌ ဖွင့်လှစ်ထားခဲ့သည်။ ကွမ်းခြံကုန်းမြို့ရှိ မြန်မာနိုင်ငံ ပညာ့တံခွန်အသင်း၏ ဌာနခွဲသည် ၁၉၄၄ ခုနှစ် နှစ်ဦးပိုင်းတွင် စာဆိုဦးပုညကို ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် အခမ်းအနားတစ်ရပ်ကို ကျင်းပနိုင်ခဲ့သည့်ပြင် မြန်မာနိုင်ငံအရပ်ရပ်တွင်လည်း ဦးပုညနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပရန် လှုံ့ဆော်ခဲ့လေသည်။

ထိုအခါက ရန်ကုန်မြို့ရှိမြန်မာနိုင်ငံ ပညာ့တံခွန်အသင်းနှင့်တကွ ထိုကာလ သက်ဆိုင်ရာဝန်ကြီး ဌာနသည် ဦးပုညနေ့ အထိမ်းအမှတ် ကျင်းပရေးကိစ္စကို အရေးယူဆောင်ရွက်သောအားဖြင့် ၁၉၄၄ ခုနှစ် မေလ ၁၂ ရက်တွင် ပညာ၊ ကျန်းမာ၊ စည်ပင်သာယာဌာနဝန်ကြီး၏ ရုံးခန်း၌ အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပခဲ့သည်။

ယင်းအစည်းအဝေးသို့ ပညာ၊ ကျန်းမာ၊ စည်ပင်သာယာ ဝန်ကြီး ဦးလှမင်း၊ တက္ကသိုလ် နာယကဦးဖေမောင်တင်၊ အစိုးရဝါဒ ဖြန့်ဖြူးရေးဌာနမှ ဦးဘညွန့်၊ ဦးကြီးဖေ (စေတီယင်္ဂဏ)၊ ဦးသန်းတင့် (မြန်မာ့ အလင်းသတင်းစာ)၊ ဦးတင် (ပညာ့တံခွန်အသင်း)၊ ဦးသိန်းဟန် (စာပေနှင့် စာကြည့်တိုက် ဌာနခွဲ)၊ ဦးကောင်း (ပညာရေးဌာန)၊ ဦးဟိန် (ဗမာ့ဝန်ထမ်း)၊ ဦးသိမ်းမောင် (စာရေးဆရာ အသင်း) နှင့် ဦးချစ်မောင် (ဂျာနယ်ကျော်) တို့ တက်ရောက်ခဲ့ကြလေသည်။

ထိုအစည်းအဝေးကဦးပုညနေ့ဟူ၍ စာဆိုတစ်ဦးတည်း ကို ဂုဏ်ပြုရည်ညွှန်းသော နေ့တစ်နေ့အဖြစ် သတ်မှတ်ကျင်းပမည့်အစား စာဆိုတော်အားလုံးကို ဂုဏ်ပြုရည်ညွှန်းသော နေ့တစ်နေ့ သတ်မှတ်သင့်ကြောင်း စာဆိုတော်နေ့သတ်မှတ်ရေး ကိစ္စကို ဆွေးနွေးဆုံးဖြတ်ခဲ့သည်။ တစ်ဆက်တည်းပင် မည်သည့်ကာလ အပိုင်းအခြား ကို စာဆိုတော်နေ့အဖြစ် သတ်မှတ်သင့်ကြောင်း ဆွေးနွေးကြရာ နတ်တော်လဆန်း ၁ ရက်နေ့ ကိုစာဆိုတော် နေ့အဖြစ် သတ်မှတ်ကြောင်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

ထိုအခါမှစ၍ စာဆိုတော်နေ့ စတင်ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်လေသည်။ ထိုအစည်းအဝေးမှာပင်ထိုနှစ် ၁၃ဝ၆ ခုနှစ် နတ်တော်လဆန်း ၁ ရက်နေ့မှစ၍စာဆိုတော်နေ့အထိမ်း အမှတ်ပွဲကျင်းပရန် ယင်း အထိမ်းအမှတ်ပွဲ အဖြစ် စာပေဟောပြောပွဲများ ကျင်းပရေးရက်သတ္တတစ်ပတ်လုံး စာပေ အကြောင်းအရာ အမျိုးမျိုးကို အသံလွှင့်ရေး ကိစ္စများကို စသည်တို့ကို စဉ်းစား ဆွေးနွေးကြသည်။ ထိုကိစ္စ များကို အသေးစိတ် ဆွေးနွေးရန် သခင်ကိုယ်တော်မှိုင်း ခေါင်းဆောင်သော နာယက အဖွဲ့နှင့် ဦးဖေမောင်တင် ဥက္ကဋ္ဌအဖြစ် ပါဝင်သော အလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းပေးခဲ့လေသည်။

ထိုနှစ်တွင် ပထမဆုံးအကြိမ် စာဆိုတော်နေ့ အဖြစ် နတ်တော်လဆန်း ၁ ရက်နေ့ နံနက်ပိုင်းတွင် ကန်တော်ကြီးစောင်းရှိ မြိုင်ပြဇာတ်ရုံ၌ သက်ရှိစာဆိုတော်ကြီးများကို စာရေးဆရာများက လက်အုပ်ချီကန်တော့ခဲ့ကြပြီး ညနေပိုင်းတွင် ဗမာ့ခေတ်သတင်းစာတိုက်၌ မိတ်ဆုံလက်ဖက်ရည်ပွဲ တည်ခင်းသုံးဆောင်ကာ ညပိုင်း တွင် မြိုင်ပြဇာတ်ရုံ၌ ပဒေသာကပွဲ ကပြ ဖျော်ဖြေခဲ့သည်။

ထိုပထမဆုံးအကြိမ် စာဆိုတော်နေ့ အထိမ်းအမှတ် ပဒေသာကပွဲတွင် ဦးပုည၏ ဝိဇယပြဇာတ်လာ ဇာတ်ဝင်ခန်း တစ်ခန်းသည်လည်း ကပွဲအစီအစဉ်တစ်ခုအဖြစ်ပါဝင်ခဲ့သည်။ ထိုဇာတ်ဝင်ခန်းကို အခြေပြု၍ ၁၉၄၅ ခုနှစ်၊ ဖေဖွာရီလ တွင် ဝိဇယပြဇာတ်ကို ဇာတ်ကြီးအဖြစ် ကပြခဲ့လေသည်။ ထိုစဉ်က ဝိဇယပြဇာတ် ကပြမှု သည် နိုင်ငံရေးအရ ဖက်ဆစ်ဆန့်ကျင်ရေး လှုံ့ဆော်မှုတစ်ရပ်ဖြစ်သည့်အလျောက် အောင်မြင်မှုရခဲ့လေသည်။

၁၉၄၅ ခုနှစ်တွင်မူ စာဆိုတော်နေ့ အခမ်းအနားကို မြန်မာနိုင်ငံစာရေးဆရာအသင်းက ကြီးမှူးကျင်း ပခဲ့သည်။ ထိုနှစ် စာဆိုတော်နေ့တွင် ပညာရှိစာဆိုအမတ်ကြီး ဦးပေါ်ဦးကို ဂုဏ်ပြုသောအားဖြင့် ဦးပေါ်ဦး ပြဇာတ်ကပြခဲ့သည်။ သက်ရှိစာဆိုတော်ကြီးများကိုလည်း ကန်တော့ခဲ့ကြသည်။

နောက်နှစ်များတွင် စာဆိုတော်နေ့ အထိမ်းအမှတ်ပွဲများကို မြို့နယ်များ၌ပါ ကျင်းပလာခဲ့သည်။ မြို့နယ်များတွင်သတင်းထောက်များ၊ ကျောင်းဆရာများနှင့် လူငယ်အဖွဲ့အစည်း များက ကြီးမှူးကျင်းပလေ့ရှိရာ ယင်းအခမ်းအနားများတွင် စာပေပြိုင်ပွဲများ၊ စကားရည်လုပွဲများ၊ ပဒေသာကပွဲများ ထည့်သွင်းကျင်းပခဲ့ကြသည်။

ရန်ကုန်မြို့တွင်မူ စာရေးဆရာအသင်းကကြီးမှူး၍ စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် နံနက်ပိုင်း၌ သက်ရှိ စာဆိုတော်ကြီးများကို ကန်တော့ခြင်း၊စာရေးဆရာအသင်း ဥက္ကဋ္ဌက စာပေဆိုင်ရာ မိန့်ခွန်းမြွက်ကြားခြင်း၊ ညပိုင်း၌ စာပေဆိုင်ရာ ပြဇာတ် သို့မဟုတ် ပဒေသာကပွဲ ကပြလာခဲ့သည်မှာ ၁၉၅၀ ပြည့်နှစ်အထိဖြစ်သည်။

၁၉၅၀ ပြည့် ဒီဇင်ဘာ ၁၀ ရက်တွင် ကျင်းပသော စာဆိုတော်နေ့အခမ်းအနားကို လူထုအခမ်းအနားကြီးတစ်ခုအသွင် စတင်ကျင်းပကာ စာဆိုတော်နေ့ကို ပြည်သူတစ်ရပ်လုံး၏ နေ့တစ်နေ့အဖြစ် သတ်မှတ်ခဲ့ကြလေသည်။

ထိုအခါမှစ၍စာဆိုတော်နေ့ အထိမ်းအမှတ်ကျင်းပရေး အစဉ်အလာသည် နိုင်ငံနှင့်အဝန်း ပိုမိုကျယ်ပြန့်လာသည်။ ထိုအခါ စာရေးဆရာများသည် ပြဇာတ်ကခြင်း၊ ပဒေသာကပွဲ ကပြခြင်းဖြင့် ပြည်သူလူထုအား စာပေအသံ လှုံ့ဆော်ပေးရုံသာမကပဲ ရှေးဦးစွာ ရန်ကုန်မြို့အတွင်း ရပ်ကွက်အသီးသီး၌ စာပေဟောပြောပွဲများ စတင်ကျင်းပလာခဲ့ကြသည်။ စာပေဟောပြောပွဲများကို ပြည်သူအများက လက်ခံလာသည်နှင့်အမျှ နောက်ပိုင်း စာဆိုတော်နေ့ အထိမ်းအမှတ်ပွဲများတွင် နိုင်ငံနှင့်အဝန်း စာပေဟောပြော ပွဲများကိုပါ ကျင်းပလာခဲ့ကြလေသည်။

စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် ပြဇာတ်ကပြသော အစဉ်အလာသည် ၁၉၅၈ ခုနှစ်တွင် အဆုံး သတ်ခဲ့ပြီးနောက်ပိုင်း၌ စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် စာပေရေးရာ စာတမ်းများ ပြုစုတင်သွင်း ဆွေးနွေးခြင်း အစဉ်အလာသည် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ စတင်ပေါ်ပေါက်လာခဲ့ပြီး မြို့နယ်အသီးသီး၌ စာပေဟောပြောပွဲအစဉ်အလာသည် ပိုမို ကျယ်ပြန့်လာခဲ့သည်။

ထိုအခါ စာဆိုတော်နေ့ အထိမ်းအမှတ် ပွဲများကို နတ်တော်လဆန်း တစ်ရက်နေ့တွင်သာ ကျင်းပရုံဖြင့် မလုံလောက်တော့သည့်အလျောက် အချို့မြို့နယ်များတွင် စာဆိုတော်နေ့အထိမ်းအမှတ်ပွဲကို နတ်တော်လဆန်းတစ်ရက်နေ့၌ ကျင်းပပြီး စာဆိုတော် အထိမ်းအမှတ် ဟောပြောပွဲများကိုမူ စာဆိုတော်လအတွင်း အဆင်ပြေသလို ကျင်းပခဲ့ကြသည်။

၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲများသည် မြန်မာနိုင်ငံ တစ်လွှားကျယ်ပြန့် များပြားလာခဲ့သည်။ မြို့နယ်အဆင့် စာပေဟောပြောပွဲများ၊ ကျောင်းအလိုက် စာပေဟော ပြောပွဲများ၊ လုပ်ငန်းဌာနအလိုက် စာပေဟောပြောပွဲများအပြင် ရေးသူဖတ်သူ ဆွေးနွေးပွဲများ၊ စာဖတ်ပရိတ် သတ်က လက်ရှိစာပေ အခြေအနေကို စာတမ်းပြုစုဖတ်ကြားပွဲများနှင့် စာရေးဆရာများ ပြည်သူ့ဘဝလေ့လာရေး အစီအစဉ်များကိုပါ ကျင်းပပြုလုပ်လာခဲ့သည်။

နိုင်ငံအစိုးရပိုင်းကမူ ၁၉၆၃ ခုနှစ်မှစ၍ နှစ်စဉ် စာဆို တော်နေ့များတွင် ပြန်ကြားရေး ဝန်ကြီးဌာန စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့အနေနှင့် စာပေဆုနှင်းသဘင်ပွဲကျင်းပကာ ထိုဆုနှင်းသဘင်၌ အမျိုးသားစာပေဆု ရသော စာပေပညာရှင်များအား ဆုများချီမြှင့်ပြီး စာပေရေးရာမိန့်ခွန်းများ မြွက်ကြားကာ စာပေတိုးတက်ရေး ကို ဆောင်ရွက်ခဲ့လေသည်။ []


ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် စာပေလုပ်သားအဖွဲ့က ကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ် ရန်ကုန်တိုင်း စာဆိုတော်နေ့ အခမ်းအနားနှင့် သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ၁၉၈၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်(၁၃၄၅ ခုနှစ် နတ်တော် လဆန်း ၁ ရက်နေ့) နံနက် ၈ နာရီတွင် ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသပါတီကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ပြည်သူ့ကောင်စီဥက္ကဋ္ဌ၊ တိုင်းလုပ်ငန်းစစ်ဆေးရေး အဖွဲ့ဥက္ကဋ္ဌ၊ စာပေလုပ်သားအဖွဲ့ ဥက္ကဋ္ဌနှင့် အမှုဆောင် ကော်မတီ ဝင်များ၊ အကန်တော့ခံ စာပေပညာရှင်ကြီး ၁၃ ဦး၊ ကျောက်တံတားနှင့် ပန်းဘဲတန်းမြို့နယ်ပါတီ၊ ပြည်သူ့ကောင်စီမှ ပုဂ္ဂိုလ်များ၊ လူထုလူတန်းစား အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် စာပေလုပ်သားအဖွဲ့ဝင်များ တက်ရောက်ကြသည်။ ယင်းအခမ်းအနားတွင် သဘာပတိအဖြစ် စာပေလုပ်သားအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းတင်(မန်းတင်)က လည်းကောင်း၊ အခမ်းအနားမှူးအဖြစ် စည်းရုံးရေးမှူး ဦးလှမြိုင် (ကိုဆောင်း) ကလည်းကောင်း ဆောင်ရွက်သည်။ အကန်တော့ခံ စာပေညာရှင်တစ်ဦးစီအား ကျပ်ငွေ ၁၅၀ တန် ပစ္စည်းများဖြင့် ကန်တော့ခဲ့ကြသည်။

စာဆိုတော်နေ့ ညနေ ၆ နာရီတွင် ၁၉၈၂ ခုနှစ် အမျိုသားစာပေဆုနှင်းပွဲကို ဂေါ်ဒဝင်လမ်း ယဉ်ကျေးမှု လဟာပြင်ဇာတ်ရုံ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး သိုက်စိုး တက်ရောက်၍ အမှာစကား ပြောကြားပြီး ဝတ္ထုတိုပေါင်းချုပ်ဆုရ မိုးမိုး (အင်းလျား)နှင့် ကဗျာဆုရတက်လူတို့အား ကျပ်ခြောက်ထောင် စီနှင့် ဆုလက်မှတ်များကို ချီးမြှင့်ပေးအပ်သည်။

(အမျိုးသား စာပေဆု-ရှု။) အလားတူ စာဆိုတော်နေ့နှင့် သက်ကြီးစာပေပညာရှင် ပူဇော်ကန်တော့ပွဲ အခမ်းအနားများကို မန္တလေးမြို့တွင် ၁၉၈၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က မန္တလေးတက္ကသိုလ် (ရတနာဘုမ္မိနယ်မြေ) အောင်ပင်လယ်ခန်းမ၌ ကျင်းပရာ အကန်တော့ခံ စာပေပညာရှင်ကြီး၊ မန္တလေးမြို့နယ်လေးခုမှ ပါတီယူနစ်ဥက္ကဋ္ဌများနှင့် မြို့နယ်ပြည်သူ့ကောင်စီဥက္ကဋ္ဌများ၊ လူထုလူတန်းစား အသီးသီးမှ တာဝန်ရှိသူများ၊ မြို့နယ် စာပေလုပ်သား အဖွဲ့များ စုစုပေါင်း ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ အလားတူ အခမ်းအနားများကို ပြည်၊ သာယာဝတီ၊ ပုသိမ်၊ လပွတ္တာနှင့် ညောင်လေးပင် မြို့နယ်များတွင်လည်း ကျင်းပကြသည်။

သက်ကြီးစာပေပညာရှင် များအား ကန်တော့ခြင်း၊ စာပေရေးရာများ ဟောပြောခြင်း၊စာပေပြိုင်ပွဲများ ပြုလုပ်၍ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြသည်။[]


  1. မြန်မာ့အလင်း
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
  3. စွယ်စုံကျမ်းနှစ်ချုပ်၊ ၁၉၈၀
  4. စွယ်စုံကျမ်းနှစ်ချုပ်၊ ၁၉၈၄