သတင်းစာပညာ

(စာနယ်ဇင်းအတတ် မှ ပြန်ညွှန်းထားသည်)

နေ့စဉ်ကမ္ဘာအား အသိပေးသည့်ပညာ ကမ္ဘာပေါ်၌ နေ့စဉ်ဖြစ်ပေါ်လျက်ရှိသော အကြောင်းအရာ အမျိုးမျိုး၏ သတင်းကို လူအများသိရှိစေရန် မှတ်တမ်းတင်၍ ရေးသား ဖြန့်ချိသည့် ပညာသည် စာနယ်ဇင်းအတတ်ပင် ဖြစ်သည်။ တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်ဖြစ်သော စာနယ်ဇင်း လောကသည် လူထုနှင့် အနီးစပ်ဆုံးဖြစ်ရကား စာနယ်ဇင်းအတတ်ကို လူတိုင်း လေ့လာထိုက်လှသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားအား ဓာတ်ပုံရိုက်ကူးနေသော ဓာတ်ပုံဂျာနယ်လစ်များ (နိုဝင်ဘာ ၂၀၁၃)

သတင်းနှင့် ထင်မြင်ချက်များကို ရေးသား ပုံနှိပ်ထုတ်ဝေခြင်းသည် စာနယ်ဇင်းအတတ်ပင်ဖြစ်သည်။ ခေတ်နှင့်လျော်ညီစွာ နေ့စဉ်ဖြစ်ပျက်ပေါ်ပေါက်လျက်ရှိသော ကျိုးကြောင်းခြင်းရာများ၊ သတင်းများ၊ အကြံဉာဏ်များနှင့် ဝေဖန်ချက်များကို တစ်စောင်တစ်ဖွဲ့ဖြစ်အောင် စုပေါင်း၍ အချိန်မှီ ဖော်ပြခြင်းအားဖြင့် စာနယ်ဇင်းအတတ်သည် ကိစ္စမြားမြောင် လူတို့ဘောင်၏ ဇာတ်ကွက်ဇာတ်လမ်းကို လူ့လောကအား တင်ပြပေးသော အတတ်ပညာရပ်လည်း ဖြစ်သည်။ ထိုကြောင့် စာနယ်ဇင်းအတတ်သည် တာဝန်ကြီးလေးသော သက်မွေးမှုပညာတစ်ရပ် ဖြစ်ပေသည်။ ထို့ပြင် စာနယ်ဇင်းအတတ်သည် ကျွမ်းကျင်မှု၊ စွမ်းရည်၊ ပညာအရည်အချင်းတို့နှင့် ပြည့်စုံမှသာ လုပ်ကိုင်၍ရသော လုပ်ငန်းတစ်ရပ်လည်း ဖြစ်သည်။ ထိုမျှ မကသေး၊ လုပ်ငန်းရပ်တစ်ခု ဖြစ်လာသည့်အခါ၌ ဘဏ္ဍာရေးနှင့် စီးပွားရေး အခြေအနေတို့ကို ပြုပြင်ပြောင်းလဲနိုင်သော အတတ်ပညာ တစ်ခုလည်း ဖြစ်ပေသေးသည်။

မြန်မာအခေါ်တွင် စာနယ်ဇင်းဟု သုံးစွဲပုံမှာ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း ဟူသော စကားတို့၏ အဆုံးစကားသုံးလုံးကို စုပေါင်းထားခြင်း ဖြစ်သည်။ ဤသို့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းဟူ၍ ခွဲခြားထားသည့် သုံးမျိုးအပြင် စာ၊ နယ်၊ ဇင်း များမှ၎င်း၊ စာအုပ်များမှ၎င်း ထုတ်နုတ်၍ အနှစ်သာရ ပေါ်လွင်အောင် အကျဉ်းချုံးကာ ပြန်လည် ထည့်သွင်း ထုတ်ဝေသည့် သတင်းစုံမဂ္ဂဇင်းနှင့် မဂ္ဂဇင်းပဒေသာ စာစောင်များလည်း ရှိသေး၏။ ယနေ့ မြန်မာသတင်းစာများတွင် အပတ်စဉ်မဂ္ဂဇင်းကဏ္ဍ ထည့်သွင်းဖော်ပြနေခြင်းသည် အမေရိကန်မူမှ နည်းယူခြင်း ဖြစ်သည်။


သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းများ မပေါ်မီခေတ်က သတင်းစကား ပေးပို့ခြင်း အဆင့်ဆင့် ပြောင်းလဲတိုးတက်လာပုံများမှာ အမျိုးမျိုး ရှိခဲ့လေသည်။ ပုံစံအားဖြင့် အမေရိကတိုက်ရှိ အိန္ဒိယလူရိုင်းများသည် မိမိတို့ နယ်ပယ်အတွင်းသို့ ရန်သူများ ချဉ်းကပ်ဝင်ရောက်လာပါက၊ ကင်းစခန်းတစ်ခုမှတစ်ခုသို့ အုန်းမောင်း သို့မဟုတ် ကလဒက်များကို သံတို သံရှည်ခေါက်၍ အချက်ပေးသတင်းပို့လေ့ ရှိခဲ့ကြ၏။ ဘေးအန္တရာယ် ကျရောက်နေသည့် အခါများတွင်လည်း မီးပုံရှို့ကာ မီးခိုးဖြင့် သတင်းပို့ အကူအညီ တောင်းလေ့ရှိကြသည်။ ထိုနည်းတူစွာ အာဖရိကတိုက်သား တောတွင်းသားတို့သည်လည်း သားရေကြက်ထားသောစည်များကို တီးရိုက်၍ တစ်စခန်းမှ တစ်စခန်း၊ တစ်ရွာမှတစ်ရွာသို့ သတင်းပေးလေ့ရှိခဲ့ကြသည်။ ရှေးမြန်မာတို့ လက်ထက်ကမူ ရွှေနန်းတော်နှင့် လွှတ်တော်မှ သတင်းနှင့် အမိန့်ပြန်တမ်းများကို မောင်းကြေးနင်းခတ်၍ ရပ်ရွာများသို့ ဖြန့်ချိ ကျေညာခဲ့ပေသည်။ ဤကား စာနယ်ဇင်းများ မပေါ်မီက သတင်းစကား အဆင့်ဆင့် ပေးပို့နည်းများတည်း။


သို့သော် ကမ္ဘာတွင် ပုံနှိပ်အတတ်၌ ရှေးဦးဖြစ်သော တရုတ်နိုင်ငံသည် စာနယ်ဇင်းနယ်ပယ်တွင် သတင်းပြန်တမ်းတစ်ခုကို ချင်မင်းဆက်တွင် ထုတ်ဝေခဲ့ပေသည်။ ထိုသတင်းပြန်တမ်းကား တရုတ်အခေါ်အားဖြင့် 'ချင်ပါအို'ဖြစ်၍ နိုင်ငံခြားသားများကမူ ပီကင်းဂေဇက်ဟု ခေါ်လေသည်။ ပီကင်းဂေဇက်သည် အစိုးရကိုယ်တိုင် ပုံနှိပ်ထုတ်ဝေသော ပြန်တမ်းတစောင် ဖြစ်၍ အစိုးရ၏ အမိန့်များနှင့် ပြည်သူတို့၏ အသနားခံစာများကို ထည့်သွင်းဖော်ပြထားလေသည်။ အထက်ပါ ပီကင်းဂေဇက်ကို အင်ပိုင်ယာတစ်ခုလုံးရှိ အထက်တန်းအရာရှိများလက်သို့ ဝေငှ၍ ယင်းတို့မှတဆင့် စိတ်ဝင်စားသူတို့က သတင်းပြန်တမ်း တစ်ခုလုံးကိုသော်လည်းကောင်း၊ အကျဉ်းချုပ်၍သော်လည်းကောင်း ကြိုက်နှစ်သက်သလို ကူးယူပုံနှိပ်ကာ အနှံ့အပြား ဖြန့်ချိခဲ့ကြလေသည်။ ဤကား သတင်းစကားများကို စုပေါင်း၍ ပြန်တမ်းတစ်စောင်တစ်ဖွဲ့အဖြစ် လူထုကို ပထမဆုံးအကြိမ် ပေးပို့ဖြန့်ချိခဲ့ခြင်းပင် ဖြစ်သည်။


အနောက်နိုင်ငံများ၌မူ ခရစ် ၁၆၆၅ ခုနှစ်၌ လန်ဒန်မြို့မှ တစ်ပတ်လျှင် ၂ကြိမ်ထုတ်ဝေသော အောက်စဖို့ဂေဇက် ပေါ်ပေါက်လာ၏။ မကြာမီပင် ယင်းအောက်စဖို့ဂေဇက်ကို လန်ဒန်ဂေဇက်ဟု အမည်ပြောင်းခဲ့သည်။ ဤသို့ အောက်စဖို့ ဂေဇက် သို့မဟုတ် လန်ဒန်ဂေဇက်ဟူ၍ ၁၆၆၅ ခုနှစ်၌ ပေါ်ထွက်ခဲ့သော်ငြားလည်း ၁၆၇ဝ ပြည့်နှစ်အထိ သတင်းစာ ဟူ၍ကား မပေါ်ပေါက်သေးချေ။ အစိုးရက ပုံနှိပ်တိုက်များကို ချုပ်ချယ်ထားမှုများကြောင့် ကြန့်ကြာနေခဲ့ရသော စာနယ်ဇင်းအတတ်သည် ၁၇ ရာစုကုန်ခါနီးနှင့် ၁၈ရာစုအစလောက်ရောက်၍ လွတ်လပ်စွာ ပုံနှိပ်ရေးသားနိုင်ခွင့်ကို ရရှိလာသောအခါကျမှ လျင်မြန်စွာ တိုးတက်ကြီးပွားလာတော့လေသည်။ ၁၇ဝ၂ ခုနှစ်၌ လန်ဒန်မြို့တွင် ဒေးလီးကူးရန့် အမည်ရှိ သတင်းစာသည် ပထမဆုံးနေ့စဉ်သတင်းစာအဖြစ် ပေါ်ထွက်ခဲ့လေသည်။ ကျန် အခြားဥရောပနိုင်ငံများ၌ကား စာနယ်ဇင်းအတတ်သည် ၁၇၆ဝ ပြည့်နှစ်လောက်မှ သက်မွေးဝမ်းကျောင်းမှု အတတ်တစ်ခု ဖြစ်လာ၏။ ယင်းခုနှစ် မတိုင်မီကသော်၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၏ ဝါဒဖြန့်သော စာရွက်စာတမ်းများနှင့် အခြေအမြစ် ခိုင်လုံခြင်း မရှိဘဲ တစ်ဦးကိုတစ်ဦး ပုတ်ခတ်ပြောဆိုသော စာရွက်စာတမ်းများသာ ရှိခဲ့သည်။


အမေရိကန်တို့သည်ကား စာနယ်ဇင်းအတတ်ကို အင်္ဂလိပ် တို့ထံမှ စတင်ခံယူခဲ့ရခြင်း ဖြစ်ပေသည်။ အမေရိကန် ပြည်ထောင်စု ဖြစ်လာမည့် မြောက်အမေရိကတိုက် ဗြိတိသျှပိုင် ကိုလိုနီနယ်များတွင်၊ ပထမဆုံးသော ပုံနှိပ်စက်ကို ၁၆၃ဝ ပြည့်နှစ်၌ တည်ထောင်နိုင်ခဲ့၏။ သို့သော် ပထမဆုံး သတင်းစာသည်ကား ၁၆၉ဝ ပြည့်နှစ်တွင်မှ ထွက်ပေါ်လာခဲ့ပေသည်။ ဘင်ဂျမင် ဟဲရစ်ဆိုသူသည် အင်္ဂလန်၌ ပုံနှိပ်ထုတ်ဝေသော လုပ်ငန်းကို လုပ်ကိုင်နေရာမှ အာဏာပိုင်အစိုးရများနှင့် မသင့်မတင့် ဖြစ်သဖြင့် အမေရိကန် ကိုလိုနီများသို့ လာရောက်နေထိုင်ကာ ဗော်စတန်မြို့မှနေ၍ ၁၆၉ဝ ပြည့်နှစ်တွင် 'ပြည်တွင်းပြည်ပ အဖြစ်အပျက်' အမည်ရှိသော သတင်းစာကို ထုတ်ဝေခဲ့၏။ သို့သော် အမေရိကန်နိုင်ငံ၌ ပထမဆုံးအကြိမ် ထွက်ပေါ်ခဲ့သော ယင်းသတင်းစာသည် အာဏာပိုင်အစိုးရများ၏ အသိအမှတ်မပြုမှု၊ လိုင်စင်ထုတ်မပေးမှုများကြောင့် မကြာမီပင် ချိုးနှိမ်ခြင်း ခံလိုက်ခဲ့ရလေသည်။ ယင်းကာလမှ ၁၄ နှစ်ကြာပြီးနောက် ၁၇ဝ၄ ခုနှစ် ဧပြီလ၌မူ ဗော်စတန်မြို့ စာတိုက်ဗိုလ်ဖြစ်သူ ဂျွန်ကင်းဗဲသည် 'ဗော်စတန် သတင်းဆောင်းပါး' အမည်ရှိ သတင်းစာကို ပထမဆုံးအကြိမ် အောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့လေသည်။

မြန်မာပြည်၌မူ ၁၈၃၆ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ပထမဆုံး သတင်းစာ ထွက်ပေါ်လာခဲ့၏။ ထိုသတင်းစာမှာ 'မော်လမြိုင်'ခေါ် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေသည့် သတင်းစာဖြစ်၏။ အယ်ဒီတာမှာ အမေရိကန် ခရစ်ယန် သာသနာပြုဆရာ ဗင်းနက်ဆိုသူဖြစ်၏။

မြန်မာဘာသာဖြင့် ပထမဆုံးထွက်ပေါ်လာသည့် သတင်းစာကား မော်လမြိုင်မြို့၌ ၁၈၄၂ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည့် 'ဓမ္မသတင်းစာ'ဖြစ်လေသည်။ မြန်မာမင်းတို့ အုပ်ချုပ်သော မြန်မာနိုင်ငံတွင် ပထမဦးစွာ ပေါ်ပေါက်သော သတင်းစာမှာ သက္ကရာဇ် ၁၂၃၆ ခု (ခရစ် ၁၈၇၄ ခုနှစ်)တန်ခူးလဆန်း ၇ရက်နေ့တွင် စတင်ထုတ်ဝေသော ရတနာပုံနေပြည်တော် သတင်းစာ ဖြစ်သည်။ ထိုသတင်းစာကို နေမျိုးသီဝသိဒ္ဓိ ဘွဲ့ခံ တရုတ်မြန်မာကပြား ဦးအဟီးဆိုသူက ပုံနှိပ်ထုတ်ဝေသည်။ အယ်ဒီတာမှာ မြန်မာစာပေ၌ ဖိုးဝဇီရဟု ထင်ရှားသောပုဂ္ဂိုလ်ဖြစ်သည်။


သို့ရာတွင် ဖော်ပြပါ သတင်းစာများမှာ နေ့စဉ်သတင်းစာ မဟုတ်ချေ။ အထောက်အထားများအရ တစ်လတစ်ကြိမ်ထုတ်၊ တစ်သီတင်း တစ်ကြိမ်ထုတ် သတင်းစာများသာ ဖြစ်ပေသည်။ နေ့စဉ်သတင်းစာအဖြစ် ၁၈၈၉ ခုနှစ်၌ ထုတ်ဝေသော အင်္ဂလိပ်သတင်းစာ 'ရန်ကုန်ဂေဇက်'သည် မြန်မာနိုင်ငံတွင် ပထမဆုံး ထုတ်ဝေသော နေ့စဉ်သတင်းစာ ဖြစ်လေသည်။

မည်သည့်မြန်မာသတင်းစာသည် ပထမဆုံး နေ့စဉ်ထုတ်ဝေခဲ့ သည်ဟူ၍ အထေက်အထား ရှာဖွေ မတွေ့ရသော်လည်း ၁၈၉၄ ခုနှစ်၌ နေ့စဉ်ထုတ်ဝေခဲ့သည့် မြန်မာသတင်းစာ နှစ်စောင် အနက် တစ်စောင်မှာ ရန်ကုန်မြို့၌ ထုတ်ဝေသော မြန်မာ အဆွေသတင်းစာ ဖြစ်ကြောင်းကိုကား တိကျစွာ သိရှိရပေ သည်။ ကျန်တစ်စောင်၏အမည်မှာမူ မသိရပေ။

ဤကား စာနယ်ဇင်းအတတ်ဆိုင်ရာ သတင်းစာလုပ်ငန်းများ စတင်ပေါ်ပေါက်ခဲ့ပုံများ ဖြစ်လေသည်။ မျက်မှောက် ခေတ်၌မူ စာနယ်ဇင်းအတတ်သည် ကမ္ဘာတစ်ဝန်းလုံး၌ များစွာ တိုးတက် လျက် ရှိနေခဲ့လေပြီ။ ယင်းအနက် သတင်းစာလုပ်ငန်းသည် အရေးအပါဆုံးနှင့် အကျယ်ဝန်းဆုံးဟု ဆိုရမည်ဖြစ်သည်။ သတင်းစာလုပ်ငန်း၌ တာဝန်အသီးသီးကို ခွဲဝေဆောင်ရွက် နေကြရသူများတွင် အယ်ဒီတာသည် သတင်းစာ အယ်ဒီတာ အဖွဲ့၏အချုပ် ဖြစ်သည်။ သတင်းစာ၌ ထည့်သွင်းရန် သတင်း ဆောင်းပါးမှန်သမျှကို စစ်ဆေးတည်းဖြတ်ရသည်။ နယ်သတင်း ထောက်၊ မြို့သတင်းထောက်နှင့် နိုင်ငံခြားသတင်းဌာနများမှ ပေးပို့ရရှိသော သတင်းမှန်သမျှကို စစ်ဆေးရွေးချယ်ရ၏။ ပယ်သင့်သည်ကို ပယ်၍ အရေးတကြီး ထည့်သွင်းသင့်သည် သတင်းများကို ထည့်သွင်းရေးနှင့် ဆိုင်းငံ့ထားသင့်သည့် သတင်းများကို ဆိုင်းငံ့ထားရန် စီစဉ်ရသည်။

သူ့အားကူညီရန် လက်ထောက်အယ်ဒီတာများ ရှိသည်။ အယ်ဒီတာများကို ဌာနအလိုက် အမျိုးမျိုး ခွဲထား၏။ နေ့ အယ်ဒီတာ၊ ညအယ်ဒီတာ၊ မြို့မအယ်ဒီတာ၊ နိုင်ငံခြား အယ်ဒီတာ၊ သတင်းအယ်ဒီတာ၊ ကစားခုန်စားအယ်ဒီတာ စသည်ဖြင့် ဖြစ်သည်။

သတင်းထောက်ကား သတင်းရအောင် ရှာဖွေရသူဖြစ်သည်။ တိကျ မှန်ကန်စွာ သတင်း အတိုအထွာ အစအနများကို တိကျ မှန်ကန်စွာ ထောက်လှမ်းစုပေါင်း၍ သတင်းဆောင်းပါးကောင်း တစ်ပုဒ်ဖြစ်အောင် ရေးဖွဲ့ပြီးလျှင် အထက်ဖော်ပြရာပါ ဌာန အလိုက် အယ်ဒီတာများသို့ ပေးပို့ တင်ပြရ၏။ သတင်းရရန် အလို့ငှာ သတင်းထောက်များသည် ပေါင်းသင်းဆက်ဆံ ရေး၌ များစွာ ကျွမ်းကျင်လိမ်မာရလေသည်။ သတင်းထောက်တွင် သတင်းစာတိုက် တည်ရှိရာအရပ်၌လုပ်သော သတင်းထောက်၊ ရပ်ဝေးမှသတင်းပို့သော သတင်းထောက်၊ နိုင်ငံခြားမှ သတင်း ပို့သော သတင်းထောက် ဟူ၍ရှိသည်။

လက်ထောက်အယ်ဒီတာကား သတင်းစာလုပ်ငန်း၌ အရေး ကြီးဆုံးသောသူများတွင် အပါအဝင် တစ်ယောက်ပင်တည်း။ သူ၏အလုပ်ဝတ္တရားကား တနေ့အတွက် စုပေါင်းရရှိသော သတင်းမှန်သမျှကို သတင်းစာ၌ ထည့်သွင်းခြင်း မပြုမီ သတ်ပုံ သတ်ညွှန်း၊ သဒ္ဒါဝါကျ မှန်ကန်ခြင်း ရှိမရှိကို စစ်ဆေးကြည့်ရှု ရသည့်အပြင် ရံဖန်ရံခါ သတင်းစာနေရာ အနည်း အများ အလိုက် သတင်းများကို ချုံ့တန်ချုံ့၊ ကျဉ်းတန်ကျဉ်း၍ မူမပျက် စေဘဲ ပြုပြင်ပေးရ၏။ ထိုသို့ လိုအပ်သလို စစ်ဆေးပြုပြင်ပြီး သောအခါမှ သတင်းခေါင်းစည်းကို နောက်ဆုံးရေးပေး ရလေ သည်။

သတင်းစာတွင် အထူးသီးသန့် တစ်နေရာ သို့မဟုတ် တစ်မျက်နှာယူ၍ မိမိကြိုက်နှစ်သက်ရာ ဆောင်းပါးကို ရေးသားသူကား အခန်းဆောင်းပါးရှင်ပင် ဖြစ်သည်။ အချို့က နေ့စဉ်ရေး၍၊ အချို့က တစ်ပတ်လျှင် ၂ ကြိမ် ၃ ကြိမ်မျှသာ ရေးလေ့ရှိကြသည်။

သတင်းစာတစ်စောင်လုံးတွင် ခေါင်းကြီးသို့မဟုတ် သတင်း စာ အာဘော်သည် အဓိက အရေးကြီးဆုံး ဖြစ်လေသည်။ ယင်း ခေါင်းကြီး သို့မဟုတ် သတင်းစာအာဘော်သည် အများအားဖြင့် နိုင်ငံရေးကို မိမိသတင်းစာ၏ ဝါဒနှင့် ချိန်ထိုး ကြည့်ရှု၍ ပြတ်သားစွာ ဝေဖန်သုံးသပ် ရေးသားရခြင်း ဖြစ်သည်။ ဤ ခေါင်းကြီး သို့မဟုတ် သတင်းစာအာဘော်ကို ရေးသူများကား အယ်ဒီတာအဖွဲ့ဝင်များထဲမှပင် ဖြစ်ကြသည်။ အချို့ သတင်းစာ များ၌ ခေါင်းကြီးရေးရန် အထူးသီးသန့်အယ်ဒီတာများ ထားရှိ ကြလေသည်။

တိုင်းပြည်တစ်ပြည်တွင် သာသနာ့ဝန်ထမ်း၊ အုပ်ချုပ်ရေး အဖွဲ့၊ ပြည်သူလူထု၊ သတင်းစာဆရာများဟူ၍ မဏ္ဍိုင်ကြီး လေးခုရှိရာတွင် စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းစာဆရာများ သည် တိုင်းပြည်တွင် အရေးအကြီးဆုံးဖြစ်သည်ဟု အင်္ဂလန် ပြည် ပါလီမန်လွှတ်တော်တွင် အက်ဒမန်ဗတ်သည် တစ်ခါက အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ဘူးသည်။ သတင်းစာဆရာ များနှင့် သတင်းစာထုတ်ဝေသူများ၏ လက်ထဲတွင် ကမ္ဘာကြီး ၏နောင်ရေးသည် တည်ရှိနေသည် ဟူ၍ပင် ဆိုကြ၏။

ထိုသူတို့၏ အရေးအသားများဖြင့် လူမျိုးအချင်းချင်း သို့မဟုတ် လူတန်းစားအချင်းချင်း မုန်းတီးရေးကိုလည်း တည်ဆောက် ပေးနိုင်၏။ လူတို့၏စိတ်ဓာတ် ပျက်စီး၍ နိမ့်ကျအောင်လည်း စွမ်းဆောင်နိုင်၏။ လူတို့၏စိတ်ဓာတ်ကိုလည်း မြှင့်တင်ပေး နိုင်၏။

မျက်မှောက်ခေတ်၌ စာနယ်ဇင်းလုပ်ငန်းသည် ကမ္ဘာတွင် အရေးပါအရာရောက်လာပြီ ဖြစ်သည့်အလျောက် စာနယ်ဇင်း အတတ်ကိုလည်း လူများသည် လေးစား၍ စိတ်ထက်သန်စွာ လေ့လာလိုက်စား သင်ယူလျက် ရှိကြလေပြီ။ အနောက်နိုင်ငံ တက္ကသိုလ်ကြီးများနှင့် အရှေ့တိုင်း တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ တက္ကသိုလ်ကြီးများ၌ စာနယ်ဇင်းသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြ၏။

ဗြိတိန်၌ အချို့သောသတင်းစာတိုက်ကြီးများသည် စာနယ် ဇင်း အတတ်ကို သတင်းစာတိုက်တွင်း၌ လက်တွေ့သင်ကြား ပေးလေသည်။ လန်ဒန်တက္ကသိုလ်ကမူ ၂ နှစ်သင်တန်း ပြီးဆုံး အောင်မြင်သူအား စာနယ်ဇင်းအတတ်ဆိုင်ရာ ဒီပလိုမာဘွဲ့ကို ပေးအပ်လေသည်။ အမေရိကန်ပြည်ထောင်စု၌ သတင်းစာ အတတ်ကို ပညာရပ်တစ်ခုအဖြစ်ဖြင့် ပထမဆုံး စတင်သင်ကြား သည့် တက္ကသိုလ်မှာ ဝစ္စကွန်းဆင်းတက္ကသိုလ် ဖြစ်သည်။

မြန်မာနိုင်ငံ၌ ၁၉၄၉ ခုနှစ်တွင် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်းမှ ကြီးမှူး၍ သတင်းစာအတတ်သင်တန်း ဖွင့်ခဲ့၍၊ ၁၉၅၂ ခုနှစ်၌တစ်ဖန် ရန်ကုန်တက္ကသိုလ်တွင် သတင်းစာပညာ သင်တန်း ဖွင့်ခဲ့ဘူးလေသည်။

နှစ်ပေါင်း ၁ဝဝ ခန့်အတွင်း စတင်ပေါ်ထွန်းလာခဲ့သော မြန်မာသတင်းစာ လောက၌ သတင်းစာလုပ်ငန်းနှင့် စပ်လျဉ်း၍ အသင်းဖွဲ့စည်းရေးကိစ္စများကို ဒုတိယကမ္ဘာစစ်ကြီးပြီးသည်အထိ ကျကျနန မပြုခဲ့ကြပေ။ စစ်ကြီးပြီးသည့်နောက် ၁၉၄၆ ခုနှစ် ဖေဖော်ရီလ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းကြီးဟူ၍လည်းကောင်း၊ ၁၉၄၇ ခုနှစ်တွင် မြန်မာနိုင်ငံ သတင်း ထောက် အသင်းကြီးဟူ၍လည်းကောင်း ပေါ်ပေါက်လာကြခြင်းသည် သတင်းစာလုပ်ငန်းအတွက် အားတက်ဖွယ် ဖြစ်ပေသည်။[၁]

သတင်းစာပညာသည် ဖြစ်ပျက်နေသောအကြောင်းအရာများကို စုံစမ်းစစ်ဆေးခြင်း၊ အစီရင်ခံခြင်း၊ ထုတ်ပြန် ခြင်းနှင့်ကျယ်ပြန့်သော ပရိသတ်အတွင်းသို့ စီးဝင်ရောက်ရှိစေခြင်းတို့ဖြစ်သည်။ သတင်းစာပညာတွင် ကွဲလွဲသော အကြောင်းအရာများ များစွာရှိသော်လည်း ရည်ရွယ်သည်မှာ ပြည်သူတစ်ရပ်လုံးအား သတင်းအချက်များပေးပို့ခြင်းပင် ဖြစ်သည်။ ထို့အပြင်လျှို့ဝှက်သောအဖွဲ့အစည်း နှင့် အစိုးရကဲ့သို့သော အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများအနုပညာနှင့် ဖျော်ဖြေမှုကဲ့သို့သော ယဉ်ကျေးမှုရှုထောင့်မှ လူမှုရေးဆိုင်ရာတို့ကိုပါ လွှမ်းမိုးထားသည့် သတင်းစာပညာတို့ဖြစ် သည်။ ယင်းနယ်ပယ်တွင် တည်းဖြတ်ခြင်း၊ ဓာတ်ပုံသတင်းပညာ နှင့် မှတ်တမ်းမှတ်ရာအဖြစ် တင်ပြခြင်းများတို့ ပါဝင်သည်။

ဂိုဟန်ကာလို့(စ်)၏ ၁၆၀၅ ခုနှစ်က စထရာဘတ်(စ်)တွင် ထုတ်ဝေခဲ့သော Relation aller Fürnemmen und gedenckwürdigen Historien သည် ပထမဦးဆုံး သတင်းစာ အဖြစ် ရံဖန်ရံခါ အသိအမှတ်ပြုကြသည်။ ပထမဦးစွာ အောင်မြင်ခဲ့သောအင်္ဂလိပ်နေ့စဉ် ဒေးလီးကိုးရန်(တ်) ကို ၁၇၀၂ခုနှစ်မှ ၁၇၃၅ခုနှစ်အတွင်း ထုတ်ဝေခဲ့သည်။ ခေတ်မီသော လူမှုအဖွဲ့အစည်းများအတွင်း သတင်းမီဒီယာသည် ပြည်သူလူထု အရေးကိစ္စများအပေါ် ထင်မြင်ချက်များကို သတင်းအချက်အလက်အဖြစ် အဓိကပံ့ပိုးသယ်ဆောင်ပေးခြင်းကို ဖြစ်ပေါ်စေခဲ့သည်။ သို့ရာတွင် သတင်းစာပညာ၏အခန်းကဏ္ဍ နှင့် အဆင့်အတန်းသည် အခြားသော လူထုမီဒီယာများ နှင့် အတူ အင်တာနက် အထူးအားဖြင့် ဝက်(ဘ်) ၂.၀ မှ ထွက်ပေါ်လာသည့် အပြောင်းအလဲများအောက်တွင် တွေ့ကြုံခံစားနေပါသည်။[၂]

အခြားအသွင်အပြင်များပြင်ဆင်

သတင်းစာများနှင့် မဂ္ဂဇင်းများ ဂျာနယ်များတို့သည် သတင်းစာဆရာများ ရေးသားသောဝိသေသများ (ဝိသေသအသွင်အပြင် ကြည့်ပါ) မကြာခဏပါဝင်သည်။ ၎င်းတို့အများစုသည် ဤကဲ့သို့ပုံစံများကို အထူးပြုထားသည်။ ဝိသေသကိုဖော်ပြသော ဆောင်းပါးများသည် ထုံးစံအတိုင်း ရှည်လျားသော အရေးအသားပုံစံများ ဖြစ်ကြသည်။ တိုက်ရိုက်သတင်းအစီရင်ခံခြင်းထက် အသွင်အပြင်ကို ပိုမိုဂရုပြုတတ်ကြသည်။ ၎င်းတို့သည် မကြာခဏဓာတ်ပုံများ၊ ပန်းချီပုံများ သို့မဟုတ် အခြားအနုပညာများတို့ဖြင့် ပေါင်းစပ်ထားတတ်ကြသည်။ ၎င်းတို့သည် ပုံနှိပ်စက်ရိုက်ပညာ၏ အကျိုးသက်ရောက်မှု သို့မဟုတ် အရောင်အသွေးတို့ဖြင့် ချယ်မှုန်းထားတတ်ကြသည်။

ရေးသားထားသည့် ဝိသေသများကို ဖြောင့်စင်းသည့် သတင်းပုံပြင်များထက် ပိုမို၍ လိုလား ကြသည်။ အဘယ်ကြောင့်ဆိုသော် သတင်းစာဆရာသည် အကြောင်းအချက်များကို မှန်ကန်စွာ စုဆောင်း အစီရင်ခံနိုင်ရန် ညီမျှသည့် ကြိုးပမ်းအားထုတ်မှုကို ပြုလုပ်ရပါမည်။ ထို့အတူပင် သတင်းစာဆရာသည် တီထွင် ဆန်းသစ်စေရန်နှင့် စိတ်ဝင်စားဖွယ်ရာ ရေးသားသင့်သည်။ ထိပ်ဆုံးပိုင်း သို့မဟုတ် ဖြစ်ရပ်များ၏ (ပထမ စာပိုဒ် အနည်းငယ် နတ်ဂရပ်) သည် ဖတ်ရှုသူ၏ အာရုံစူးစိုက်မှုကို ဆုပ်ကိုင်နိုင်ရမည်ဖြစ်ပြီး၊ ဆောင်းပါး၏ အတွေးအခေါ်များကိုလည်း မှန်ကန်စွာ ရုပ်လုံးဖော်နိုင်ရမည် ဖြစ်သည်။ [၃]

ချဉ်းကပ်နည်းများပြင်ဆင်

၂၀ရာစုနှစ် နောက်ဆုံးတစ်ဝက်တွင်၊ ဖြောင့်စင်းသည့် သတင်းအစီရင်ခံခြင်းနှင့် ဝိသေသကိုဖော်ပြသော အရေးအသားတို့အကြားနည်းဗျူဟာသည် မရှင်းလင်းပါ။ သတင်းစာဆရာများနှင့် ပုံနှိပ်ထုတ်ဝေသူများ သည် အရေးအသားများကို ကွဲပြားခြားနားသည့် ချဉ်းကပ်နည်းများဖြင့် ယနေ့လက်တွေ့ စမ်းသပ်ကြည့်ကြသည်။ တွမ်ဝု(ဖ်)၊ ဂေးတယ်လီစီ၊ ဟန့်တား အက်စ် သွန်မဆင် တို့သည် ၎င်းတို့၏အချို့သောနမူနာများပင် ဖြစ်ကြသည်။ မြို့ပြနှင့်တစ်လှည့်စီထုတ်ဝေသော အပတ်စဉ်သတင်းဂျာနယ်များသည် ခြားနားမှုကို ပိုမို၍ မှုန်ဝါးစေပြီး၊ များစွာသောမဂ္ဂဇင်းတို့သည်လည်း ဖြောင့်စင်းသည့် သတင်းများထက် ဝိသေသကိုဖော်ပြသော ဆောင်းပါးများကို ပိုမိုထည့်သွင်းလာကြသည်။

အချို့သော ရုပ်မြင်သံကြားသတင်းများသည် ပုံသဏ္ဌာန်အပြောင်းအလဲများကို စမ်းသပ်ထုတ်လွှင့် ပြသကြသဖြင့် တီဗွီပြပွဲများအားသတင်းပြပွဲများဟု အခိုင်အမာပြောဆိုမှုများကိုရှေးရိုးဝေဖန်သူများ က ယင်းသို့မစဉ်းစားခဲ့ကြပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင်ပါဝင်မှုများနှင့် နည်းလမ်းများသည် သတင်းစာပညာအဆင့်အတန်းများဖြင့် လက်ခံနိုင်ရန်ခိုင်မာမှုမရှိ၍ဖြစ်သည်။ အမျိုးသားလူထု ရေဒီယိုသည်လည်း အခြားတစ်ဘက်တွင်ကောင်းသည့် ဥပမာတစ်ခုအနေဖြင့် ဖြောင့်စင်းသည့် သတင်းအစီရင်ခံတင်ပြခြင်း၊ ဝိသေသများ၎င်းတို့နှစ်ဦးပေါင်းစည်းမှုများသည် ပုံမှန်အားဖြင့် မြင့်မားသောစံချိန်စံညွှန်းများ ပေါင်းဆုံစေသည်။ အခြားသော ယူအက်စ် လူထုရေဒီယို သတင်းအဖွဲ့အစည်းများကလည်း တူညီသော ရလဒ်များကိုရရှိကြသည်။

သတင်းစာပညာ၏ အဓိကပါဝင်သည့်အချက်များပြင်ဆင်

ဘေ(လ်)ကိုဗတ်နှင့် တွမ်ရိုစင်တီ(လ်)တို့၏စာအုပ် The Elements of Journalism အရဆိုပါမူ သတင်းစာ ပညာ၏ အဓိကပါဝင်သည့် အချက်(၉)ချက်ရှိသည်။ သတင်းစာဆရာတစ်ယောက်အနေဖြင့် ပြည်သူလူထုကို သတင်းအချက်အလက်များပေးခြင်းအားဖြင့် ၎င်း၏တာဝန်ကို ပြီးမြောက်ပြည့်စုံစေရန် ၎င်းတို့သည် လွတ်လပ်၍ မိမိကိုယ်မိမိထိန်းချုပ်နိုင်ရန် လိုအပ်သည်။ ၎င်းတို့သည် ဤလမ်းညွှန်ချက်များ ကို လိုက်နာရမည်ဖြစ်သည် -

  1. သတင်းစာပညာ၏ ပထမတာဝန် သိစိတ်သည် အမှန်တရားဖြစ်သည်။
  2. ၎င်း၏ပထမသစ္စာတရားရှိမှုသည် နိုင်ငံသားများသို့ ဖြစ်သည်။
  3. ၎င်း၏အနှစ်သာရမှာ အမှန်တရားကို ရှာဖွေဖော်ထုတ် ခြင်း၏ စည်းကမ်းရှိမှုပင်ဖြစ်သည်။
  4. ၎င်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများသည် ၎င်းတို့ဖော်ထုတ်တွေ့ရှိမှုများမှ လွတ်လပ်ခြင်းတစ်ခုကို မွမ်းမံထိန်းသိမ်းထားရမည်။
  5. ၎င်းသည် တန်ခိုးအာဏာတို့မှ လွတ်လပ်သည့် ဦးဆောင်သူ အဖြစ် တာဝန်ထမ်းဆောင်ရမည်။
  6. ၎င်းသည် အများပြည်သူဝေဖန်မှုနှင့် ညှိနှိုင်းမှုတို့အတွက် အခန်းကဏ္ဍတစ်ခု ဖွင့်လှစ်ထားရှိရပါမည်။
  7. ၎င်းသည် ထင်ရှားသည့်စိတ်ဝင်စားဖွယ်ရာနှင့် ဆက်စပ်ခိုင်လုံမှုများအတွက် ကြိုးပမ်းဆောင်ရွက်ရမည်။
  8. ၎င်းသည် သတင်းများကို ပြည့်စုံသောလိုရင်းအချက်များနှင့် အချိုးညီစွာထိန်းသိမ်းထားရမည်။
  9. ၎င်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများသည် ၎င်းတို့၏ ကိုယ်ပိုင်အကောင်းအဆိုး ခွဲခြားသိသည့် စိတ်ကို လေ့ကျင့်မှုပြုနိုင်ရန် ခွင့်ပြုရမည်။
  10. ၎င်းသည် ပြည်သူများအတွက် မှန်ကန်ဖြောင့်မတ်မှုနှင့် တာဝန်ရှိသူများဖြစ်သည်။

၂၀၀၇ခုနှစ် ဧပြီလ တည်းဖြတ်ထုတ်ဝေသည့် စာအုပ်တွင်၊ ၎င်းတို့သည် နောက်ဆုံးအခြေခံအချက်ဖြစ်သည့် ပြည်သူများအတွက် မှန်ကန်ဖြောင့်မတ်မှုနှင့် တာဝန်ရှိမှုများကို ဖြည့်စွက်ခဲ့၍ သတင်းစာပညာ၏ အခြေခံအချက်စုစုပေါင်း ဆယ်ချက်ဖြစ်လာသည်။

အသက်မွေးဝမ်းကျောင်း နှင့် ကျင့်ဝတ်ဆိုင်ရာစံထားချက်များပြင်ဆင်

သတင်းစာပညာကျင့်ဝတ်နှင့် စံထားချက်များပြင်ဆင်

ယူကေနိုင်ငံတွင် သတင်းစာများ အားလုံး သည် ပုံနှိပ်ခြင်းဆိုင်ရာ မကျေနပ်ချက်များ ကော်မရှင်၏ လက်တွေ့လုပ်ဆောင်မှု ဥပဒေ (Code of Practice) ဖြင့် ကန့်သတ်ထားသည်။ ယင်းတွင် ပြည်သူတို့၏ ပုဂ္ဂလိကဆိုင်ရာနှင့် သေချာသော တိကျမှန်ကန်မှုတို့ကို လေးစားရန်ဆိုသည့် အချက်များပါဝင်သည်။ သို့သော်လည်း မီဒီယာ စံထားချက်ယုံကြည်မှုများ (Media Standards Trust) သည် ပီစီစီအား ဝေဖန်ခဲ့ရာတွင် ပြည်သူအများမှ သတင်း စာများပေါ်တွင် ယုံကြည်မှုကို သေချာစေရန်မှာ အရင်းအမြစ်မှ လုံးဝပြောင်းလဲပစ်ရန် လိုအပ်မည်ဟု တောင်းဆိုနေခဲ့ သည်။ ၎င်းသည် ၂၀ရာစုနှစ်မတိုင်မီ မီဒီယာအခြေအနေနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေပါသည်။ ယင်းအချိန်အခါ က မီဒီယာဈေးကွက်ကို သတင်းစာငယ်များနှင့် စာအုပ်လေးများရေးသူတို့က လွှမ်းမိုးခြယ်လှယ်ထားပြီး ၎င်း တို့မှာ ဖြစ်ပေါ်လာမည့် အခြေအနေ သို့မဟုတ် မှန်ကန်သည့် ရည်ရွယ်ချက်များကို ကြိုတင်မှန်းဆခြင်း မရှိပဲ သမားရိုးကျဖြစ်သော လူသိရှင်ကြားဖြစ်မည့် အရင်းအမြစ်နှင့်ဆိုင်သော အစီအစဉ်များသာ ရှိခဲ့သည်။

စံထားချက်များကို မွမ်းမံရန် ကျရှုံးမှုများပြင်ဆင်

ယင်းသို့ ဥပဒေကျမ်းအရ ပြုမူဆောင်ရွက်မှုများသည် စစ်မှန်သော ကမ္ဘာတွင် ညီညွတ်စွာ မြှင့်တင်နိုင်မှု အတွက် အခက်အခဲ များရှိနိုင်သည်။ သတင်းစာဆရာများသည် မျှတမှုနှင့် မှန်ကန်သည့်ရည်ရွယ်ချက်ကို ယုံကြည်သူများအနေ ဖြင့် ယိမ်းယိုင်သည့်စိတ်သဘောထားအခြေအနေများကို ဖြစ်ပေါ်လာစေနိုင်သည်။ ရွေးချယ်၍ အစီရင်ခံခြင်း ၊ လွန်မင်းစွာ သတင်းပုံပြင်များအပေါ်ယုံကြည်ခြင်း၊ သို့မဟုတ် အပြုအမူများ အတွက် ဖြေရှင်းချက် တစ်စိတ်တစ်ဒေသကိုသာပေးခြင်း။ (မီဒီယာပါ ယိမ်းယိုင်မှု-ကြည့်ပါ။) လုပ်ရိုးလုပ်စဉ် အစီရင်ခံခြင်းများတွင်ပင် ယိမ်းယိုင်မှုသည် သတင်းထောက်၏ အချက်အလက်များရွေးချယ်မှုမှတစ်ဆင့် ဖြစ်ရပ်အတွင်းသို့ တိုးဝင်သွားနို်င်ပါသည်။ ယင်းသို့ ရွေးချယ်မှုသည် သတင်းအားချုံ့ရန် သို့မဟုတ် လုံလောက်သည့် အကြောင်းရင်းများ စစ်ဆေးရန် ပျက်ကွက်မှု အစီရင်ခံခြင်း ၏ ဆန့်ကျင်ဘက်အသံများကို ကြားခြင်း သို့မဟုတ် လတ်ဆတ်သည့်အတွေးအမြင်များကို ရှာဖွေခြင်းတို့ဖြစ်သည်။

အဖွဲ့အစည်းအသစ်တစ်ခု၏ လျာထားငွေသည် မည်သည့်သတင်းများကို ခြုံမိစေရန်၊ မည်သည့် ပရိသတ် အတွက်နှင့် မည်မျှနက်ရှိုင်းမှုအထိစသည့် ဆုံးဖြတ်ချက်များချမှတ်ရန် မလွှဲမရှောင်သာသော ရောင်ပြန်ဟပ်မှု များကို ဖြစ်ပေါ်စေသည်။ ယင်းဆုံးဖြတ်ချက်များသည်လည်း အမှတ်ထင်ထင်သို့ တည်းမဟုတ် အမှတ်တ မဲ့ဖြစ်သော ယိမ်းယိုင်မှုများကို တန်ပြန်ဖြစ်စေသည်။ လျာထားငွေ များကို ဖြတ်တောက်သည့်အခါတွင် အယ်ဒီတာများသည် ဝေးကွာသော သတင်းဗြူရိုများရှိ သတင်းထောက်များအတွက် အနစ်နာခံသည့် အနေဖြင့် လစာနည်းဧရိယာတွင် ထမ်းဆောင်နေသည့် ဝန်ထမ်းများအရေအတွက် လျော့ချခြင်း သို့မဟုတ် ပုံနှိပ်ထုတ်ဝေသည့် စိတ်ဝင်စားမှုနယ်ပယ်မှ အားလုံးသော လုပ်ကိုင်နေသူများကို ရှင်းထုတ်ပစ်ခြင်းများ ပြုလုပ်တတ်သည်။ ထုတ်ဝေသူများ ပိုင်ရှင်များနှင့်အခြားသော စုပေါင်းအမှုဆောင်များ အထူးသဖြင့် ကြော်ငြာအရောင်း အမှုဆောင်များတို့သည် သူတို့၏ တန်ခိုးပါဝါ များကို သတင်းစာဆရာများ အပေါ်တွင် ကြိုးပမ်းအသုံးပြု၍ သတင်းများကို မည်သို့အစီရင်ခံရမည်နှင့် ထုတ်ဝေရမည်တို့ အပေါ်တွင် လွှမ်းမိုးမှုများပြုလုပ်လာကြသည်။

စွဲဆိုချက်များပြင်ဆင်

သတင်းစာဆရာများသည် ထိပ်ပိုင်းစီမံခန့်ခွဲသူများ အပေါ်တွင် သမားရိုးကျ ယုံကြည်အားထားတတ်ကြ၍ သတင်းနှင့် သတင်းအဖွဲ့အစည်းအတွင်းရှိ အခြားဌာနများတို့ဖြင့် “မီးတံတိုင်း” (Firewall) တစ်ခုဖန်တီး ထားရှိခြင်းဖြင့် သတင်းဌာနအပေါ်တွင် မလိုအပ်သည့် လွှမ်းမိုးမှုများ မဖြစ်ပေါ်စေရန် တားဆီးနိုင်ရန် ဆောင်ရွက်ကြသည်။ သတင်းစာပညာ မဂ္ဂဇင်းတစ်စောင်ဖြစ်သော ကိုလံဘီယာ သတင်းစာပညာဆိုင်ရာပြန်လည်စစ်ဆေးခြင်း Columbia Journalism Review သည် သတင်းဖုံးအုပ်မှုများကို လွှမ်းမိုးရန်ကြိုးပမ်းသည့် အမှုဆောင်အရာရှိများ ၎င်းတို့၏ တန်ခိုးအာဏာများဖြင့် သတင်းစာဆရာ များအပေါ် မဟုတ်မမှန် မပြုလုပ်သည့် အမှုဆောင်အရာရှိများနှင့်၊ ယင်းသို့ ဖိနှိပ်မှုများကို ဆန့်ကျင်သည့် သတင်းထောက်များတို့ကို စံနမှုနာများအနေဖြင့် ဖော်ထုတ်သည့် အလေ့အကျင့်ကို ပြုခဲ့သည်။

ကိုယ်တိုင်တည်းဖြတ်ခြင်း သည် သတင်းစာပညာတွင် ကြီးထွားလာသည့်ပြဿနာတစ်ခုဖြစ်သည်။ အထူးအားဖြင့် ပုံနှိပ်ထုတ်ဝေသူများ၏လွတ်လပ်ခွင့်ကို ထင်ရှားစွာ ကန့်သတ်ထားသော နိုင်ငံများတွင်ဖြစ်၏။ မီဒီယာဈေးကွက်နေရာများတွင် စီးပွားရေးဖိအားပေးမှုအရ မီဒီယာအဖွဲ့အစည်းများသည် ထင်ပေါ်သည့် နိုင်ငံများကို မဆီလျော်သည့် သတင်းပုံပြင်များ ထုတ်ပြန်ခြင်းဖြင့် ချဉ်းကပ်နည်းလမ်းဆုံးရှုံးမည်ကို မလိုလား ကြပါ။ စီအန်အန်ကဝန်ခံခဲ့သည်မှာ ၎င်းတို့သည် ကိုယ်တိုင်တည်းဖြတ်ခြင်းကို အလေ့အကျင့်ပြုခဲ့၍ ဆက်ဒန်ဟူစိန်၏ အီရတ်အုပ်ချုပ်မှုစနစ်ကို ယင်းအုပ်ချုပ်မှုစနစ်သည် အခြားမီဒီယာအား ဖယ်ရှားပြီးနောက် စဉ် ဆက်မပြတ် ချဉ်းကပ်နည်းစနစ်ကို သေချာစေရန် ဆောင်ရွက်ခဲ့သည်။ စီအန်အန်သတင်းထောက် ခရစ်စတိန်း အေမန်ပို ကိုယ်တိုင်တည်းဖြတ်ခြင်း စနစ်ကို မကျေနပ်ကြောင်းကို၊ အီရတ်အားကျူးကျော်ဝင် ရောက်စဉ်အတွင်း ယူအက်စ်ရှိ အချက်အချာ ပရိသတ်များနှင့် ကင်းကွာသွားမည်ကို ကြောက်ရွံ့မိသော ကြောင့်ဟု ဆိုသည်။ မီဒီယာများသည် အစ္စရေးနှင့် အိီရန်နီယန်း အုပ်ချုပ်မှုမှ ဖိနှိပ်ချုပ်ချယ်ခြင်း၊ လူ့အခွင့် အရေးနှင့် အကြမ်းဖက်မှုများကို ဖုံးလွှမ်းမည့်သတင်းပုံပြင်များအား ယင်းနိုင်ငံများသို့သွားရောက်နိုင်ခြင်းကို ထိန်းသိမ်းသည့်အနေဖြင့် ရှောင်လွှဲခဲ့ကြသည်ဟု စွဲဆိုချက်များ ရှိခဲ့သည်။

တရားဥပဒေဆိုင်ရာ အဆင့်အတန်းပြင်ဆင်

ပုံနှိပ်ခြင်း၏ လွတ်လပ်ခွင့်ပြင်ဆင်

ကမ္ဘာတစ်ဝှမ်းရှိ သတင်းစာဆရာများသည် ၎င်းတို့လူမျိုးများ၏ အုပ်ချုပ်သူ အစိုးရများအကြောင်းကို မကြာ ခဏ ရေးသားတတ်ကြသည်။ ယင်းအစိုးရများသည် သတင်းစာဆရာများသို့ ရှေးရှု၍ ကျယ်ပြန့်သည့် အမျိုးမျိုးသော မူဝါဒများနှင့် ကျင့်သုံးမှုများထားရှိတတ်ကြပြီး၊ ယင်းထိန်းချုပ်မှုများအပေါ် ၎င်းတို့အနေဖြင့်သုတေသနပြုရေးသားနိုင်ကြ၍၊ပုံနှိပ်ရေးအဖွဲ့အစည်းများကလည်း ထုတ်ဝေနိုင်ကြသည်။ အခြားသော နိုင်ငံများသည် သတင်းစာဆရာများ၏ သုတေသနပြုမှု၊ ထုတ်ဝေမှုတို့အပေါ် ပြင်းထန်စွာ တားမြစ်ကန့်သတ်ထားကြစဉ် များစွာ သောအနောက်နိုင်ငံအစိုးရများသည် ပုံနှိပ်ခြင်း၏ လွတ်လပ်ခွင့် ကို အာမခံကြပြီး၊ ပုံနှိပ်တိုက်များ၏ အခွင့်အရေး နှင့် လွတ်လပ်ခြင်းများကို နှိုင်းဆ၍ အနည်းငယ်သော ကန့်သတ်ချက်များသာ ထားရှိကြသည်။

နိုင်ငံများစွာရှိ သတင်းစာဆရာများသည် အများပြည်သူတို့ ခံစားခွင့်မရှိသော အထူးအခွင့်အရေးများကို ရရှိ ခံစားနိုင်ကြသည်။ ယင်းတို့တွင် ပြည်သူတို့၏ အရေးကြီးသည့် ဖြစ်ရပ်များသို့ ကောင်းမွန်စွာ ချဉ်းကပ် နိုင်ခြင်း၊ မှုခင်းဖြစ်သည့်နေရာများနှင့် ပုံနှိပ်ရေးညီလာခံများ၊ ပြည်သူ့အရာထမ်းများဖြင့် တွေ့ဆုံမေးမြန်းမှုများပြုနိုင် ခြင်း၊ အခမ်းအနားများနှင့် အခြားသော ပြည်သူ့မြင်ကွင်းများတို့ ပါဝင်သည်။ ဤကဲ့သို့ အထူး အခွင့်အရေး များကို ရရှိနိုင်ကြသည်မှာ၊ ပုံနှိပ်ခြင်း၏ သိမြင်နိုင်သည့် တန်ခိုးအာဏာသည် အစိုးရအပေါ်ထားရှိသည့် ပြည်သူလူထု၏ အကောင်းဘက်ထင်မြင်ချက်များ သို့မဟုတ်အစိုးရများ၊ ၎င်းတို့၏အရာထမ်းများနှင့် မူဝါဒများ ထပ်မံ၍၎င်းတို့၏ သုံးစွဲသူများကို မကြာခဏကိုယ်စားပြုသော ပုံနှိပ်ခြင်းဆိုင်ရာအယူအဆကြောင့် ဖြစ်သည်။ သတင်းစာဆရာများ၏ ဥပဒေကြောင်းဆိုင်ရာ အခွင့်အရေးများမှာ တိုးချဲ့လာသော်လည်း ယင်းအခွင့်အရေးများမှ အာမခံပေးမထားပါ။ တစ်ခါတစ်ရံတွင် အစိုးရအရာရှိများသည် တစ်ဦးချင်းစီသော သတင်းစာဆရာများကို တွန်းအားပေးရန် ကြိုးစားသည်။ ထိုသူတို့သည် အခွင့်အရေးများတိုးမြှင့်ပေးထားသည်တို့ကို ငြင်းပယ်ကြသော တစ်ဦးချင်းစီသော သတင်းစာ ဆရာများ ဖြစ်ကြသည်။

နိုင်ငံ သို့မဟုတ် တရားစီရင်ပိုင်ခွင့်များက ဥပဒေနှင့်အညီ လိုင်စင်ရသတင်းစာဆရာများကို အပ်နှင်း ထားသည်။ ယင်းလိုင်စင်များနှင့်အတူ အထူးအခွင့်အရေးများနှင့် တာဝန်ဝတ္တရားများ၊ သို့သော် ယူနိုက်တက်စတိတ် တွင် ရှေးရိုးစဉ်လာ လွတ်လပ်သည့် ပုံနှိပ်တိုက်များသည် အစိုးရထိန်းချုပ် ပြဋ္ဌာန်း ထားသည့် စာမေးပွဲများ လိုင်စင်ခွင့်ပြုမိန့်များကို ရှောင်ကြဉ်ကြသည်။ အချို့သော နိုင်ငံများတွင် အသေးစိတ်ဖော်ပြထားသော ဒိုင်းသဖွယ် ဥပဒေများသည် သတင်းစာဆရာများအား အချို့သော အစိုးရ၏ စုံစမ်းစစ်ဆေးခြင်း ပုံစံများမှ ကာကွယ်ထားသည်။ သို့ရာတွင် “သတင်းစာဆရာ” အား အတည်ပြုသည့် ဥပဒေပြဋ္ဌာန်းချက်များအရ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ပုံနှိပ်လုပ်ငန်း ပုံနှိပ်တိုက်များနှင့် အသံလွှင့်ရုံ တာဝါများကို အခြေခံထားခဲ့သည်။ အမျိုးသားရေး ကာကွယ်မှုဥပဒေကို အဆိုပြုထားခဲ့ပြီး ဖြစ်သည်။

အချို့သော နိုင်ငံများတွင် သတင်းစာဆရာများကို တိုက်ရိုက်ခန့်ထားပြီး ၎င်းတို့အစိုးရမှ ထိန်းချုပ် ခြင်း၊ တည်းဖြတ်ခြင်းများ ပြုလုပ်ကြသည်။ အခြားသော နိုင်ငံများတွင်မူ ပုံနှိပ်ရေး အခွင့်အရေးများကို အာမခံ ထားရန် တောင်းဆိုထားသည့် အစိုးရများမှ သတင်းစာဆရာများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပိုင်ဆိုင်ခွင့် ပစ္စည်းများသိမ်းယူခြင်း သို့မဟုတ် ဖျက်ဆီးပစ်ခြင်း (အထူးအားဖြင့် - ထုတ်လုပ်မှုနည်းလမ်းနှင့် သတင်း ပါဝင်မှု ဖြန့်ဝေခြင်း)၊ ညှင်းပန်းနှိပ်စက်ခြင်း၊ လူသတ်ခြင်းတို့ဖြင့် ခြိမ်းခြောက်တတ်ကြသည်။ လူမျိုးအချင်းချင်း သို့မဟုတ် နိုင်ငံတွင်း ပုန်ကန်သူများဖြင့် စစ်မက်ဖြစ်ပွားမှုများမှ ဝိရောဓိဖြစ်မှုများကို ရွေးချယ်သော သတင်းစာဆရာများသည် မကြာခဏအစိုးရ၏ အကာအကွယ်ပေးမှုများကို မျှော်လင့်ခြင်းမှ လက်မြှောက် အရှုံးပေးတတ်ကြသည်။ သို့မဟုတ်လျှင်လည်း အစိုးရမှ ၎င်းတို့၏အခွင့်အရေးများ အကာအကွယ်ပြုခြင်းကို အဆုံးရှုံးခံတတ်ကြသည်။ တိုက်ပွဲ ရန်ပွဲများအတွင်း ဖမ်းဆီးခြင်း သို့မဟုတ် ထိန်းသိမ်းခြင်းခံရသည့် သတင်းစာဆရာများအား သာမန်လူများကဲ့သို့ ဆက်ဆံခံရမည်ဟု မျှော်လင့်ရမည်ဖြစ်ပြီး ၎င်းတို့အစိုးရများ ထံသို့ ပြန်လည် စေလွှတ်ခံရမည်ဖြစ်သည်။

လျှို့ဝှက်ချက်အရင်းအမြစ်များကို ကာကွယ်သည့် အခွင့်အရေးပြင်ဆင်

အရင်းအမြစ်များကို ကာကွယ်ခြင်းပြင်ဆင်

သတင်းစာဆရာများ၏ အရင်းအမြစ်များဖြင့် အပြန်အလှန် ဆောင်ရွက်မှုသည် တစ်ခါတစ်ရံ လျှို့ဝှက်ချက် များ ပါဝင်တတ်သည်။ ပုံနှိပ်ခြင်း ၏ လွတ်လပ်ခွင့်မှ ထပ်မံ၍သတင်းစာဆရာအား ကိုယ်ပိုင်ဖြစ်သော အရင်းအမြစ်တစ်ခု၏ ထပ်တူဖြစ်ခြင်းအတွက် ရဲသို့မဟုတ် အစိုးရရှေ့နေမှ တောင်းဆိုလျှင် ဥပဒေနှင့် အညီ ကာကွယ်ခြင်း၊ အရင်းအမြစ်ကို ထိမ်ချန်ထားခြင်းဖြင့် သတင်းစာဆရာအား ရုံးတော်မှ အထင်သေးရှုံ့ချ ခြင်း သို့မဟုတ် ထောင်ချခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ သတင်းစာဆရာများအား ပေးသည့် အခွင့်အရေးနယ်ပယ်များသည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွဲပြားခြား နားကြသည်။ ယူနိုက်တက်ကင်းဒမ်း တွင် ဥပမာအားဖြင့် အစိုးရအနေဖြင့်အလွန်အရေးကြီးသော သတင်းအချက်အလက်များဟုယူဆပါကပိုမိုသောဥပဒေအခွင့်အရေးဖြင့် အကာအကွယ်ပြုပါသည်။ သတင်းစာ ဆရာအားလည်း သတင်းအချက်အလက်ယိုဖိတ်မှု အရင်းအမြစ်များကို ဖော်ထုတ်ရန် အမိန့် အာဏာဖြင့် အတင်းအကျပ် ပြုခြင်းများကို ယူနိုက်တက်စတိတ် ဆောင်ရွက်နိုင်သည်။ အခြားသော နိုင်ငံများ၊ အထူးသဖြင့် ဇင်ဘာဘွေ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သည် သတင်းစာဆရာများအား ပြည်တွင်းနှင့် နိုင်ငံရပ်ခြားတို့တွင် ညှင်းပန်းနှိပ်စက်ခြင်း ကျော်ဇောမှုတစ်ခုရှိသည်။

ယူနိုက်တက်စတိတ်တွင် အရင်းအမြစ်များကို ဖယ်ဒရယ် ရုံးတော် မှ ကာကွယ်ရန် အခွင့်အရေးမည်သည့် အခါကမှ မရှိခဲ့ပါ။ အချို့သော ပြည်နယ်များတွင် ကွဲပြားခြားနားသော ဒီဂရီများဖြင့် ဤသို့ ကာကွယ်ခြင်း များ ပေးထားသည်။ သို့ရာတွင် ဖယ်ဒရယ်ရုံးတော်များမှ သတင်းစာဆရာများအား အရင်းအမြစ်များကို ဖော်ထုတ်ရန် ရုံးတော်မှ ရရှိထားသည့် သတင်းအချက်အလက်သည် လွန်စွာအမှုဖြင့် သက်ဆိုင်မှုရှိ မနေပါက အတင်းအကျပ် ပြုလုပ်ရန် ငြင်းဆိုပါလိမ့်မည်။ ဤသို့ဖြင့် သတင်းရရှိရန် အခြားနည်းလမ်းမရှိပါ။ သတင်းစာဆရာများသည် အခြားသော ပြည်သူပြည်သားများကဲ့သို့ ကျမ်းကျိန်ခြင်းကို ဆန့်ကျင်ခြင်း ဖြင့် ရုံးတော်၏ အထင်သေးရှုံ့ချခြင်း၊ ဒဏ်ရိုက်ခြင်း သို့မဟုတ် ထောင်ချခြင်းတို့ဖြင့် တွေ့ကြုံကြရမည် ဖြစ်သည်။

ရည်ညွှန်းကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
  2. သတင်းစာ
  3. snapshot-news.com