ပင်မမီနူးကို ဖွင့်ရန်

ကမ္ဘာ့သမိုင်းတွင် စာအုပ်သည် ၁၅ ရာစုမှ စတင်နေရာယူလာကြသည် ဟုထင်ပါသည်။ လက်လှမ်းမီ သမျှတင်ပြရလျှင် ကမ္ဘာ့ပထမဆုံးစာအုပ်သည် ခရစ်နှစ် ၁၄၅၆ ခုနှစ်မှစတင်ပုံနှိပ်သည်ဟု အဆိုအမိန့် ရှိခဲ့ပါသည်။ ခရစ်နှစ် ၁၄၅၆ ခုနှစ်တွင် 'ဂျွန်ဂူတင်ဘတ်ဆိုသူက သမ္မာကျမ်းစာအုပ် အတွဲနှစ်တွဲကို စတင်ပုံနှိပ်ထုတ်ဝေသည်။ ထိုစာအုပ်တွင် စာတစ်မျက်နှာ၌ စာကြောင်းရေ ၄၂ ကြောင်းပါရှိပြီး နှစ်ကော်လံခွဲခြား ဖော်ပြသည်။ ထိုစာအုပ်တွင်ပြီးစီးရန် ၅ နှစ်ကြာ ပုံနှိပ်ခဲ့ရသည်ဟု သိရှိမှတ်သားရပါ သည်။ ပထမဆုံးသောရောင်စုံ ပုံနှိပ်စာအုပ်ကို ခရစ်နှစ် ၁၄၅၇ ခုနှစ်တွင် 'ဂျွန်ဖတ်နှင့် ပီတာရှိုဖာတို့ နှစ်ဦးက ပုံနှိပ်ထုတ်ဝေခဲ့သည်။ ခရစ်နှစ် ၁၄၇၅ ခုနှစ်တွင် 'ဝီလီယမ် ကက်စတာသည် ထရွိုင်မြို့သမိုင်း ကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုရေးသားကာ ၁၄၇၇ ခုနှစ်၌ အင်္ဂလန်နိုင်ငံမှ စာအုပ်အဖြစ် ထုတ်ဝေခဲ့ သည်။

မြန်မာနိုင်ငံ၏ ပုံနှိပ်စာအုပ်သမိုင်းဦးသည် ခရစ်နှစ် ၁၇၇၆ ခုနှစ် (မြန်မာသက္ကရာဇ် ၁၁၃၈ ခုနှစ်) ဆင်ဖြူရှင်မင်းလက်ထက်တွင် စတင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ ၁၇၇၆ ခုနှစ်တွင် သန်လျင်မြို့သို့ အီတလီလူမျိုး သာသနာပြုတစ်ဦး ရောက်လာခဲ့ပြီး မြန်မာစာပေကို လေ့လာသင်ကြားခဲ့သည်။ ထို့နောက် အီတလီနိုင်ငံ ရောမမြို့သို့ပြန်သွားပြီး မြန်မာအက္ခရာများကို တီထွင်သည်။ ယင်းမြန်မာ အက္ခရာ ခဲစာလုံးများဖြင့်

မြန်မာသင်ပုန်ကြီးစာအုပ်၊ ခရစ်တော်ဝင်ချုပ်စာအုပ်၊ ဘုရားသခင် ပညတ်တော်တို့ အနက်အဓိပ္ပာယ် စာအုပ်၊ ဘုရားသခင် ဘာသာတရားတော်အလျောက် အကျင့်ဝါဒကိုပြသော စာအုပ်များကို ရောမမြို့ ခရစ်ယာန်သာသနာပြု ပုံနှိပ်စက်မှ ရိုက်နှိပ်ခဲ့သည်။ ထို့ကြောင့် မြန်မာဘာသာဖြင့် ပုံနှိပ်စာအုပ်ကို အေဒီ ၁၇၇၆ ခုနှစ် (မြန်မာသက္ကရာဇ် ၁၁၃၈ ခုနှစ်တွင် ရောမမြို့မှ စတင်ပုံနှိပ် ထုတ်ဝေခဲ့သည်ဟု အဆိုအမိန့်ပြု မှတ်တမ်းတင်ခဲ့သည်။)

၁၇၇၆ ခုနှစ်မှာပင်၊ ရောမမြို့ ခရစ်ယာန်သာသနာပြု ပုံနှိပ်စက်ပိုင်ရှင်များသည် သန်လျင်မြို့ရှိ ခရစ် ယာန်သာသနာပြုများထံသို့ ပုံနှိပ်စက်နှစ်လုံးကို မြန်မာအက္ခရာ ခဲစာလုံးခြောက်သောင်း၊ လက်တင် အက္ခရာခဲစာလုံး လေးသောင်းနှင့်အတူ ပေးပို့ခဲ့၏။ သို့သော် သန်လျင်မြို့ မီးလောင်သည့်အခါ ပုံနှိပ်စက်နှင့် ခဲစာလုံးများ ပါသွား၍စာအုပ်များ ပုံနှိပ်ထုတ်ဝေခြင်း မပြုနိုင်ခဲ့ပေ။

ခရစ်နှစ် ၁၈၁၅ ခုနှစ်တွင် ဖီးလစ်ကဲရေးအမည်ရှိသော သာသနာပြုတစ်ဦးသည် ဘိုးတော်မင်း တရားထံ ခွင့်ပြုချက်အရ အိန္ဒိယပြည် ဆီရမ်ပူမြို့မှ မြန်မာခဲစာလုံးများနှင့် ပုံနှိပ်စက်တစ်လုံးကို အမရပူရမြို့သို့ ယူဆောင်ခဲ့သည်။ ရှေးဦးစွာ အိန္ဒိယမှ ရန်ကုန်သို့ ရေကြောင်းခရီးဖြင့် သယ်ဆောင် သည်။ ထို့နောက် ရန်ကုန်မှ အမရပူရမြို့သို့ ရေကြောင်းခရီးဖြင့် သယ်ဆောင်စဉ် လမ်းတွင်သင်္ဘော နစ်မြုပ်ခဲ့သဖြင့် ပုံနှိပ်စက် ဆုံးရှုံးခဲ့သည်။ အမရပူရမြို့တွင် မြန်မာဘာသာ စာအုပ်ရိုက်နှိပ်မှု အခွင့် အရေးပျက်ပြားသွားခဲ့ရသည်။ ထိုသို့ မြန်မာနိုင်ငံ၌ ပုံနှိပ်စက်ဖြင့် စာအုပ်များရိုက်နှိပ်ရန် ကြိုးပမ်းစဉ် ကာလဖြစ်သော ၁၈၁၀ ခုနှစ်မှာပင်

"ဆီရမ်ပူမြို့ရှိ ခရစ်ယာန်သာသနာပြု ပုံနှိပ်တိုက်မှ "မြန်မာ ယိုးဒယား၊ မာလာယု အင်္ဂလိပ်၊ လေးဘာ သာပြော လက်စွဲစာအုပ်" ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။

၁၈၁၇ ခုနှစ်တွင် ဆီရမ်ပူမြို့ခရစ်ယာန် သာသနာပြုဆရာများက မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ရောက်ရှိ လာသော အမေရိကန်လူမျိုး သာသနာပြုတစ်ဦးဖြစ်သည့် ယုဒသန်အား မြန်မာအက္ခရာခဲစာလုံးများနှင့် ပုံနှိပ်စက်တစ်လုံးကို လက်ဆောင်အဖြစ် ပေးလိုက်သည်။ ထိုပုံနှိပ်စက်ခဲစာလုံးများဖြင့် ခရစ်တော် ရာဇဝင်အတ္ထုပ္ပတ္တိစာအုပ်၊ ဓမ္မအမေးအဖြေစာအုပ်တို့ကို ထုတ်ဝေခဲ့သည်။ ထို့ကြောင့် အောက်မြန်မာ နိုင်ငံ ရန်ကုန်မြို့တွင် ခရစ်နှစ် ၁၈၁၇ ခုနှစ် (မြန်မာသက္ကရာဇ်-၁၁၇၉ ခုနှစ်) တွင် မြန်မာအက္ခရာဖြင့် စတင် ပုံနှိပ်စာအုပ် ထုတ်ဝေမှုပြုခဲ့သည်ဟု မှတ်တမ်းတင်ခဲ့ကြသည်။ ထိုပုံနှိပ်စက်သည် ရန်ကုန်မြို့မှ တစ်ဆင့် မော်လမြိုင်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး၊ ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လည်ပြောင်းရွှေ့လာကာ အမေရိကန်သာသနာပြု ပုံနှိပ်တိုက်အမည်ဖြင့် စာအုပ်များ ရိုက်နှိပ်ထုတ်ဝေခဲ့သည်။

ဘကြီးတော်လက်ထက်တွင် တမန်တော်ဝတ္ထု၊ ဓမ္မသစ် ကျမ်းစာအုပ်များကို ရန်ကုန်မြို့၌ ပုံနှိပ်ထုတ် ဝေခဲ့သည်။ အိန္ဒိယနိုင်ငံ ဆီရမ်ပူမြို့မှလည်း "အင်္ဂလိပ်နှင့်မြန်မာ" ဝေါဟာရစာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့ သည်။ သာယာဝတီမင်းလက်ထက်တွင် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့မှ 'မြန်မာဘာသာ သဒ္ဒါစာအုပ်' ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ မော်လမြိုင်မြို့မှလည်း အင်္ဂလိပ်မြန်မာ အဘိဓာန်စာအုပ်ကို ထုတ်ဝေခဲ့ သည်။ ပုံနှိပ်စက်များ စတင်ပေါ်ပေါက်ချိန်က မြန်မာဘာသာဖြင့် ပုံနှိပ်ထုတ်ဝေသော စာအုပ်အများစု သည် ခရစ်ယာန်သာသနာပြု စာအုပ်များသာဖြစ်သည်။ မြန်မာသဒ္ဒါနှင့် မြန်မာအဘိဓာန်ဆိုင်ရာ စာအုပ်အရေအတွက်မှာ အလွန်နည်းပါးသည်။ မြန်မာမှုနှင့် ပတ်သက်သော စာအုပ်ကို ၁၈၄၇ ခုနှစ် တွင် အေ၊ ဘီ၊ အမ် ပုံနှိပ်တိုက်ရန်ကုန်မြို့မှ 'မနုဓမ္မသတ်ကျမ်း' အမည်ဖြင့် ထုတ်ဝေမှုပြုခဲ့သည်။

မန္တလေးနေပြည်တော် (ရတနာပုံခေတ်)၊ မင်းတုန်းမင်းလက်ထက်တွင် ရတနာပုံနေပြည်တော်၌ စက်ရုံ ပေါင်း (၅၀) ကျော်တည်ဆောက်ခဲ့သည်။ ယင်းတို့အနက် စာပုံနှိပ်စက်ရုံလည်း တစ်ခုအပါအဝင်ဖြစ် သည်။ ၁၈၆၄ ခုနှစ်တွင် ရွှေနန်းတော် မြောက်ဥယျာဉ်တော်အတွင်း၌ စာပုံနှိပ်စက်တည်ထောင်ခဲ့ သည်။ စာအုပ်များ ပုံနှိပ်ထုတ်ဝေခဲ့၏။ ထိုစာပုံနှိပ်စက်မှ ပြဇာတ်စာအုပ်များ အများအပြား ပုံနှိပ်ထုတ် ဝေခဲ့သည်။ မန္တလေးရတနာပုံ နေပြည်တော် သတင်းစာကိုလည်း ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထို့ကြောင့် အထက်မြန်မာနိုင်ငံ မန္တလေးရတနာပုံမြို့တော်တွင် ခရစ်နှစ် ၁၈၆၄ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၂၂၆ ခုနှစ်တွင် စာပုံနှိပ်လုပ်ငန်း ပေါ်ပေါက်လာကာ၊ ပုံနှိပ်စာများ ထွန်းကားလာသည်ဟု မှတ်တမ်းတင်ထား ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ စာအုပ်များပုံနှိပ်ထုတ်ဝေသည့် လုပ်ငန်းနှင့်ပတ်သက်၍ ၁၈၆၃ ခုနှစ်ပတ်ဝန်းကျင်က တနင်္သာရီ တိုင်းမင်းကြီးအဖြစ် အမှုထမ်းဆောင်ခဲ့သော အီး၊ အေ၊ ဘလန်ဒယ်(လ်)၏ တနင်္သာရီ တိုင်းမင်းကြီး ရုံးတော်ဝင်စာ၊ ထွက်စာများ (၁၈၂၅-၂၆ ခုနှစ်မှ ၁၈၄၂-၄၃) အစီရင်ခံစာတွင် ဤသို့ ဖော်ပြထားသည်။

နေ့စဉ်ထုတ်စာစောင်များ၊ စိတ်ဝင်စားဖွယ်ကောင်းသော စာအုပ်များကို မြန်မာလူမျိုးအတွက် ပုံနှိပ် ထုတ်ဝေရန်၊ စာပုံနှိပ်တိုက်တစ်ခုကို တည်ဆောက်ရန် ကြိုးစားခဲ့သည်။ လစဉ်စာပုံနှိပ်တိုက်၏ အသား တင်ဝင်ငွေမှ ၁၅၀ ကျပ်၊ အမြတ်ရရှိသည်။ စာပုံနှိပ်တိုက်သည် ကျောင်းဝင်းနှင့် ဆက်စပ်နေ၍ ဖီးစကူး ပရက်(စ်)ဟု အမည်ပေးထားသည်။ ထိုစာပုံနှိပ်တိုက်ကို ပညာရေး ကော်မတီမှ လက်လွှဲယူကာ ကျောင်းသုံး အင်္ဂလိပ်စာအုပ်များ၊ မြန်မာစာအုပ်များကို ပုံနှိပ်ထုတ်ဝေသင့်သည်။

ဤအစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ၁၈၃၆ ခုနှစ်အချိန်မှစတင်၍ စာအုပ်ထုတ်ဝေရေးလုပ်ငန်းကို အခြေချလုပ်ကိုင်ရန် စိတ်ဝင်တစား ရှိနေကြောင်း သိနိုင်သည်။

နောက်ပိုင်းကာလများတွင် ပုံနှိပ်တိုက်များ အမြောက်အမြား ပေါ်ပေါက်လာကာ ပြဇာတ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များနှင့် အထွေထွေ စာအုပ်များကို ပုံနှိပ်ထုတ်ဝေခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ပုံနှိပ်တိုက်များ စတင်ပေါ်ပေါက်လာစဉ်က ပုံနှိပ်ထုတ်ဝေခဲ့သော စာပုံနှိပ်တိုက်အမည်စာရင်းများကို တတ်စွမ်းသမျှ ရှာဖွေစုဆောင်းကြည့်မိရာတွင်

ရန်ကုန်မြို့တွင် "အေ၊ ဘီ၊ အမ် ပုံနှိပ်တိုက်၊ မြန်မာသံတော်ဆင့် ပုံနှိပ်တိုက်၊ ပဲခူးပုံနှိပ်တိုက်၊ ရန်ကုန် တိုင်းပုံနှိပ်တိုက်၊ ဥက္ကလာပ ပုံနှိပ်တိုက်၊ မြန်မာဗုဒ္ဓဘာသာ သာသနာပြု ပုံနှိပ်တိုက်၊ ဒီဘက်(ခ်ျ) ပုံနှိပ်တိုက်၊ အစိုးရပုံနှိပ်တိုက်၊ တိဂုဏ်တိုင်း ပုံနှိပ်တိုက်၊ ဗဟိုအကျဉ်းထောင် ပုံနှိပ်တိုက်၊ စရိရာမ ပုံနှိပ် တိုက်၊ ဘင်္ဂါလီဂျော့ပရင်းတင်း ပုံနှိပ်တိုက်၊ သာသနာလက်(ခ်ျ)မီ ပုံနှိပ်တိုက်၊ ရာမညတိုင်း ပုံနှိပ်တိုက်၊ ကေနာရူမီရာ ပုံနှိပ်တိုက်၊ အယ်ဘင်ယင် ပုံနှိပ်တိုက်၊ ပြည်ကြီးမဏ္ဍိုင် ပုံနှိပ်တိုက်၊ မင်္ဂလာကျော်ထင် ပုံနှိပ်တိုက်၊ ရတနာသီရိ ပုံနှိပ်တိုက်၊ သုရတိဂျော့ပရင်းတင်း ပုံနှိပ်တိုက်၊ ဟံသာဝတီ ပုံနှိပ်တိုက်၊ စမာချာပုံနှိပ်တိုက်၊ ဇေယျာပူရိန် ပုံနှိပ်တိုက်၊ ကာဝိန္ဒသီရိ ပုံနှိပ်တိုက်၊ မြန်မာအဆွေ ပုံနှိပ်တိုက်၊ အာဒန်(ဂျ်) ပုံနှိပ်တိုက်၊ တိုင်းလုံးဇမ္ဗူ ပုံနှိပ်တိုက်၊ ဝိတိုရိယ ပုံနှိပ်တိုက်၊ ဇမ္ဗူကျက်သရေ ပုံနှိပ်တိုက်၊ မာကင်တိုင် ပုံနှိပ်တိုက်။

မော်လမြိုင်မြို့တွင် မြန်မာတိုင်း ပုံနှိပ်တိုက်၊ ရမ္မာပူရ စာပုံနှိပ်တိုက်၊ အေဘီအမ် ပုံနှိပ်တိုက်၊ မင်္ဂလာ ဂီရိန် ပုံနှိပ်တိုက်၊ တနင်္သာရီ ပုံနှိပ်တိုက်၊ မော်လမြိုင်မိတ်ဆွေ ပုံနှိပ်တိုက်၊ ဘင်္ဂလီရှိတ်ရှုလဗတ် ပုံနှိပ် တိုက်၊ မော်လမြိုင် အက်ဒဗာတိုက်ဇာ ပုံနှိပ်တိုက်။

မန္တလေးမြို့တွင် ရတနာပုံနေပြည်တော် ပုံနှိပ်တိုက်၊ ချာနီယာ ပုံနှိပ်တိုက်၊ မြန်မာတာရာ ပုံနှိပ်တိုက်၊ အိန္ဒိယ ပုံနှိပ်တိုက်၊ ရတနာဒီပံ စာပုံနှိပ်တိုက်၊ မန္တလေး ပုံနှိပ်တိုက်၊ မြဝတီ ပုံနှိပ်တိုက်။

စစ်တွေမြို့တွင် စစ်တွေ စာပုံနှိပ်တိုက်၊ ပြည်ကြီးမဏ္ဍိုင် စာပုံနှိပ်တိုက်၊ ပုသိမ်မြို့တွင် ပုသိမ်ပုံနှိပ်တိုက်၊ စကောကရင် ပုံနှိပ်တိုက်၊ စိန်ပီတာကျောင်း ပုံနှိပ်တိုက်၊ ကတ်သလစ်သာသနာပြု ပုံနှိပ်တိုက်၊ တောင်ငူမြို့တွင် တောင်ငူတိုင်း စာပုံနှိပ်တိုက်၊ ကေတုမတီ စာပုံနှိပ်တိုက်၊ ဇေယျဘုံ ပုံနှိပ်တိုက်၊ မြင်းခြံ မြို့တွင် မာဃဝတီ စာပုံနှိပ်တိုက် စသည်တို့ ဖြစ်သည်။

ကမ္ဘာနှင့်မြန်မာ စာအုပ်သမိုင်းဦးတွင် အခက်အခဲများစွာ ကျော်ဖြတ်ခဲ့ရသည်။ ပုံနှိပ်စာအုပ်များ ပေါ် ပေါက်လာပြီးနောက် တစ်ခေတ်ထက်တစ်ခေတ် တစ်နှစ်ထက် တစ်နှစ် စာအုပ်၏အရေအတွက်၊ အရည်အသွေး၊ အမျိုးအစား၊ အပြင်အဆင် မြင့်မားတိုးတက် ခေတ်မီလာစေရန် နည်းအမျိုးမျိုး ခေတ် အမြင်အထွေထွေဖြင့် ကြိုးပမ်းလုပ်ဆောင်နေကြသည်မှာ မျက်မှောက်ခေတ် စာပေလောကတိုင် အောင် ဖြစ်သည်။ ယနေ့စာပေလောကတွင် စာအုပ်၏တန်ဖိုးနှင့် အနှစ်သာရကို တစ်ကမ္ဘာလုံးမှ တညီ တညွတ်တည်း လက်ခံထားသည်။ နိုင်ငံတကာစာအုပ်နှစ်ဟူသော စာအုပ်လောကမှတ်တိုင်ကိုလည်း စာပေသမိုင်းတွင် စိုက်ထူခဲ့ပြီးဖြစ်သည်။ စာအုပ်စာပေ လူ့မိတ်ဆွေ၊ စာနယ်ဇင်းတိုင်း ခေတ်သမိုင်းဟူ သော အနှစ်သာရတို့ဖြင့် ဝိသေသပြုခဲ့ကြသည်။

[၁]

ကိုးကားပြင်ဆင်

  1. ချင်းတွင်း မဂ္ဂဇင်း၊ အမှတ် (၃၃)၊ ဒီဇင်ဘာလ၊ ၂၀ဝ၈ ခုနှစ်၊