စားတော်ဝန် ပြင်ဆင်ရန်

စားတော်ဝန်သည် နန်းတွင်းရှိ မင်းမိဖုရား၊ သားတော်၊ သမီးတော်တို့၏ အစားအသောက်ကိစ္စများကို တာဝန်ယူရသူဖြစ်သည်။ စားတော်ဝန်၏ လက်အောက်တွင် စားတော်ကဲအမှုထမ်းများ ရှိကြပြီး မြန်မာပွဲတော်၊ ရွှေလောင်းပွဲတော်၊ ရံတိုင်းပွဲတော်၊ ကုလားပွဲတော်၊ တရုတ်ပွဲတော်များကို စီစဉ် ချက်ပြုတ်ရသည်။ ပွဲတော်များအား နံနက်၊ ည ဆက်သွင်းနိုင်ရန် အတွက် ပွဲတော်ရုံကြီး၌ စီစဉ်ချက်ပြုတ်ကြရခြင်းဖြစ်သည်။ ပွဲတော်ရုံကြီးမှာ ရွှေနန်းတော် မြောက်စမုတ်အနီး၌ တည်ရှိ၏။ စားတော်ဝန် အနဖြေင့် နေ့စဉ်မင်းဧကရာဇ်အတွက် ပွဲတော်အုပ် ၄၀ နှင့် အမိန့်တော်ရ ပွဲတော်အုပ် ၁၀၀ တို့ကို စီစဉ်ချက်ပြုတ်ပေးရသည်။

စားတော်ဝန် ကျော်ထင်သင်္ခယျာ ပြင်ဆင်ရန်

ကုန်းဘောင်ခေတ်ဦးကာလ ဘိုးတော်ဘုရား (ဗဒုံမင်း) လက်ထက်တွင် ကျော်ထင်သင်္ခယျာအား စားတော်ဝန်အရာ ခန့်အပ်ခဲ့သည်။ သို့သော် ကျော်ထင်သင်္ခယျာနှင့် ပတ်သက်သော အကြောင်းအရာများကိုမူ မသိရသေးပေ။ သို့သော် စားတော်ဝန် ကျော်ထင်သင်္ခယျာ ၏ သမီးတစ်ဦးမှာ အိမ်ရှေ့မင်း ဦးပေါ်၏ ကိုယ်လုပ်တော် တစ်ပါးဖြစ်ကြောင်း တွေ့ရှိရ၏။

စစ်မြေပြင်ရောက် စားတော်ဝန် ပြင်ဆင်ရန်

စစ်ကိုင်းမင်း (၁၈၁၉-၁၈၃၇) နန်းတက်လာသောအခါ မင်းလှမင်းခေါင်ဘွဲ့ခံ ဦးမိုးကို စားတော်ဝန်အရာ ခန့်အပ်ခဲ့သည်။ ၂ ဒီဇင်ဘာ ၁၈၁၉ တွင် မဏိပူရသို့ မလိန်းခွေးပူ စစ်ကြောင်းချီတက်စဉ် မင်းလှမင်းခေါင်သည် တပ်တစ်တပ်ကို အုပ်ချုပ်ကွက်ကဲကာ ချီတက်ခဲ့ရ၏။ ထိုစဉ်က မင်းလှမင်းခေါင်အား မြစ်သားမြို့စားဟု ဖော်ပြထားသည်။ စားတော်ဝန် မင်းလှမင်းခေါင်သည် ၁၈၂၅ ခုနှစ် အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲကာလအတွင်း၌လည်း ရန်ကုန်စစ်မြပြေင်သို့ သွားရောက် စစ်မှုထမ်းထမ်းရွက်ခဲ့ရသည်။ စားတော်ဝန်ဟူသည် နန်းတွင်းအချက်အပြုတ် တာဝန်ကိုသာယူရရာ စစ်ကိုင်းမင်းလက်ထက် စားတော်ဝန် မင်းလှမင်းခေါင်ဘွဲ့ခံ ဦးမိုးအား အဘယ်ကြောင့် စစ်မြေပြင်သို့ စေလွှတ်ခဲ့သည် ဆိုခြင်းကိုမူ နားလည်ရ ခက်ခဲလှပါသည်။ စားတော်ဝန် ဦးမိုး အုပ်ချုပ်ရသောတပ်တွင် အောင်ပင်လယ် သမိုင်းစု အမှုထမ်းများနှင့် သေနတ်အစု အမှုထမ်းလူ လေးထောင်ကျော်ပါဝင်ကြောင်း သိရှိရ၏။ စားတော်ဝန်သည် ရန်ကုန် စစ်မျက်နှာ၌ သာမက အထက်မြန်မာနိုင်ငံ နေရာဒေသအနှံ့အပြားသို့လည်း သွားရောက်စစ်မှုထမ်းခဲ့ရသေး၏။

စားတော်ဝန်ဦးခဲ ပြင်ဆင်ရန်

သာယာဝတီမင်းနှင့် ပုဂံမင်းတို့လက်ထက် စားတော်ဝန်၏ အမည်ကို မသိရှိရပေ။ မင်းတုန်းမင်း (၁၈၅၃-၁၈၇၈) လက်ထက်တွင်မူ စားတော်ဝန်ဦးခဲမှာ အမည်ထင်ရှားခဲ့သည်။ ဦးခဲသည် မဟာမင်းလှရွှေတောင်ဘွဲ့ခံ စားတော်ဝန်ဖြစ်ပြီး မင်းတုန်းမင်း၊ မိဖုရားကြီး စကြာဒေဝီ နှင့် သားတော် သမီးတော်များအတွက် အစားအသောက်များကို စီမံချက်ပြုတ်ရသူဖြစ်သည်။ စားတော်ဝန်ဦးခဲ၏ လက်အောက်တွင် အစ္စလာမ်ဘာသာဝင် မုန့်တော်ခေါင်း မင်းဦးရွက်ဆိုသူက အမှုထမ်းခဲ့ရ၏။ စားတော်ဝန် ဦးခဲမှာ မင်းတုန်းမင်းနှင့် ရုပ်ချင်းအတော်ဆင်သူ ဖြစ်သည်။ ၁၈၅၅ ခုနှစ်က အသာဖယ်ရာ ဦးဆောင်သော ဗြိတိသျှသံအဖွဲ့ အမရပူရနပြေည်တော်သို့ လာရောက်စဉ် စားတော်ဝန်ဦးခဲအား မင်းတုန်းမင်းအမှတ်ဖြင့် မှားယွင်းအရိုအသပြေုခဲ့ဖူးပါသည်။ နန်းတွင်းသူ နန်းတွင်းသားများကလည်း ဦးခဲအား မင်းတုန်းမင်းနှင့် မကြာခဏ မှားယွင်းတတ်ကြသည်။ သို့ဖြင့် ကင်းဝန်မင်းကြီးက စားတော်ကဲ ဦးခဲအား မုတ်ဆိတ်ကျင်စွယ် မထားရန်နှင့် လမ်းသွားလျှင် တောင်ဝှေး တစ်ချောင်းကိုင်ထားရန် အမိန့်တော်ချမှတ်ခဲ့၏။ ဦးခဲသည် ရေစကြိုနယ်သားဖြစ်ပြီး ရေစကြိုခုံတော် ဦးမှိုင်းက နန်းတွင်းသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ မင်းတုန်းမင်းက သူ့အား ရေစကြိုလေးရွာစား အဖြစ်ချီးမြှင်ခဲ့ပြီး မဟာမင်းလှရွှေတောင်ဘွဲ့ကို ပေးအပ်ခဲ့သည်။ ၁၆ ဇန်နဝါရီ ၁၈၇၃ ရက်စွဲပါ အမိန့်တော်တွင် စားတော်ဝန်ဦးခဲအား ယခင်မင်းတုန်း တောင်စဉ်ခုနှစ်ရိုင်ဝန်ကို ပေးအပ်ထားသည့် တောင်ဘက်ကိုးခရိုင် ဆည်ရေသောက်လယ်များကို ထပ်မံပေးသနားခဲ့ကြောင်း ဖော်ပြပါရှိသည်။ [၁]

စားတော်ဝန် ဦးပေါ်စော ပြင်ဆင်ရန်

စားတော်ဝန် ဦးခဲ၏ ရာထူးကို ဆက်ခံခဲ့သူမှာ စားတော်ဝန် ဦးပေါ်စော ဖြစ်ဟန်ရှိသည်။ လက်သုံးတော်ကြီးကိုင်တစ်ဦးဖြစ်သူ ဦးပေါ်စောကို စကုမြို့စား မဟာမင်းလှစည်သူဘွဲ့ဖြင့် စားတော်ဝန်အရာခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဦးပေါ်စောသည် မင်းတုန်းမင်းလက်ထက် နှောင်းပိုင်းကာလ၌ သာမက သီပေါမင်းနန်းတက်စကာလ၌ပင် စားတော်ဝန်အဖြစ် အမှုထမ်းရွက်ခဲ့သည်။ သီပေါမင်းလက်ထက် ၁၈၈၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဦးပေါ်စောကို မြောက်ထားဝယ်ဗိုလ်ရာထူးခန့်အပ်လိုက်ပါသည်။ စားတော်ဝန်အဖြစ် ပူးတွဲတာဝန် ထမ်းဆောင်ခဲ့ခြင်းရှိမရှိကိုမူ မသိရပေ။ စားတော်ဝန် ဦးပေါ်စော၏သား ဦးမောင်မောင်ပြန့်မှာ အဠဝီကမ်းတွင် နေထိုင်ခဲ့ပြီး စားတော်ကဲ ကျမ်းပေမူတစ်စောင်ကို ပုံနှိပ် ထုတ်ဝေခဲ့ကြောင်း သိရှိရ၏။

ကိုးကား ပြင်ဆင်ရန်

  1. မြကေတု (၁၉၇၁) "နန်းဓလေ့ မှတ်တမ်းများ"။ မြန်မာ့ပဒေသာ စာပေတိုက်၊ ရန်ကုန်။