စိတ်ပညာ

လူတို့၏ စိတ်နေသဘောထားနှင့် အပြုအမူကို သိပ္ပံနည်းကျကျ လေ့လာသည့် ပညာတစ်ရပ်
အခြားကြည့်ရန်။ သိတွေးအုံ

စိတ်ပညာ (ခေါ်) စိတ်ခင်းသရုပ်ပိုင်း (အင်္ဂလိပ်: Psychology) သည် လူတို့၏ စိတ် ဖြစ်စဉ်နှင့် အပြုအမူများကို စိုင်းယန့်စ်နည်းကျကျ (သိပ္ပံကျကျ) လေ့လာသည့် ပညာတစ်ရပ် ဖြစ်သည်။ စိတ်ပညာ၏ ရည်ရွယ်ချက်မှာ လူတို့၏ အပြုအမူများကိုနားလည်ရန်၊ ဖော်ပြရန်၊ ပြုပြင်မွမ်းမံရန်ဖြစ်ပြီး လူ့ဘောင်အဖွဲ့အစည်းအား အကျိုးပြုနိုင်ရန်ဖြစ်သည်။ စိတ်ပညာရှင်များသည် လူတစ်ဦးတစ်ယောက်ချင်း၏ စိတ်နေစိတ်ထားနှင့် အပြုအမူများကို သဘောပေါက်နားလည်နိုင်ရန် ကြိုးစားကြသည်။ ထို့အပြင် အပြုအမူများ နောက်ကွယ်ရှိ စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်များဖြစ်သည့် စဉ်းစားခြင်း၊ မှတ်ဉာဏ်၊ အာရုံခံခြင်း၊ အာရုံသိခြင်း၊ စိတ်လှုပ်ရှားခြင်းစသည့်အကြောင်းအရာများကိုလည်း လေ့လာကြသည်။

စိတ်ပညာသည်အတွေးအခေါ်ပညာရပ်မှ ခွဲထွက်လာသော အပြုအမူဆိုင်ရာသိပ္ပံပညာရပ်တစ်ခုဖြစ်သည်။

ခြုံငုံဖော်ပြချက်

ပြင်ဆင်ရန်

စိတ်ပညာသည် လူ၏ အတုံ့အမူ(behavior) တို့ကိုလည်း‌ကောင်း ၊ သိခြင်း သဘောသဘာတို့ကိုလည်း‌ကောင်း လေ့လာသော သိပ္ပံပညာရပ် တစ်ခုဖြစ်သည်။ စိတ်ပညာက လေ့လာသော ကိုယ်ကာယအတုံ့အမူသည် လူ၏သိခြင်းနှင့် ဆက်စပ်သော အတုံ့အမူမျိုး ဖြစ်သည်။ ထို့ကြောင့် လူ၏သိ ခြင်းကို လေ့လာရာ၌ အတုံ့အမူကိုလေ့လာရသည်။ အတုံ့အမူကို လက်တွေ့စမ်းသပ်ခြင်းအားဖြင့်လည်းကောင်း၊ တိုင်းတာခြင်းအားဖြင့်လည်းကောင်း၊ လေ့လာရသဖြင့် သိပ္ပံနည်းကို အသုံးပြုရလေသည်။ ဤသို့ စနစ်တကျလေ့လာခြင်းအားဖြင့်၊ လူ၏ သဘောအတုံ့အမူကို သိနားလည်၍၊ လူတို့၏ အတုံ့အမူကို ထိန်းအုပ်ပြုပြင်နိုင်ရန် ရည်ရွယ်သည်။ စိတ်ပညာရှင်များသည် မိမိတို့ စိတ်ပါဝင်စား သော အကြောင်းအချက်များကို အထူးလေ့လာကြရာ၌ စိတ် ပညာအမျိုးအစားအများကို ခွဲခြားထားလေသည်။ ထိုအမျိုး အစားအချို့မှာ-

  1. ယေဘုယျစိတ်ပညာသည် စိတ်အမျိုးမျိုးတို့နှင့်ဆိုင်ရာ ပဓာနသဘောတရားများကို ဖော်ပြသည်။ ထို့ပြင်အရွယ်ရောက်သော လူသတ္တဝါအကြောင်းကို အထူးလေ့လာသည်။
  2. ဇီဝကိစ္စစိတ်ပညာသည် သတ္တဝါတို့၏ အတုံ့အမူနှင့်လည်းကောင်း၊ သိခြင်းနှင့်လည်းကောင်း၊ ဆက်စပ်သော နဗ်ကြောစုများနှင့် အင်းဒိုခရင်းန် ဂလင်း (အတွင်းစိမ့်ဂလင်း) များ၏ လုပ်ငန်းများကို လေ့လာသည်။
  3. ကလေးစိတ်ပညာသည် ကလေးများ တိုးတက်ကြီးထွားရေးအကြောင်းကိုလည်းကောင်း၊ စစ်ဆေးခြင်းဖြင့် ကလေးတို့၏ စွမ်းအားအခြေအနေကိုလည်းကောင်း၊ ကလေးတို့၏ စွမ်းအားသည် မျိုးရိုးပေါ်၌ဖြစ်စေ၊ ပတ်ဝန်းကျင်ပေါ်၌ဖြစ်စေ၊ မည်မျှတည်ရှိ သည်ကိုလည်းကောင်း၊ကလေးများ အဆင်ပြေအောင် ပြုလုပ်ခြင်းကိုလည်းကောင်း၊ လေ့လာသည်။
  4. တိရစ္ဆာန်စိတ်ပညာသည် တိရစ္ဆာန်များ၏ အတုံ့အမူ ကိုလေ့လာသည်။
  5. စံလွဲစိတ်ပညာသည် အရွယ်ရောက်သော လူများ၏ ဓမ္မတာအလျောက် မဟုတ်သော အတုံ့အမူကိုလေ့လာသည်။
  6. လူမှုရေးစိတ်ပညာသည် အစုအဝေးနှင့် ဆက်ဆံခြင်းအားဖြင့် လူတစ်ဦးတစ်ယောက်၏ အတုံ့အမူနှင့်သိခြင်း မည်သို့ပြောင်းလဲတတ်ကြောင်းကိုလည်းကောင်း၊ အစုအဝေး အချင်းချင်းဆက်ဆံခြင်းဖြင့် ဖြစ်ပေါ်လာသော အချက်အလက်များကိုလည်းကောင်း၊ လေ့လာသည်။ မိသားစုများ၊ လူစုများ၊ အသင်းအဖွဲ့များ၊ လူအုပ်များ၊ခေါင်းဆောင်နှင့် နောက်လိုက်များ အကြောင်းကိုလေ့လာသည်။
  7. ပညာရေးစိတ်ပညာသည် စိတ်ပညာအားဖြင့် သိနားလည်ရသော ကလေး၏ တိုးတက်ကြီးထွားမှုကို ထောက်၍ ပညာသင်ကြားမှုကိုစိစစ်၏။ သင်ကြားခြင်း၊ စေ့ဆော်တိုက်တွန်းခြင်းတို့နှင့်ဆိုင်သော စိတ်ပညာ သဘောတရားများကိုလည်း အသုံးချရန် ရည်ရွယ်၏။
  8. စက်မှုလက်မှုစိတ်ပညာသည် စိတ်ပညာနည်းများကို အသုံးပြု၍အလုပ်သမားများကို ရွေးချယ်ခြင်း၊ အလုပ်လုပ် နည်းသင်ကြားခြင်း၊ စွမ်းရည်များတိုင်းတာခြင်းစသည်တို့ကို လေ့လာသည်။ ကူးသန်းရောင်းဝယ်ရေးတွင် ကြော်ငြာသော ကိစ္စနှင့် ကုန်တွင်ကျယ်အောင် ပြုလုပ်နည်းတို့ကို လေ့လာ သည်။
  9. ကုထုံးစိတ်ပညာသည် စိတ်ပညာဖြင့် စိတ်ရောဂါကုသနည်းများကိုလေ့လာသည်။ စံလွဲစိတ်ပညာကို အခြေ ပြုသည်။


စိတ်လှုပ်ရှားမှုနှင့် နောက်ဆက်တွဲ ကိုယ်တွင်းဇီဝဖြစ်စဉ်များ

ပြင်ဆင်ရန်

စိတ်လှုပ်ရှားမှုဆိုသည်မှာ ကြောက်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း စသည်တို့ကို ဆိုလိုသည်။ မွေးဖွားစကလေးများ၌ စိတ်လှုပ်ရှားမှုတစ်ခု၊ နှစ်ခုမျှသာရှိ သည်။ အသက်နှစ်နှစ် အတွင်းတွင် များစွာသော စိတ်လှုပ်ရှားမှုတို့ ဖြစ်ပေါ်လာသည်ကို တွေ့မြင်နိုင်သည်။ အစကနဦးတွင် စိတ်လှုပ်ရှားစေသော အကြောင်းအနည်းငယ်သာရှိသည်။ တစ်စထက်တစ်စ စိတ်လှုပ်ရှားစေသော အကြောင်းအရာများသည် များပြားလာရာ၊ အသက်အရွယ်ကြီးပြင်းလာသောအခါအစ၌ စိတ်လှုပ်ရှားမှုမဖြစ်စေသော အရာများပင် စိတ်လှုပ်ရှားမှုကို ဖြစ်ပေါ်လာစေနိုင်သည်။ ပမာအားဖြင့် အစ၌ကလေးသည် မြွေတိရစ္ဆာန်ကို မကြောက် သော်လည်း၊ အသက်အရွယ် ကြီးထွားလာသောအခါ၌ ကြောက်စိတ်ဖြစ်တတ်သည်။ လူကြီးတို့ အတွက် ကြောက်စရာများစွာ ရှိလာသည်မှာ၊ သင်ယူခြင်းကြောင့်ပင် ဖြစ်သည်။် စိတ်လှုပ်ရှားမှု အတုံ့အမူများသည် ယဉ်ကျေးမှုကိုလည်းလိုက်၍ ဖြစ်တတ်သည်။ လူမျိုးစုတစ်ခုတွင် ပါဝင်သူအများသည် ဒေါသစိတ်ဖြစ်လျှင် အတုံ့အမူတစ်မျိုး တစ်စားတည်းကိုသာ ပြုမူတတ်သည်။ ယင်းမှာ မိမိအပေါင်း အစု ပတ်ဝန်းကျင်မှ သင်ယူခြင်းကြောင့်ဖြစ်သည်။ အတုံ့အမူ အားဖြင့် စိတ်လှုပ်ရှားမှုတစ်မျိုးနှင့်တစ်မျိုး ခွဲခြားသိသာနိုင်ရန် ခဲယဉ်းသည်။ လူများ၏ မျက်နှာအမူအရာ ကိုယ်ဟန်နှင့် အသံကို ထောက်၍ စိတ်ဆိုးခြင်း၊ ကြောက်ရွံ့ခြင်း၊ အံ့အားသင့်ခြင်း စသည်တို့ကို တစ်မျိုးနှင့်တစ်မျိုး တစ်ထစ်ချခွဲခြား၍ မသိနိုင်ပေ။

စိတ်လှုပ်ရှားမှု ဖြစ်ပေါ်လာသောအခါ ကိုယ်ခန္ဓာအတွင်း ၌လည်း ပြောင်းလဲလှုပ်ရှားမှုများဖြစ်လာသည်။ ထို့ကြောင့် အသက်ရှူရှိုက်ခြင်း၊ သွေးအားတိုးခြင်း၊ သွေးခုန်ခြင်း၊ လက်ခြေလုံးပတ်ကြီးထွားခြင်း၊ နှလုံးကြွက်သားလှုပ်ရှားခြင်း၊ အရေပြား သည် လျှပ်စစ်ဓာတ်ကို တွန်းလှန်ခြင်းများ ဖြစ်လာသဖြင့်၊ ယင်းလှုပ်ရှားမှုတို့ကို တိုင်းတာခြင်းအားဖြင့် သိသာနိုင်သည်။ သာမန်အားဖြင့်ကား လူတစ်ဦးတစ်ယောက်၏ ပြင်ပလက္ခဏာ များဖြင့် စိတ်လှုပ်ရှားမှုကို တိုင်းထွာသော ကရိယာကို 'မုသား စုံထောက်'ဟု ခေါ်သည်။

သင်ယူခြင်း (အချက်သစ် သိယူခြင်း)

ပြင်ဆင်ရန်
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အချက်သစ် သိယူခြင်း

စိတ်ပညာတွင် သင်ယူခြင်း (အချက်သစ် သိယူခြင်း) သည် အလွန်အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်သည်။ အရွယ်ရောက်သော သူ၏အတုံ့အမူသည် သင်ယူခြင်းဖြင့် ဖြစ်လာသော အတုံ့အမူချည်းနှင်နှင်ဖြစ်သည်။ အရွယ်ရောက်သူ၏ စိတ်စေ့ဆော်တိုက်တွန်းမှု၊ စိတ်လှုပ်ရှားမှု၊ ကျွမ်းကျင်မှု၊ ဆင်ခြင်မှုတို့သည် သင်ယူခြင်းအပေါ်တွင် တည် နေသည်။
ကျွနိုပ်တို့သည် အစကနဦးသင်ယူသော အတုံ့အမူများ သည် အကြောင်းဆက် တုံ့ပြန်မှုများဖြစ်သည်။ နို့ဗူးတိုက်သော ကလေးသည် အစ၌ နို့ဗူးကိုမြင်လျှင် နို့စို့ခြင်းမပြုချေ။ နို့သီး ကို မိမိ၏ ပါးစပ်တွင်းသို့ထည့်မှ နို့စို့သည်။ အခါခါ နို့ဗူးကို မြင်ရပြီးနောက်၊ ပါးစပ်တွင်းသို့ နို့သီးထည့်၍ ခံတွင်းကို လှုံ့ဆော်ပေးလျှင်၊ နို့ဗူးကိုမြင်သော အာရုံသည် နို့စို့သည့် တုံ့ပြန်မှုကို ဖြစ်လာစေလေသည်။ ဤသို့ နို့စို့ခြင်းသည် အကြောင်းဆက်တုံ့ပြန်မှုဟုခေါ်သည်။
ဤသင်ယူခြင်းမျိုးကို ရုရှစိတ်ပညာရှင် ဗတ်ဗလပ် စတင်သိရှိသည်။ ခွေးတစ်ကောင်ကို အစာမကျွေးမီ အနည်းငယ် အချိန်တွင် ခေါင်းလောင်းတီးခြင်းကို ထပ်ခါထပ်ခါ ပြုလုပ် သောအခါ နောက်တွင် အစာမပေးသော်လည်း ခေါင်းလောင်း တီးလျှင် သွားရည်ယိုကြောင်းကို ဗတ်ဗလပ်သည် တွေ့ရှိခဲ့၏။ ယင်းသို့ တွေ့ရှိခဲ့သည့်အတိုင်း စမ်းသပ်ကြည့်ရာ ခေါင်းလောင်း သံသာမဟုတ် အလင်းရောင်သော်လည်းကောင်း၊ အနံ့သော်လည်းကောင်း၊ ထိတို့ခြင်းသော်လည်းကောင်း၊ သွားရည်ယိုခြင်းကို ဖြစ်စေနိုင်ကြောင်း ထပ်မံ သိရှိရပြန်သည်။ တစ်ဖန်တုံလည်း ဤသို့ ဖြစ်ပေါ်လာသော အကြောင်းဆက်တုံ့ပြန်ခြင်းကို ဖျောက်ဖျက်နိုင်သည်။ အစာ မကျွေးဘဲ ခေါင်းလောင်းကိုသာ တီးနေလျှင်၊ ခွေးသည် သွား ရည်မယိုတော့ချေ။ သို့ရာတွင် အချိန်အနည်းငယ် ကြာသော အခါ ထိုခွေးကို အစာပြ၍ အားဖြည့်ခြင်းအားဖြင့် သွားရည်ယိုခြင်းသည် ပြန်၍ပေါ်လာနိုင်သည်။
တိရစ္ဆာန်များနှင့် ကလေးများ၌ အကြောင်းဆက်တုံ့ပြန်မှု များ ဖြစ်ပေါ်လာစေနိုင်သော်လည်း၊ လူကြီးများကို စမ်းသပ်ရာ တွင် ဖြစ်ပေါ်ရန် ခဲယဉ်းကြောင်းကို သိရပြန်သည်။ စကား စပြောခြင်းသည်၎င်း၊ သဘော ထားများဖြစ်ပေါ်လာခြင်းသည် ၎င်း၊ များစွာသော ကြောက်ရွံ့ခြင်းများသည်၎င်း၊ ဆိုခဲ့ပြီးသော နည်းအတိုင်း သင်ယူခြင်းမျိုးကြောင့်ဖြစ်သည်။
အခြားသင်ယူနည်းတစ်မျိုးမှာ အကြိမ်ကြိမ် စမ်းသပ်သင်ယူခြင်းဖြစ်သည်။ တိရစ္ဆာန်တစ်ကောင်သည် ကိုယ်တွင်းစေ့ဆော်မှုကြောင့် အကြိမ်ကြိမ်စမ်းသပ်သော အတုံ့အမူမျိုးကို ပြုလုပ် တတ်၏။ ဤသို့ စမ်းသပ်ပြုမူရာတွင် အသုံးမကျသော အတုံ့အမူများစွာကို ပြုလုပ်၍၊ နောက်ဆုံး၌ မိမိလိုအင်ပြည့်မြောက်စေသော အတုံ့အမူကိုသာ ပြုလုပ်လာသည်။ အကြိမ်ကြိမ်ထိုသို့ ပြုလုပ်လာသောအခါ အသုံးမဝင်သောအတုံ့အမူတို့ကို စွန့်လွှတ်ပြီးလျှင် လိုအင်ပြည့်မြောက်စေသော အတုံ့အမူကိုသာ ပြုတော့ သည်ဖြစ်၍၊ သင်ယူခြင်းလည်း ပြီးမြောက်လေသည်။
လူများမှာ တိရစ္ဆာန်ကဲ့သို့မဟုတ်၊ အကြိမ်ကြိမ် စမ်းသပ် သောအခါ သင်ယူရသောအကြောင်းကို သဘောပေါက်၍၊ ပိုမို လျင်မြန်စွာ သင်ယူနိုင်သည်။ ဝင်္ဂပါထဲတွင် ထည့်သွင်းထား သော ကြွက်သည် အထက်နည်းအတိုင်းပြုလုပ်တတ်သော်လည်း လူတစ်ဦးသည် ဝင်္ဂပါထဲတွင် ရောက်နေလျှင်၊ ထိုသူသည် စိတ်ထဲ၌ စကားလုံးများကိုဖွဲ့၍ ဆင်ခြင်စဉ်းစားလျက် ထွက်ပေါက်ကိုရှာကာ ထွက်မြောက်ရန် သင်ယူတတ်သည်။
တိရစ္ဆာန်များ၌လည်း သဘောပေါက်သင်ယူခြင်းမျိုးဖြစ် နိုင်သည်။ ဤသဘောပေါက်သင်ယူမှုကို စိတ်ပညာရှင်ကားလား သည် စုံစမ်းခဲ့ဖူး၏။ ထိုစုံစမ်းချက်မှာ ဤသို့တည်း။ မျောက်ဝံ များကို လှောင်အိမ်ကြီးတစ်ခုထဲတွင် ထည့်သွင်းပြီးလျှင်၊ ငှက် ပျောသီးကို မျောက်ဝံမမှီနိုင်သော အမိုးတွင် ချိတ်ဆွဲသည်။ လှောင်အိမ်ကြီး၏ တစ်နေရာတွင် သေတ္တာတစ်ခုကို ချထား၏။ မျောက်ဝံများသည် ငှက်ပျောသီးကို ရရန် ခုန်ပေါက်၍ အမျိုးမျိုးကြိုးစားကြ၏။ သို့သော် အထမမြောက်ချေ။ ထိုအခါ အချို့ မျောက်ဝံများသည် သေတ္တာကို ငှက်ပျောသီးအောက်သို့ ရွေ့ပြီး လျှင်၊ ငှက်ပျောသီးကို ခုန်ပေါက်ဆွဲငင်၍ ယူလေသည်။ ဤ အခြင်းအရာအရ၊ ထိုမျောက်ဝံများသည် သေတ္တာနှင့် ငှက်ပျော သီးတို့ တစ်ခုနှင့် တစ်ခု ဆက်သွယ်ခြင်းကို သဘောပေါက် ကြောင်း ထင်ရှား၏။ သဘောပေါက်သောအခါ ရုတ်ခြည်းသင်ယူခြင်း တိုးတက်လေသည်။ အကြောင်းဆက် သင်ယူခြင်းနှင့် အကြိမ်ကြိမ် စမ်းသပ်သင်ယူခြင်းများမှာ တစ်ဖြည်းဖြည်းသာ တိုးတက်စေလေသည်။

မှတ်မိခြင်းနှင့် မမှတ်မိခြင်း

ပြင်ဆင်ရန်

သင်ယူခြင်း၌ မှတ်မိခြင်းပါဝင်၏။ မှတ်မိခြင်း၌ အပိုင်း ၄ ပိုင်းရှိသည်။ မှတ်မိရန်အစ၌ (၁) သင်ယူရ၏။ သင်ယူ သောအရာကို မပျောက်ပျက်စေရန်၊ (၂) လက်ခံထားရ၏။ လက်ခံထားသည်ကို (၃) သတိရ၍၊ (၄) မှတ်မိရသည်။ သတိ ရခြင်းနှင့် မှတ်မိခြင်း ခွဲခြားရန်ရှိသည်။ တစ်ခါတစ်ရံ သတိရ သော်လည်း၊ မှတ်မိခြင်းမရှိတတ်ချေ။ လင်္ကာပုဒ်ကို သတိရ၍ ရွတ်ဆိုနိုင်သော်လည်း၊ မည်သည့်လင်္ကာ၊ မည်သူရေးသည်တို့ကို မမှတ်မိတတ်ချေ။ မှတ်မိခြင်းသည် သတိရခြင်းထက်လွယ်ကူ ပေသည်။ လူတစ်ယောက်ကို မှတ်မိငြားလည်း၊ ထိုသူ၏နာမည် ကို သတိမရတတ်ချေ။

မမှတ်မိခြင်းသည် ပဓာနအကြောင်း ၂ ခုကြောင့်ဖြစ် သည်။ (၁) အချိန်ကြာရှည်၍ မမှတ်မိခြင်းနှင့် (၂) တားဆီး ခြင်း တစ်ခုခုကြောင့် မမှတ်မိခြင်းဖြစ်တတ်သည်။ လေ့ကျင့်မှု များနှင့် တွေ့ဆုံကြုံခဲ့ခြင်းများကို သာမန်အားဖြင့် သတိမရနိုင် သော်လည်း၊ စိတ်ညှို့ခြင်းဖြင့် ပြန်လည်သတိရနိုင်သည်။ ( စိတ်ညှို့ပညာ။)

လေ့ကျင့်ခြင်းတစ်ခုခုကို ပြုပြီးနောက် အခြား တစ်ခုကိုဆက်၍ လေ့ကျင့်လျှင်၊ ပထမလေ့ကျင့်ခြင်းကို ပိုမို မမှတ်မိနိုင်တော့ချေ။ လေ့ကျင့်ခြင်းကိုပြုပြီးနောက် နားနေလျှင်၊ ပိုမို သတိရတတ်သည်။ စိတ်ပညာရှင် ဖရွိုက်က မမှတ်မိခြင်း သည် မမှတ်မိချင်သော စိတ်ကြောင့်ဟုဆို၏။ လူတစ်ဦးတစ် ယောက်၏နာမည်ကို မမှတ်မိခြင်းသည် ထိုသူကို မလိုလား သောစိတ်က သိစိတ်မှပယ်ခြင်းကြောင့်ဟုဆို၏။ အချို့မမှတ်မိ ခြင်းများမှာ ဤနည်းအတိုင်းဖြစ်သည်ကို မငြင်းဆိုနိုင်ပေ။ တစ်ခါတစ်ရံ ကြောက်ခြင်း၊ စိုးရိမ်ခြင်း၊ စိတ်မငြိမ်သက်ခြင်း စသည့် စိတ်လှုပ်ရှားမှုတို့ကြောင့် မမှတ်မိခြင်းဖြစ်တတ်သည်။


စဉ်းစားခြင်း

ပြင်ဆင်ရန်
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - စဉ်းစားခြင်း

ထွေရာစိတ်ကူးခြင်း၊ စိတ်ကွန့်မြူးခြင်း၊ ဆင်ခြင်ခြင်းတို့မှာ စဉ်းစားခြင်းအမျိုးမျိုးဖြစ်သည်။ တိရစ္ဆာန်များသည် ဆင်ခြင်နိုင်သော သတ္တဝါများဖြစ်လေသလောဟု စစ်ဆေးကြည့်ကြပါစို့။ စိတ်ပညာစုံစမ်းချက်အရ မျောက်ဝံများသည် ဆက်သွယ်ခြင်းကို သိမြင်ခြင်းဖြင့် အခက်အခဲများကို ဖြေရှင်းတတ်ကြောင်း ဖော်ပြခဲ့ပြီ။ အချို့တိရစ္ဆာန်တို့သည် အမှတ်အသားကို စဉ်းစားနိုင်ကြ သည်။ ဤအချက်နှစ်ရပ်ကို ထောက်ရှုခြင်းဖြင့်၊ တိရစ္ဆာန်တို့၏ ဆင်ခြင်မှုသည် လူတို့၏ ဆင်ခြင်ပုံနှင့်ထပ်တူ ထပ်မျှဖြစ်၏ဟု ဆိုရန်ခဲယဉ်း သော်လည်း၊ သူတို့၏ သဘာဝနှင့် လျော်စွာဆင်ခြင်တတ်သော သဘောရှိသည်ဟု ဆိုနိုင်ပေသည်။ ဆင်ခြင်ခြင်းသည် အခက်အခဲတစ်ခုကို ဖြေရှင်းရန်ရည် ရွယ်ချက်ရှိသော စဉ်းစားခြင်းဖြစ်သည်။ ဤသို့ ဖြေရှင်းရန် စဉ်းစားခြင်း၌ အစီအစဉ်ရှိခြင်း၊ ပြဿနာနှင့် သက်ဆိုင်သော ပညတ်များ ရွေးချယ်ခြင်းတို့ ပါဝင်သည်။ စိတ်ပညာရှင်ဒျူးဝီး က ဆင်ခြင်ခြင်း၌ အဆင့် ၅ ဆင့်ရှိသည်ဟု ဖော်ပြထားသည်။

  1. အခက် အခဲပြဿနာသည် ဆင်ခြင်ခြင်းကို အစပြု၍ နှိုးဆော်ပေး၏။
  2. ပြဿနာအခြေအနေကို သေချာစွာသိရှိရန် ပြုလုပ်ပေး၏။
  3. ပြဿနာကို အဖြေပေးသော အတွေးရှိစေ ၏။
  4. အတွေးတစ်ခုစီသည် ပြဿနာကို လုံးဝဖြေရှင်းနိုင် အောင် ပြုပြင်ရသည်။ ယင်းမှာ ဆင်ခြင်ခြင်း၏ အနှစ်သာရ ဖြစ်သည်။
  5. နောက်ဆုံးအမှားအမှန် စိစစ်ခြင်းအားဖြင့် ဆင်ခြင်ခြင်းသည် ပြီးမြောက်သည်။


လူ တစ်ဦးနှင့်တစ်ဦး ခြားနားခြင်း

ပြင်ဆင်ရန်

အထက်တွင် လူတိုင်းဖြစ်တတ်သော အခြင်းအရာများကို ဖော်ပြခဲ့ပြီ။ လူတစ်ဦးနှင့်တစ်ဦး အတုံ့အမူနှင့် သိခြင်းဟူသော အကြောင်းများရှိသော်လည်း၊ ခြားနားခြင်းလည်းရှိသည်။ အသိ ဉာာဏ်သည်လည်းကောင်း၊ စွမ်းရည်သည်လည်းကောင်း၊ ကိုယ်ရည် ကိုယ်သွေးသည် လည်းကောင်း၊ လူတစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ စိတ်ပညာဆရာတို့ သည် ဉာာဏ်စွမ်းရည်စစ်ဆေးလွှာများ ဖန်တီး၍ များစွာအသုံးပြုလျက် ရှိလေသည်။ စစ်ဆေးလွှာများကို အသုံးပြုခြင်းအားဖြင့် လူတစ်ယောက်၏ ဉာာဏ်ဖျတ်လတ်မှုနှင့် သင်ယူစွမ်းရည်ကို ပြသနိုင်ပေသည်။ စွမ်းရည်ထူးများကို စစ်ဆေးရာ၌ အတော်အတန်တိကျစွာ တိုင်းတာနိုင်ပေသည်။ လူငယ်တစ်ယောက်အား သင့်လျော်သောလုပ်ငန်းသို့ လမ်းညွှန်ခြင်း၊ အလုပ်သမားတစ် ယောက်အား သက်ဆိုင်ရာအလုပ်နှင့် သင့်လျော်သည်ကိုဖော် ပြခြင်း၊ တာဝန်ဝတ္တရားများတွင် ထူးချွန်စွာဆောင်ရွက်နိုင်သူ ကို ရွေးချယ်ခြင်း၊ စက်မှုလက်မှုနှင့် လက်နက်ကိုင်တပ်များ အတွက် သင့်လျော်သူတို့အား ရွေးချယ်ခြင်းများ၌ စစ်ဆေးလွှာ တို့ကို အသုံးချကြ၏။

ကိုယ်ရည်သွေးကိုလည်း စိတ်ပညာဆရာများက စုံစမ်းကြ သည်။ ကိုယ်ရည်ကိုယ်သွေး မေးခွန်းလွှာများဖြင့် ကိုယ်ရည် ကိုယ်သွေးအခြေအနေကို အသင့်အတင့် ဖော်ထုတ်စေနိုင်၏။ စိတ်အခြေအနေကို ပြင်ပအမူအရာ ဖြင့် စုံစမ်းနည်းများလည်း အသုံးပြုကြသည်။ အများသိကျွမ်းသော နည်းတစ်ခုမှာ ရိုရှပ်ဆိုသူ တည်ထွင်သော မင်စက်စစ်ဆေးနည်းဖြစ်သည်။ လူ တစ်ဦး တစ်ယောက်ကို အကဲဖြတ်ရာတွင် အသိဉာာဏ်စစ်ဆေး လွှာ၊ စွမ်းရည်စစ်ဆေးလွှာ၊ ကိုယ်ရည်ကိုယ်သွေးနှင့် အကျင့်စာရိတ္တများကို အကဲဖြတ်ချက်တို့ကို ပေါင်းစပ်ကာ လေ့လာရ ပေသည်။

လူ၏ ဆက်ဆံရေး အတုံ့အမူ

ပြင်ဆင်ရန်

ကျွန်ုပ်တို့၏ အတုံ့အမူသည် လူများနှင့် ဆက်ဆံပြုမူခြင်း ဖြစ်သည်။ လူတစ်ဦးတစ်ယောက်က အစုအဝေးတွင်ပါဝင်သော အနေဖြင့် ပြုမူခြင်းသည် တစ်ဦးတည်းပြုမူခြင်းနှင့် ကွာခြား သည်။ အစုအဝေး၏ ညွှန်ခြင်းသည် လူ၏အတုံ့အမူကို ပြောင်း လဲစေသည်။ လူအုပ်တွင်ပါဝင်သော လူတစ်ယောက်သည် လူ အုပ်အလိုက်ပြုမူတတ်သဖြင့် ဆင်ခြင်ကင်းမဲ့သောအတုံ့အမူမျိုးကို ပြုလုပ်တတ်သည်။ တစ်ဦးကို တစ်ဦး အတုခိုးတတ်သည်။ ကျွန်ုပ်တို့သည် အများအားဖြင့် ကျွန်ုပ်တို့နှင့်ဆိုင်ရာ လူစု၏ အနေအထိုင်အတိုင်း တူညီအောင် နေတတ်ကြလေသည်။ လူတစ်မျိုးနှင့် တစ်မျိုး စိတ်အခြေအနေ ခြားနားခြင်းရှိ သလော၊ ရှိခဲ့လျှင် ဇာတိအတိုင်း ဖြစ်ပေါ်လာသလော၊ သို့မဟုတ် ယဉ်ကျေးမှုထုံစံများကြောင့်ပင်လော။ ယင်းအချက်တို့ကို စဉ်းစားလိုက်သော်၊ ပတ်ဝန်းကျင် ခြားနားခြင်းကြောင့် လူတစ်မျိုး နှင့်တစ်မျိုး ခြားနားကြသည်ဟု စိတ်ပညာရှင်တို့က သဘောရကြ၏။ လူမျိုးချင်း ခြားနားသည်ထက် လူမျိုးတစ်စု ထဲတွင် တစ်ဦးနှင့်တစ်ဦး ပိုမိုခြားနားတတ်သည်။
စိတ်ပညာလေ့လာချက်များဖြင့် လူ၏အကြောင်းကို ပိုမို နားလည်လာသည်ဖြစ်ရကား၊ လူသတ္တဝါတို့ ကြီးပွားတိုးတက် ငြိမ်းချမ်းသာယာရေးကို ရှေ့ရှုလျက် လူတို့၏ အတုံ့အမူများကို ပြုပြင်ရန် စိတ်ပညာကို အသုံးချနိုင်ပေသည်။[]

စိတ်ပညာ ဘာသာရပ်ဆိုင်ရာ မြန်မာ ပညာရှင်များ

ပြင်ဆင်ရန်
  1. ဒေါက်တာ ကျော်စိန်
  2. တက္ကသိုလ်ဘုန်းနိုင်
  3. ဒေါက်တာ အုန်းမောင်
  4. ဦးခင်မောင်ဆွေ (မန်းတက္ကသိုလ်)
  5. ခင်မောင်သန်း (စိတ်ပညာ)
  6. ဒေါက်တာမြင့်လွင် (စိတ်ပညာ)
  7. ပါမောက္ခ ဒေါက်တာခင်မြင့်
  8. ဒေါက်တာတင်မာစန်း
  9. တင်အောင်မိုး(စိတ်ပညာ တွဲဖက်ပါမောက္ခ)
  10. နန္ဒာစာရ (ဗုဒ္ဓ စိတ်ပညာ)
  11. ဒေါက်တာ သိန်းလွင်
  12. ဒေါက်တာ မျိုးမင်းဦး (ခေါင်းဆောင်မှု ပညာနှင့် အတိုင်ပင်ခံစိတ်ပညာပါရဂူ)
  13. မြမြဆွေ (စိတ်ပညာ)
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)