ဒေါ်စိန်ဆင် (၁၈၉၂-၁၉၄၁)သည် ကိုလိုနီ​ခေတ် ထင်ရှား​သော အငြိမ့်မင်းသမီး၊ ဓာတ်ပြားအဆို​တော်တစ်ဦးဖြစ်သည်။

​ဒေါ်စိန်ဆင်

အငြိမ့်မင်းသမီး အဆို​တော် ဒေါ်စိန်ဆင်
မွေးဖွား၁၈၉၂ခုနှစ်
မန္တလေးမြို့ဗြိတိသျှဘားမား
ကွယ်လွန်၁၉၄၁ခုနှစ်
ဗြိတိသျှဘားမား
အလုပ်အကိုင်အငြိမ့်မင်းသမီး၊ အဆို​တော်
အိမ်ထောင်ဖက်(များ)ဦး​ကောင်း၊ ဦးစိန်လှိုင်၊ ဦးဘသန်း
မိဘ(များ)ဦးမှတ်ကြီး + ​ဒေါ်ရင်း​ဖော်

ဒေါ်စိန်ဆင်(၁၈၉၂ - ၁၉၄၁)

ပြင်ဆင်ရန်

ဒေါ်စိန်ဆင်သည် မန္တလေးမြို့ ဘီးတန်းရပ် ဦးမှတ်ကြီး၊ ဒေါ်ရင်းဖော်တို့၏ သမီးဖြစ်၍ ငယ်မည်မှာ မဖွားဆင်ဟုခေါ် သည်။ ဒေါ်စိန်ဆင်၏ မွေးသက္ကရာဇ်ကို အတိအကျ မသိရ သော်လည်း၊ ဒေါ်စိန်ဆင်နှင့် နီးစပ်သော ပုဂ္ဂိုလ်တို့၏ အဆို အရ၊ ၁၂၅၃ ခုနှစ်ဟု အမှတ်အသားပြုကြသည်။ ငယ်စဉ်ကပင် အဆိုအက အလွန်ဝါသနာ ပါသည်။ ထို့ကြောင့် မိဘနှစ်ပါးက မစိန်ဆင် အသက်(၁၂) နှစ်အရွယ်မှစ၍ မင်းသမီးကြီး ဒေါ်စိန်သုံထံ၌ အငြိမ့်ပညာကို ဆည်းပူးခဲ့၏။ ဒေါ်စိန်သုံသည် မင်းသမီးကြီး ဒေါ်ထွေးလေး၏ တပည့်အရင်းဖြစ်ပြီး အဆိုအက အလွန်ထင်ရှားသော အငြိမ့်မင်းသမီးကြီးဖြစ်သည်။ ဒေါ်စိန်သုံထံတွင် အဆိုအက ပညာကို (၃)နှစ်ခန့်ဆည်းပူး သင်ကြားပြီး (၁၅) နှစ်အရွယ်တွင် ဖခင်ဖြစ်သူ ဦးမှတ်ကြီးက ကိုယ်ပိုင်အငြိမ့် တည်ထောင်ပေးသဖြင့်၊ နာမည်ကြီး မင်းသမီးတစ်ဦးဖြစ်လာသည်။ မစိန်ဆင်သည် အဆိုလည်းကောင်း ၊ အကလည်းကောင်းသည်သာမက ရုပ်ရည်လည်း လှပသူဖြစ်သဖြင့် ထိုအချိန်က ကာလသားတို့အသည်းစွဲ ဖြစ်ခဲ့ရသည်။

ဒေါ်စိန်ဆင်အသက် ၁၈ နှစ်အရွယ်လောက်တွင် ဖခင်သေဆုံးခဲ့၏။ အသက်(၂၃)နှစ် အရွယ်လောက်တွင် ရန်ကုန်မြို့၌ ဆင်းလာ၍ အငြိမ့်ဆရာ ဦးဖိုးကြီး၊ ဒေါ်ရွက်တို့ဇာတ်အဖွဲ့ ၌ ၂ နှစ်မျှပါဝင်ကပြရ၏။


ထို့နောက် မန္တလေးသို့ပြန်လာခဲ့ရာ၊ စက်ပိုင်ဦးကောင်းနှင့် အိမ်ထောင်ကျသည်။ ဦးကောင်း အနိစ္စရောက်သောအခါ ဆိုင်းဆရာ ဆရာစိမ့်၏သမီး စန္ဒရားမမကြီး၏ စန္ဒရားအငြိမ့်အဖွဲ့တွင် ပါဝင်ကပြရန် ရန်ကုန်မြို့ သို့ ဆင်းလာပြန်လေသည်။ ရန်ကုန်တွင် မယ်မဖြေကိုစိန်လှိုင်ဆိုသူနှင့် အိမ်ထောင်ကျပြီး မကြာလှပါ၊ အိမ်ထောင်ရေး အဆင်မပြေ၍ ကွာရှင်းခဲ့ရသည်။ ဒုတိယအိမ်ထောင်မှာ ပုဇွန်တောင်မှ ကိုဘသန်းဆိုသူဖြစ်သည်။ ကိုဘသန်းနှင့် လက်ထပ်ပြီးနောက်ပိုင်း အငြိမ့်အဖွဲ့ထောင်၍ နေရာအနှံ့အပြားသို့ လှည့်လည်ကပြခဲ့သည်။

ဒေါ်စိန်ဆင်သည် ယောက်ျားလိုဝတ်၍ အိုးစည်အကတွင် ဟန်အမူအရာ အလွန်ကောင်းသဖြင့် နာမည်ကျော်ကြားခဲ့၏။ အဆိုတော်အငြိမ့်မင်းသမီး မစိန်ဆင်သည် ၁၉၄၁ ခုနှစ် အသက်(၅၁)နှစ်အရွယ်တွင် ကွယ်လွန်ပါသည်။ []

မစိန်ဆင်သည် ခွေးတံဆိပ်ဓာတ်ပြားကုမ္ပဏီနှင့် ကိုလံဘီယာဓာတ်ပြား ကုမ္ပဏီတို့တွင် သီချင်းပုဒ်ရေအများအပြား သီဆိုအသံသွင်းခဲ့သည်။ လောလောဆယ်ကောက်ယူရရှိသည့် စာရင်းအရ သီချင်းအပုဒ်ရေ(၃၀)ခန့် ရှိသည်။ ပထမမူလက ခွေးတံဆိပ်ဓာတ်ပြား အဆိုတော်ဖြစ်သည်။ ခွေးတံဆိပ် ဓာတ်ပြားကုမ္ပဏီတွင် အောင်တော်မူ၊ အလှူတော်၊ ရွှေပြည်စိုး၊ အရွယ်အနှောင်း၊ ရွှေမေတ္တာ၊ ဗဟိုလရောင်၊ စိန်ရတနာဆင်၊ အောင်ကောင်းသံ၊ ဂုဏ်ထူးဆောင်နှင့် စိတ်ကူးသီချင်း စသည်တို့သီဆို အသံသွင်းခဲ့သည်။ မစိန်ဆင်အတွက် သီချင်း ရေးပေးသော သီချင်းရေးဆရာကြီးများမှာ ဆရာလယ်၊ ဆရာထာ၊ နန်းတော်ရှေ့ ဆရာတင်၊ ဆရာမြိုင်နှင့် ဦးစိန်ပါတို့ ဖြစ်သည်။ ၁၉၃၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကိုလံဘီယာဓာတ်ပြားကုမ္ပဏီ ဖွင့်လှစ်သည့်အခါ မစိန်ဆင်သည် ကိုလံဘီယာကုမ္ပဏီသို့ ကိုးပြောင်းသီဆိုသည်။ ကိုလံဘီယာဓာတ်ပြားကုမ္ပဏီတွင် အစောဆုံးဓာတ်ပြားသွင်းသည့် အငြိမ့်မင်းသမီးများမှာ ကျိုက်လတ်မယ်သင်၊ ဒဂုန်ခင်လှကြည်၊ မြန်မာညွှန့်လှရင်၊ မစိန်ဆင်၊ ကုမ္မာရီစိန်မြိုင်၊ ဂီတမယ်လှလေးစိန်၊ ပျော်တော်ဆက်မတင်အောင် နှင့် ယုဝတီမြသောင်းခင် တို့ ဖြစ်ကြသည်။


ကိုလံဘီယာတွင် မစိန်ဆင် ပထမဆုံးသွင်းသည့် သီချင်းများမှာ မဟာဂီတ သီချင်းများဖြစ်သည်။ လမင်းသော်တာပတ်ပျိုး၊ စိန်ကြောင်နီလာပတ်ပျိုး၊ ဘုန်းဇောင်ဟေမာန်ဘွဲ့၊ မြရည်နန္ဒာဘွဲ့၊ သာတင့်ဆုံးယိုးဒယား၊ သောကရွှေနှုန်းယိုးဒယား၊ ကရင်ဩ၊ ချပ်မြန်လွမ်းချင်း၊ ပုလဲခွန်းတောက်၊ ရွှေဘိုဘုံကြီးသံ စသည်တို့ဖြစ်သည်။ ခေတ်ပေါ်သံဆန်းသီချင်းများမှာ လမင်းသော်တာ(သံဆန်း)၊ ရွှေတုဂုံအနောက်မုဒ်ဖွင့်၊ အထစုံတွဲ၊ မေတ္တာတော်၊ အောင်ပါစေ၊ အပျိုကြီးကလူပျိုကြီးကိုမျှော်၊ ကုသိုလ်ရှင် ရွှေဝါတောင်၊ ရွှေကြိုးကြာ စသည့်သီချင်းတို့ဖြစ်သည်။ ကိုလံဘီယာတွင် မစိန်ဆင်ဆိုသော သီချင်းအများအပြားကို နန်းတော်ရှေ့ဆရာတင် ရေးသည်။ မစိန်ဆင်သီချင်းများကို ကိုလံဘီယာမှ ကြော်ငြာသည့်အခါတွင် မစိန်ဆင်ကြီးဟု “ကြီး” တပ်၍ ကြော်ငြာလေ့ရှိသည်။ []

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
  2. ဦးမောင်မောင်လတ်(ကဗျာဆရာ နောင်)ပြုစုသည်။