စိုက်ပျိုးရေး
ရှေးခေတ် လူများသည် ဝမ်းစာရရာရကြောင်း ဖြင့် ခြေဦးတည့်ရာ အရပ်များသို့ လှည့်လည်သွားလာ စီးပွား ရှာကြလေသည်။ ထိုနောက် အိုးအိမ် အတည်တကျ ထူထောင်၍ တစ်နေရာရာတွင် အခြေစိုက်ကာ နေလာကြ၏။
ယင်းသို့ အခြေစိုက်ကြခြင်းမှာ မြေဆီလွှာကို ခြစ်ယက် တူးဆွလျက် အသီးအနှံပင်များ စိုက်ပျိုးကြခြင်းအားဖြင့် ဝတ်ရေး၊ စားရေး၊ နေရေး၊ ဖူလုံနိုင်သည်ဟူသော အသိဉာဏ် ပွင့်လင်းလာခြင်းကြောင့်ပင် ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းကို စတင် ဆောင်ရွက်ကြသည့်အခါ၌ လူတို့သည် ယခင်ကကဲ့သို့ ခြေသလုံးအိမ်တိုင်ပြုကာ လှည့်လည်သွားလာ မနေကြတော့ဘဲ ကိုယ်ပိုင် စိုက်ခင်းမြေများ အနီးအပါးရှိ တစ်နေရာရာတွင် အတည်တကျ အခြေစိုက် နေထိုင်လာကြလေသည်။ ကိုယ့်အိုး ကိုယ့်အိမ် ကိုယ့်အယာနှင့် အခြေဖြစ်လာသည့်အခါတွင် လူစုအသင်းအပင်းများ ပေါ်ပေါက်လာသည့်အလျောက် အချင်းချင်း ရင်းနှီး ပွန်းတီးစွာ ပေါင်းသင်းဆက်ဆံမှု စိုက်ပျိုးရေးကို အခြေပြုသော လုပ်ခွဲဝေမှု အစရှိသည့် လူမှုရေးရာတို့ ထွန်းကား ပေါ်ပေါက်လာလေသည်။ ထိုသို့ဖြင့် လူ၏ ယဉ်ကျေးမှု အဆင့်အတန်းသည်လည်း တဖြည်းဖြည်း တိုးတက်လာပေသည်။ မူလသုံးစွဲသော တုတ်ချွန်၊ စူးချွန်များ အစား ထွန်သွား၊ ထွန်သန်တို့ဖြင့် မြေကြီးကို ထွန်ယက်လာကြ သည်။ စားကောင်း သော အသီးအနှံပင်များကို တစ်မျိုးပြီး တစ်မျိုး ဖြည့်စွက် စိုက်ပျိုးလာကြသည်။ တိရစ္ဆာန်ရိုင်းများ ကိုလည်း ယဉ်ပါးလာအောင် မွေးမြူလျက် နေထိုင်စားသောက် နေရေးတွင် အနည်းနည်းဖြင့် အထောက်အပံ့ ဖြစ်စေရန် အသုံးချလာကြသည်။ စိုက်ပျိုးထားသော ဘီသွာလျှော် (နှမ်းချပ်လျှော်)၊ ဝါဂွမ်း စသည်တို့နှင့် အိမ်တွင်မွေးထားသော သိုးမှရသည့် သိုးမွေးများကို မိန်းမများက အိမ်သုံး အဝတ် အထည်များအတွက် ခြည်ငင်ခြင်း၊ ရက်လုပ်ခြင်းများ ပြုလုပ် လာလေသည်။ ဤကဲ့သို့ လယ်ယာစိုက်ပျိုးရေးကို အမှီပြုလျက် ခေတ်သစ် ယဉ်ကျေးမှု၏ အခြေတည်ဆောက်ရာဖြစ်သော လုပ်ငန်းများ ထွန်းကား လာသည်နှင့်အမျှ လူတို့၏ နေထိုင်မှု စားသောက်မှုတို့သည်လည်း ပိုမို၍ သက်သာ ချောင်ချိလာ လေသည်။ ကျောက်တုံး ကျောက်ခဲများကို လက်နက်ကြမ်း များအဖြစ်ဖြင့် သုံးစွဲကြသော ကျောက်ခေတ်၏ နှောင်းပိုင်း ကာလမှအစပြု၍ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်း ထွန်းကား ခဲ့သည်ဖြစ်ရာ ဤလုပ်ငန်းသည် အလွန်ရှေးကျသည့် လုပ်ငန်း တစ်ရပ်ဟု ဆိုရပေမည်။ ထိုကြောင့် လူတို့၏ သမိုင်းစဉ်ကို မှတ်တမ်းမတင်မီကပင် လူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အထိုက်အလျောက် တတ် မြောက်ပြီးဟု ဆိုရပေသည်။
သို့ရာတွင် ဤလုပ်ငန်း အစဉ်တစိုက် ခေတ်အလိုက် တိုးတက်လာသည်ဟု မဆိုနိုင်ချေ။ ၁၈ ရာစုနှစ်များသို့ ရောက်သည့်အခါကျမှ တိုးတက်ကောင်းမွန်လာသော လယ်ယာ စိုက်ပျိုးရေး ကိရိယာများကို တီထွင် သုံးစွဲ လာခြင်းကြောင့် ၎င်း၊ မြေချန်မြေလပ်များတွင် ဥစားပင်များကို အလှည့်ကျ စိုက်ပျိုးလာကြခြင်းအားဖြင့်၎င်း၊ ဤမျှ ရှေးကျသော စိုက်ပျိုး ရေးလုပ်ငန်းသည် သိသိသာသာ တိုးတက်လာခဲ့လေသည်။ ကမ္ဘာ့သမိုင်းတွင် လယ်ယာ ထွန်ယက် စိုက်ပျိုးမှု ထွန်းကားသည့် အရပ်များ၌ နေထိုင်သူတို့၏ ယဉ်ကျေးမှု အဆင့် အတန်းသည် အခြားအရပ်ရှိ လူတို့၏ အဆင့်အတန်း ထက် တိုးတက် ကြီးမြင့်နေကြောင်းကို တွေ့ရလေသည်။ ဤ အချက်ကို ထောက်ရှုလျက် လူတို့၏ ယဉ်ကျေးမှု အဆင့် အတန်း တိုးတက်ကြီးမြင့်လာခြင်းကို လယ်ယာစိုက်ပျိုးရေး လုပ်ငန်း ဖွံ့ဖြိုးလာခြင်းဖြင့် စံချိန်ထိုးကြည့်နိုင်ပေသည်။
သို့ဖြစ်၍ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသည် ယနေ့တိုင် လူတို့၏ ယဉ်ကျေးမှု အခြေခံအုတ်မြစ်သဖွယ် တည်လျက် ရှိနေပေသည်။
ယခုခေတ်တွင် စိုက်ပျိုးရေးပညာသည် အလွန်ကျယ်ဝန်း သော ပညာတရပ် ဖြစ်လာသည့်အလျောက် နိုင်ငံကြီးများ၌ စိုက်ပျိုးရေးအတတ်သင် သိပ္ပံကျောင်းများ ဖွင့်လှစ်လျက် ထိုပညာနှင့် ဆိုင်သော ခေတ်မှီ လယ်ယာစိုက်ပျိုးရေး နည်း စံနစ်များ၊ ကျွဲနွား တိရစ္ဆာန် မွေးမြူခြင်းအတတ် အစရှိသည် တို့ကို သင်ကြား ပို့ချပေးနေလေသည်။ ထို့အပြင် လယ်ယာ စိုက်ပျိုးရေး သုတေသနလုပ်ငန်းများကိုလည်း တွဲဖက်၍ ဆောင်ရွက်လျက်ရှိကြ၏။ နိုင်ငံပိုင် အစိုရတို့ကလည်း ထိုလုပ်ငန်းကို ယခင်ကထက် အားပေးကူညီနေပေသည်။[၁]
ဆက်စပ်အကြောင်းအရာ
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |