စိုးရ၊ ဦး
ဦးစိုးရ(ခရစ် ၁၉၀၇ - ၁၉၈၅) ကို ၁၉၀၇ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် အဖ ဦးကြူ၊ အမိဒေါ်မမကြီးတို့က မန္တလေးခရိုင်၊ စဉ့်ကူမြို့နယ်၊ တော်အင်းတွင် မွေးဖွားခဲ့သည်။
ဦးစိုးရသည် ၁၉၃၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပစာဝိဇ္ဇာကို အောင်မြင်သည်။ ထိုနှစ်၌ပင် အစိုးရအမှုထမ်းအဖြစ် ဆောင်ရွက်သည်။ ၁၉၄၂ ခုနှစ် ဂျပန်ခေတ်၌ နယ်ပိုင်ဝန်ထောက် အဖြစ် မတ္တရာမြို့နှင့် မန္တလေးမြို့များတွင် အမှုထမ်းခဲ့သည်။ ၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ ဝန်ထမ်း (အထက်တန်း) ရာထူးသို့ တိုးမြှင့် ခန့်ထားခြင်းခံရသည်။ ၁၉၅၄ ခုနှစ်၌ ရှမ်းပြည်နယ် လွယ်လင်မြို့ ခရိုင်ဝန်၊ ၁၉၅၅ ခုနှစ်တွင် တောင်ငူ ခရိုင်ဝန်၊ ၁၉၅၇ ခုနှစ်တွင် မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အားပေးရေး ဘုတ်အဖွဲ့အမှုဆောင်၊ အရာရှိချုပ်၊ ၁၉၅၈ ခုနှစ်၌ တနင်္သာရီတိုင်းမင်းကြီး၊ ၁၉၆၈ ခုနှစ်၌ တနင်္သာရီတိုင်း မင်းကြီး၊ ၁၉၆၈ ခုနှစ်၌ ဆိပ်ကမ်းအုပ်ချုပ်ရေး နာယက စသည်ဖြင့် အမှုထမ်းခဲ့သည်။
ထို့ပြင် ဦးစိုးရသည် ပထမအကြိမ် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ် တင်မြောက်ပွဲ၌ ရွေးချယ်တင်မြောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၇၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ လုပ်ငန်းစစ်ဆေးရေး အဖွဲ့အဖွဲ့ဝင် အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၇၈ ခုနှစ်တွင် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ဆောင်ရွက်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် အငြိမ်းစား ယူခဲ့သည်။
ဦးစိုးရသည် ၁၉၅၆ ခုနှစ်တွင် ဝဏ်ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခြင်း ခံရ၍ ၁၉၅၉ ခုနှစ်တွင် သီရိပျံချီဘွဲ့ချီးမြှင့်ခြင်း ခံရသည်။ ဦးစိုးရသည် အဘိဓမ္မာပြန့်ပွားရေး အသင်း ဒုတိယ ဥက္ကဋ္ဌ (စီမံ) အဖြစ်လည်းကောင်း၊ ဝိုင်အမ်ဘီအေ အသင်းကြီး၏ နာယက အဖြစ် လည်းကောင်း တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး မန္တလေး ဒီဂရီကောလိပ် ကျောင်းသားများ အသင်း၏ နာယကကြီးနှင့် မန္တလေး အသင်း၏ နာယကြီးလည်း ဖြစ်ခဲ့သည်။
ဦးစိုးရသည် ၁၉၈၅ ခုနှစ်၊ဇူလိုင်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် သားတစ်ယောက်နှင့် သမီးတစ်ယောက် ကျန်ရစ်သည်။