ဓနုဖြူစိုးသိန်း ပြင်ဆင်ရန်

ဓနုဖြူမြို့နယ် အဖ ဦးဒိုးအောင် (သင်္ဘောကိုယ်စားလှယ်ကြီး) အမိဒေါ်စိန်သန်းတို့မှ ၁၉၃၇ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့တွင် ဓနုဖြူစိုးသိန်းအား မွေးဖွားသည်၊ မွေးချင်းသုံးဦးအနက် သားအကြီးဆုံး ဖြစ်သည်။ ညီမ ဒေါ်စိုးစိုးမြင့်နှင့် ညီ ဦးကောင်းကောင်းမြင့်တို့ ဖြစ်သည်။

ငယ်စဉ်က ဟိုက်စကူးကျောင်းနှင့် ဆော်လမွန်အလွတ်ပညာသင်ကျောင်းများတွင် တက္ကသိုလ်သင်တန်းအထိ ပညာသင်ကြားခဲ့သည်။ ငယ်စဉ်ကပင် ဂီတပညာကို ဝါသနာပါခဲ့သည်။ မြန်မာ့ဂီတ၊ ကမ္ဘာ့ဂီတများကို လေ့လာလိုက်စားခဲ့သည်။

၁၉၅၂ခုနှစ်တွင် ဂီတနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။ ဝင်ဒါမီယာ ခရက်ဆင့်ရှိ မြန်မာ့အသံမှ အဆိုတော်မြင့်မာလာနှင့် တွဲဖက်၍ “ကမ္ဘာငြိမ်းချမ်းရေး တေးသံ” သီချင်းကို သီဆိုခဲ့သည်။ ဓနုဖြူစိုးသိန်း၏ ပထမဆုံး တေးတစ်ပုဒ် ဖြစ်သည်။

၁၉၅၇ခုနှစ်တွင် အလုံလူငယ်များ အပျော်တမ်းတူရိယာအဖွဲ့ကို တည်ထောင် အသံလွှင့်ခဲ့သည်။ ဓနုဖြူစိုးသိန်း၏ “ပြုံးပန်းမာလာ ၊ သက်ဆုံးဆိုင် မောင်ချော့မြူပါ့မယ်၊ မေတ္တာစကား၊ တစ်မူတည်းမူ” စသည့် သီချင်းများကို သီဆိုခဲ့သည်။

ရုပ်ရှင်နောက်ခံတေးအဖြစ် “ရွှေညာသူ” ရုပ်ရှင်ပဏာမတေးဖြစ်သော “ရွှေညာသူ” သီချင်းဖြင့် စတင်ပြီး ရုပ်ရှင်နောက်ခံတေးသီချင်းပေါင်း များစွာ သီဆိုအောင်မြင်ခဲ့သည်။

ဓနုဖြူစိုးသိန်းသည် ရေဒီယို၊ ဓာတ်ပြား၊ ရုပ်ရှင်နောက်ခံတေးနှင့် စီးရီးတေးသီချင်းများစွာကို သီဆိုအောင်မြင်ကျော်ကြားခဲ့သော အဆိုတော်ကြီးတစ်ဦးဖြစ်သည်။

ဓနုဖြူစိုးသိန်း၏ တေးသီချင်းပေါင်းများစွာမှ အောင်မြင်ကျော်ကြားသောတေးများကို ဖော်ပြလျှင် “ပြုံးမာလာ၊ ဆုံးသက်တိုင်၊ မောင်ချော့မြူပါ့မယ်၊ မေတ္တာစကား၊ ချစ်လိပ်ပြာလေး ဝဲလည်၊ လူနုံအုံးပုန်းကြီး၊ အိုဘယ့်ချစ်သူသို့” သီချင်းများ ၁၉၆၃ ခုနှစ်တွင် ဗိုလ်ကလေးတင့်အောင် ရေးစပ်သည့် “စာရေးကြီး” “လူပျိုကြီး” “သီချင်း” “လှေပွဲ” “လှေသဘင်” “ခဲဖိုး” “မိရွှေချော” “အလယ်” “ဥရုဝေလ” စသည့် သီချင်းများဖြစ်သည်။

လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့ စသည့် ဧည့်ခံ ဖျော်ဖြေပွဲများတွင် ဖျော်ဖြေခဲ့လေသည်။ ဓနုဖြူစိုးသိန်းသည် ရုပ်ရှင်နှင့် ပြဇာတ်များတွင်လည်း သရုပ်ဆောင် အဖြစ်ပါဝင်ခဲ့လေသည်။ တိုင်းပြုပြည်ပြု တေးသီချင်းများ ဖြစ်သော “ရဲရဲတောက်” “ဖန်နေဝန်း” “သားကောင်းစစ်သည်” နှင့် နိုင်ငံတော်နှင့်ပြည်သူများအတွက် လိုအပ်သည့် ပညာပေးလှုံ့ဆော်တေးသီချင်းများကို သီဆို ဖျော်ဖြေခဲ့လေသည်။ မြန်မာနိုင်ငံခေတ်ဟောင်း တေးသီချင်းများ စိစစ်ရေးဆပ်ကော်မတီဝင် အဖြစ်လည်းကောင်း၊ ဂျပန်ခေတ် တေးသီချင်းများပြုစုရေး ကော်မတီဝင် အဖြစ်လည်းကောင်း၊ ဂီတအစည်းအရုံးတွင် ပြန်ကြားရေးမှူး(၂) အဖြစ် ဂီတတာဝန်များကို ထမ်းဆောင်လျက်ရှိသည်။ တိုက် - ၄ ၊ အခန်း ၁၂၊ ပထမထပ် မြန်မာ့အသံဝန်ထမ်း၊ အိမ်ရာ နာနတ်တော်လမ်း၊ ကမာရွတ်မြို့နယ်တွင် ဇနီးသားသမီးများနှင့်အတူ နေထိုင်လျက်ရှိသည်။

ဘဝနိဂုံး ပြင်ဆင်ရန်

အသက် (၇၄) နှစ် ရေဒီယိုအဆိုတော်တေးသံရှင် ဓနုဖြူစိုးသိန်း၊ လူမှုထူးချွန် (တတိယဆင့်)၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မြန်မာ့ အသံကာလပေါ်တေးသီချင်း စိစစ်ရေးဘုတ်အဖွဲ့ဝင်၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) အဖွဲ့ဝင် (၅-၁၁-၂၀၁၀ ရက်နေ့တွင် ကွယ်လွန်သည်။)[၁]

ကိုးကား ပြင်ဆင်ရန်

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)