တက္ကသိုလ်စိုး

ပြင်ဆင်ရန်

ရန်ကုန်မြို့ ကြက်တံဆိပ်ဘိလပ်ရည်ပိုင်ရှင် ဦးညိမ်းမောင်၊ ဒေါ်အုံးသင်တို့၏ တစ်ဦးတည်းသောသားဖြစ်သည်။ ငယ်မည် ကိုလှစိုး ခေါ် တက္ကသိုလ်စိုးသည် ရန်ကုန်ဇာတိဖြစ်ပြီး စန္ဒရားအတီးကို အလင်္ကာကျော်စွာ ရွှေပြည်အေးထံတွင်လည်းကောင်း၊ တေးရေးပညာကို ဂီတစာဆို ရွှေဂုံမောင်ထံတွင်လည်းကောင်း ဆည်းပူးသင်ကြားခဲ့သည်။

၁၉၃၃ ခုနှစ် မတိုင်မီ ကူရှင် အထက်တန်းကျောင်းသားဘဝ၌ ကူရှင်စိုး အမည်နှင့် ကျောင်းကဇာတ်၊ ပြဇာတ်များအတွက် သီချင်းများ ရေးစပ်ပေးခြင်းဖြင့် ဂီတတာဝန်ခံအဖြစ် ဂီတနယ်သို့ ရောက်ရှိလာခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ခွေးတံဆိပ်ဓာတ်ပြားကုမ္ပဏီတွင် တေးအပိုဒ်(၂၀) ကျော်မျှ တာဝန်ယူ၍ ဓာတ်ပြားသွင်း ရေးသားခဲ့သည်။ စစ်ကြိုခေတ်မှအစပြု၍ တက္ကသိုလ်ရောက်ခဲ့၏။ ဒုတိယ ကမ္ဘာစစ်မဖြစ်မီက ခွေးတံဆိပ် ဓာတ်ပြားကုမ္ပဏီ တီးဝိုင်းအဖွဲ့နှင့် သီချင်းပုဒ်ရေ ၃၀ခန့်၊ စန္ဒရားအေဝမ်းခင်မောင် ဦးစီးသော အေဝမ်းသံစုံတီးဝိုင်းနှင့် သီချင်း၄ပုဒ်ခန့်ရှိပြီး စစ်ပြီးခေတ်တွင်မူ တက္ကသိုလ်စိုး တူရိယာအဖွဲ့ကို တည်ထောင်ခဲ့ပြီး သီချင်းပုဒ်ရေ ၁၀၀ကျော် ရေးသားခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် တက္ကသိုလ်စိုး အမည်ဖြင့် အေဝမ်းကုမ္ပဏီတွင် ဂီတစာဆိုအဖြစ်နှင့် တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်ပြီးချိန်ကာလတွင် စာရင်းစစ်ရုံး (အေ-ဂျီ)တွင် (၁၀)နှစ်ကျော်မျှ အမှုထမ်းခဲ့သေးသည်။ စစ်ကြိုခေတ်ထက် စစ်ပြီးခေတ်တွင် အလွန်ကျော်ကြားခဲ့သော စာဆိုရှင်တစ်ဦး ဖြစ်ခဲ့၏။ ဒေါ်သိန်းရွှေအမည်ရှိ မွန်-မြန်မာ ကပြားအမျိုးသမီးနှင့်လက်ထပ်ပြီး သားနှစ်ဦးထွန်းကားခဲ့သည်။ မောင်စိန်ဟန် နှင့် မောင်ဌေးစံဟု အမည်ရသည်။ တက္ကသိုလ်စိုး တီးဝိုင်းတွင် ကိုမြကြီး၊ ကိုစိုးအောင်၊ ကိုမြင့်စိုး၊ ကိုစိုးသန်း၊ မာမာဝေ၊ ရီရီဝေ၊ ကိုစိုးလွင်၊ လွင်လွင်အေး၊ ကိုစိုးမင်း၊ တက္ကသိုလ်သိန်းလွင်၊ ကိုညွန့်လွင်၊ ကိုစိုးအောင်၊ ခင်ထားမေ၊ မေ စသည့် အဆိုတော်များ ပါဝင်သီဆိုကြပြီး ကျော်ကြားခဲ့သော တေးများမှာ ကိုမြကြီး၏ မေ၊ နွဲ့ဆိုး၊ ညိုပြာညက်ကလေး၊ ငွေနှင်းစိုစို၊ ဧရာဝတီ၊ ရက်ကန်းသံ၊ ပုစွန်ဆိတ်ကလေး၊ သဘာဝခင်ပျို၊ ဂီတဗိမာန်၊ မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင်၊ ကိုစိုးအောင်၏ ချာတိတ်မလေး၊ စာကလေးတစ်စောင်၊ ပျိုဝိသာခါ၊ ပြန်လာမယ်၊ လေချွန်သံ၊ သူဇာ၊ အောက်မေ့တယ်၊ ကိုမြင့်စိုး၏ ချားမင်းပျိုဖြူ၊ စမတ်ပျိုမေ၊ တစ်ခါလာလည်းဘီအေ၊ အလိမ္မာလေး၊ သူနဲ့ကျွန်တော်၊ စောဖေက နောကြေ၊ ကိုစိုးသန်း၏ လိုက်ခဲ့မယ်၊ ခမောက်နဲ့မေ၊ စိတ်ကောင်းတစ်ခုထားကြပါ၊ ရွှေခြေကျင်းမေ၊ မာမာဝေ၏ ရွှေမိုးလေးက ညိုတယ်၊ ရွှေကျေး၊ ချစ်ဖော်၊ တစ်မိုးအောက်တစ်ယောက်၊ မာလာရုံ၊ သနားမေတ္တာ၊ ပျို့ကျေးရွာ၊ အောင်၊ အပျင်းပြေ၊ အမောက်နဲ့အစ်ကို၊ ရီရီဝေ၏ ကိုကြီးသာရင်၊ ကောက်ရိပ်ချိန်၊ တောကပွဲတော်၊ လယ်တောကကိုကို၊ အေးတင့်ရေ၊ ကိုစိမ်းပင်၊ ဂျိုကာ၊ ပေါ်လာငယ်နိုး၊ ညာတဲ့အကို၊ မြိုင်၊ ကိုစိုးလွင်၏ ရွှေပြောင်ပြောင်၊ ခေါ်သံ၊ လမ်းပေါ်ကလူ၊ လွင်လွင်အေး၏ စက်လည်းမရွှင်၊ လေညှင်းခံ၊ ဓာတ်ပုံထဲကလူ၊ တက္ကသိုလ် သိန်းလွင်၏ အဝေးမြို့သူ၊ ကိုညွန့်လွင်၏ ချစ်ရည်မတူ၊ တောနဲ့တောင်စွယ်၊ ကိုစိုးလင်း၏ မင်္ဂလာ စသည်တို့ဖြစ်သည်။

စစ်ပြီးခေတ်တွင် ဤကျော်ကြားခဲ့သော သီချင်းများရေးစပ်ခဲ့သကဲ့သို့ စစ်ကြိုခေတ်တွင်လည်း မေရှင်၏ ဇွတ်ချစ်မယ်၊ ပြည်လှဖေ၏ ခုံးမျက်စ သီချင်းများမှာ ယနေ့တိုင် လူငယ်ကြိုက်သီချင်းများ ဖြစ်ခဲ့သည်။ ဆရာတက္ကသိုလ်စိုး၏ တေးများကြောင့် ကျော်ကြားလာသူများမှာ ကိုမြကြီး၊ ကိုစိုးအောင်၊ မာမောဝ၊ ကိုစိုးသန်း၊ ဒဂုန်ခင်နှင့် အခြားအဆိုတော်များ ဖြစ်လေသည်။ ရန်ကုန်တက္ကသိုလ်တွင် ဝိဇ္ဇာတန်းအထိ ပညာသင်ကြားခဲ့လေသည်။ တစ်ချိန်က အောင်သုခရုပ်ရှင်တွင် ကိုယ်ပိုင်ဂီတမှူး၊ ကိုယ်တိုင်ဒါရိုက်တာ အဖြစ်နှင့် တူရိယာလုံမေ တေးဂီတပြဇာတ်ကို ထူးခြားစွာ တင်ဆက်ခဲ့လေသည်။ []

ရည်ညွှန်းကိုးကား

ပြင်ဆင်ရန်
  1. အခြေခံဆိုရေးတီးပညာနှင့် ခေတ်သုံးခေတ်တေးဂီတသမိုင်း - စန္ဒရားလှမိုး