စီမံခန့်ခွဲခြင်း

စီမံခန့်ခွဲရေး

စီမံခန့်ခွဲခြင်း ဆိုသည်မှာ စီးပွာရေးလုပ်ငန်း တစ်ခု သို့မဟုတ် အကျိုးအမြတ်မပါသော လုပ်ငန်းတစ်ခု သို့မဟုတ် အစိုးရအဖွဲ့အစည်းတစ်ခု စသော အဖွဲ့အစည်းတစ်ခုကို စီမံအုပ်ချုပ်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ စီမံခန့်ခွဲခြင်းတွင် အဖွဲ့အစည်း၏ မဟာဗျူဟာကို ဖော်ဆောင်ခြင်း နှင့် ရနိုင်သမျှသော ငွေကြေး၊ သဘာဝအရင်းအမြစ်၊ နည်းပညာ နှင့် လူသားအရင်းအမြစ်စသော အရင်းအမြစ်များကို အသုံးချ၍ ဝန်ထမ်းများ (သို့မဟုတ် လုပ်အားဒါနပြုသူများ) ၏ ကြိုးပမ်းမှုများကို ပေါင်းစပ်ညှိနှိုင်းခြင်းဖြင့် အဖွဲ့အစည်း၏ ရည်မှန်းချက်ကို အောင်မြင်စွာ ပြီးမြောက်စေခြင်းတို့ ပါဝင်သည်။

အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့၏ ဖွဲ့စည်းပုံ ဇယားတွင် ထို အဖွဲ့အစည်းအတွင်းရှိ မန်နေဂျာ အဆင့်ဆင့်တို့၏ အထက်အောက်ဆက်စပ်ပုံကို ပြထားသည်။

လူမှုရေးသိပ္ပံပညာရှင်များသည် စီမံခန့်ခွဲမှုပညာကို ကျောင်းသင်ခန်းစာ ဘာသာရပ်တစ်ခု အဖြစ် လေ့လာသင်ကြားကြပြီး လူမှုအဖွဲ့အစည်း နှင့် အဖွဲ့အစည်းဆိုင်ရာ ခေါင်းဆောင်မှုပညာတို့ကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာကြသည်။ အချို့သော သူများသည် စီမံခန့်ခွဲမှုပညာကို ကောလိပ်များ တက္ကသိုလ်များတွင် သင်ကြားကြသည်။ စီမံခန့်ခွဲမှုနှင့် ဆိုင်သော အဓိက ဘွဲ့များမှာ ကူးသန်းရောင်းဝယ်ရေး ပညာဘွဲ့ (B.Com) ၊ စီးပွားရေး စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (MBA) နှင့် အများပြည်သူဆိုင်ရာ ကဏ္ဍအတွက်မူ အများပြည်သူဆိုင်ရာ စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (MPA) တို့ ဖြစ်ကြသည်။ စီမံခန့်ခွဲမှုပညာနှင့် ပတ်သက်၍ အထူးပြုပညာရှင် သို့ ကျွမ်းကျင်ပညာရှင်၊ စီမံခန့်ခွဲမှုပညာ သုတေသန ပညာရှင် သို့မဟုတ် ပရော်ဖက်ဆာ ဖြစ်ချင်သူများ အတွက်မူ စီမံခန့်ခွဲမှုပညာ ပါရဂူဘွဲ့ (DM) , စီးပွားရေး စီမံခန့်ခွဲမှုပညာ ပါရဂူဘွဲ့ (DBA) သို့မဟုတ် စီးပွားရေး စီမံခန့်ခွဲမှုပညာ နှင့် စီမံခန့်ခွဲမှုပညာ တို့တွင် ပါရဂူ ဘွဲ့များ ရယူနိုင်ကြသည်။

ကြီးမားသော အဖွဲ့အစည်းများတွင် မန်နေဂျာ အဆင့် ၃ ဆင့် ရှိပြီး ၎င်းတို့ကို ပိရမစ်ကဲ့သို့ အထက်အောက် အဆင့်ဆင့် စုစည်းလေ့ ရှိကြသည်။

  • အကြီးတန်းမန်နေဂျာ များတွင် ဒါရိုက်တာ ဘုတ်အဖွဲ့ ၊ အမှုဆောင်အရာရှိချုပ် နှင့် ဥက္ကဋ္ဌ တို့ ပါဝင်သည်။ သူတို့သည် အဖွဲ့အစည်းနှင့် ဆိုင်သော မဟာဗျူဟာ ဆိုင်ရာ ပန်းတိုင်များကို သတ်မှတ်ကြပြီး အဖွဲ့အစည်းတစ်ခုလုံး အနေနှင့် မည်သို့မည်ပုံ လည်ပတ်မည်ကို ဆုံးဖြတ်ချက် ချကြသည်။ အကြီးတန်း မန်နေဂျာများသည် အမှုဆောင် အဆင့် ပရော်ဖက်ရှင်နယ်များ ဖြစ်ကြပြီး သူတို့အား တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းဖြင့် အစီရင်ခံကြသော အလယ်တန်း မန်နေဂျာများကို ညွှန်ကြားမှု ပေးကြသည်။
  • အလယ်တန်းမန်နေဂျာများတွင် လုပ်ငန်းခွဲ မန်နေဂျာများ၊ ဒေသဆိုင်ရာ မန်နေဂျာများ ၊ ဌာနခွဲ မန်နေဂျာများ ပါဝင်ကြပြီး သူတို့သည် လုပ်ငန်း၏ ရှေ့တန်းမှ အလုပ်လုပ်ကိုင်နေသော မန်နေဂျာများအား ညွှန်ကြားမှု ပေးကြသည်။ အလယ်တန်းမန်နေဂျာများသည် အကြီးတန်း မန်နေဂျာများ၏ မဟာဗျူဟာဆိုင်ရာ ပန်းတိုင်များကို ရှေ့တန်း မန်နေဂျာများသို့ ဆက်သွယ် ပြောဆို ညွှန်ကြားမှုပေးကြသည်။
  • အငယ်တန်း မန်နေဂျာများဖြစ်ကြသော အုပ်ချုပ်ရေးမှူးများ နှင့် ရှေ့တန်းမှ အဖွဲ့ခေါင်းဆောင်များတို့သည် ပုံမှန် ဝန်ထမ်းများ ( ပရဟိတ အဖွဲ့များတွင် လုပ်အားဒါနပြုသူများ) ကို ကြီးကြပ်ကြပြီး ၎င်းတို့၏ အလုပ်နှင့် ပတ်သက်၍ ညွှန်ကြားမှု ပေးကြသည်။

အဖွဲ့အစည်းငယ်လေးများတွင်မူ မန်နေဂျာ တစ်ယောက်တွင် ပိုမို ကျယ်ပြန့်သော လုပ်ငန်းဆောင်တာများ ရှိသည်။ မန်နေဂျာ တစ်ဦးတည်းကပင် လုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်ပြီး တစ်ခါတစ်ရံတွင် လုပ်ငန်းကြီးများ၌ မန်နေဂျာ အဆင့်ဆင့် လုပ်ဆောင်သော အဆင့်များကို တစ်ဦးတည်းမှ လုပ်ကိုင်ကြသည်။