စုဆောင်းခြင်းအလေ့
အရှည်မြော်တတ်သူတို့သည် နောင်ရေးဖူလုံစေရန် ကြေးငွေ ဥစ္စာတို့ကို စုဆောင်းတတ်ကြ၏။ သို့သော် ထိုကဲ့သို့ စီးပွားရေး အလို့ငှာ မဟုတ်ဘဲ ဝါသနာအလျောက် ပစ္စည်းစုဆောင်းလည်း ရှိသေးသည်။ ယင်းသို့ စုဆောင်းသောပစ္စည်းတို့မှာ နောင်အခါ တွင် ရှေးဟောင်းပစ္စည်းတရပ် အနေနှင့် လူ့သမိုင်းအတွက် သော်၎င်း၊ ယဉ်ကျေးမှု သမိုင်းအတွက်သော်၎င်း၊ အနုပညာ သမိုင်းအတွက်သော်၎င်း အလွန်တရာ တန်ဖိုးရှိလာတတ်သည်။ ထိုကြောင့် အချို့က ရှေးဟောင်းပစ္စည်းများကို စုဆောင်းကြ၏။ အချို့ကား ကျောက်စာ၊ ပေစာ၊ ပုရပိုက်၊ မင်စာ၊ စာအုပ်၊ ပန်းချီကား၊ ရုပ်တု စသည်တို့ကို စုဆောင်းကြ၏။ အချို့မှာမူ တံဆိပ်ခေါင်း၊ မီခြစ်ခွံ၊ စီးကရက် အရုပ်ကား စသည့် အသေး အဖွဲ့ ပစ္စည်းတို့ကို စုဆောင်းကြ၏။ ပါဏဗေဒို လိုက်စားသူ တို့မှာ သတ္တဝါအမျိုးမျိုးတို့၏ အရိုးစုများ၊ အကြေးခွံများ၊ ယောက်သွားခွံများ စသည်တို့ကို စုဆောင်းကြသည်။
ထိုကဲ့သို့ စုဆောင်းခြင်း၌ ဝါသနာပါသော သဌေးသူကြွယ် များသည် ရှေးဟောင်းပစ္စည်းများကို ဈေးကြီးပေး၍ ဝယ်ယူ သိုမှီးထားတတ်ကြသည်။ သို့ဖြစ်၍ ပစ္စည်းတို့ကို အပျင်းပြေ သဘောထားကာ မှန်မှန် စုဆောင်းသွားသော် နောင်တစ်နေ့တွင် အကျိုးခံစားနိုင်ဖွယ် ရှိသည်။ ထိုကြောင့် အနောက်နိုင်ငံများ တွင် ဤစုဆောင်းခြင်း အလေ့အထသည် ကလေးသူငယ်ကအစ ခေတ်စားလေသည်။
စုဆောင်းရာ၌ ပစ္စည်းနှစ်မျိုးရှိသည်။ အိမ်တွင်းနှင့် ဆိုင် သော ပစ္စည်းနှင့် အိမ်ပြင်ပနှင့်ဆိုင်သော ပစ္စည်းဟူ၍ ဖြစ်၏။ တံဆိပ်ခေါင်း၊ ဓာတ်ပုံ၊ စာအုပ် စသည်တို့ကို စုဆောင်းခြင်းမှာ အိမ်တွင်းဆိုင်ရာ ပစ္စည်းများကို စုဆောင်းခြင်းဖြစ်၏။ ပန်းပွင့်၊ ခရုခွံ၊ လိပ်ပြာ၊ ဖလံကောင် စသည်တို့ကို စုဆောင်းခြင်းမှာ အိမ်ပြင်သို့ထွက် ရှာဖွေစုဆောာင်းရခြင်း ဖြစ်၏။ စုဆောင်းမှု၌ မကျွမ်းကျင်သူတို့သည် ရရာပစ္စည်းမျိုးစုံကို ရှာဖွေ စုဆောင်း တတ်ကြသည်။ ဤစုဆောင်နည်းမျိုးမှာ အလုပ်ပို၍ အချိန်ကုန် သလောက် အကျိုးမများချေ။ တစ်မျိုးကောင်းကို ရွေး၍ စွဲစွဲ မြဲမြဲ စုဆောင်းခြင်းသည်သာ၍ အကျိုးရှိစေတတ်သည်။
စုဆောင်းသည့်အခါ စုဆောင်းသည့် ပစ္စည်းအမျိုးအမည်၊ စုသည့်နေ့ရက်၊ မည်သို့ရရှကြောင်း၊ ရရှိသည့်ဌာန၊ ပစ္စည်းနှင့် စပ်ဆိုင်သောသမိုင်း စသည်တို့ကို မှတ်တမ်းတင်၍ ထားသင့် သည်။ နောင်သောအခါ၌ ထိုမှတ်တမ်းသည် အဖိုးတန် သမိုင်း အကျဉ်းချုပ် ဖြစ်လာပေလိမ့်မည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)