စုန္ဒ သည် ဂေါတမမြတ်စွာဘုရား လက်ထက်တော်အခါက ဝက်ကုန်သည်အလုပ်ဖြင့် အသက်မွေးကြောင်းပြုကာ နေထိုင်သည့် ရာဇဂြိုဟ်မြို့သားတစ်ဦး ဖြစ်သည်။ စုန္ဒသည် အကုသိုလ်ကံအကျိုးပေးကြီးသဖြင့် မသေခင်ကပင် အကျိုးပေးခံစားရကာ သေဆုံးခဲ့သည့်အခါတွင်လည်း အဝီစိငရဲသို့ ကျရောက်ခဲ့ရသည်။[]


စုန္ဒသည် ရာဇဂြိုဟ်မြို့တွင် နေထိုင်သူ ဖြစ်သည်။ သူသည် ဝက်ကုန်သည်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူ ဖြစ်သည်။ စုန္ဒ၏ နေအိမ်သည် မြတ်စွာဘုရားသီတင်းသုံးတော်မူရာ ဝေဠုဝန်ကျောင်းတော်နှင့် သိပ်မဝေးပေ။ သို့သော် စုန္ဒသည် မည်သည့်ဘာသာရေးကိုမျှ ကိုးကွယ်ယုံကြည်မှု မရှိပေ။[]

အသက်မွေးမှု

ပြင်ဆင်ရန်

စုန္ဒသည် ဝက်များကို မွေးမြူခြင်း၊ အသားသတ်၍ ရောင်းခြင်း စသည့် ဝက်လုပ်ငန်းဖြင့် အသက်မွေးသူ ဖြစ်သည်။ စုန္ဒသည် စပါးပေါ်ချိန်၌ စပါးများကို ဝယ်ယူစုဆောင်းထား၏။ စပါးရှားပါးသည့် အချိန်ရောက်သည့်အခါတွင် စုန္ဒသည် ဝက်ပိုင်ရှင်များထံမှ ဝက်ပေါက်ကလေးများကို ငွေသားဖြင့် ပေး၍ မဝယ်ဘဲ စပါးပေးကာ ဈေးနှိမ်၍ ဝယ်သည်။ ထို့နောက် ဝယ်ယူရရှိလာသည့် ဝက်များကို နောက်ဖေးရှိ ခြံကြီး၌ မွေးမြူထားသည်။

ထိုသို့မွေးမြူ၍ အသားသတ်နိုင်လောက်သည့် အရွယ်ရောက်လာသည့် ဝက်များကို သတ်၍ ဝက်သားရောင်းစားခြင်းဖြင့် အသက်မွေးခဲ့သည်။ ထိုသို့ ဝက်များကို သတ်ရာတွင် စုန္ဒသည် ဝက်ကို တိုင်၌ ချည်နှောင်ကာ တင်းပုတ်ဖြင့် ထုခြင်းဖြင့် ဝက်များ၏အသား ဖူးရောင်လာအောင်ပြု၍ သတ်၏။ ထိုအခါ ဝက်သည် အထုခံရသဖြင့် ဝလာဟန် ရှိလာ၏။ ထိုအခါ ဝက်၏ အာခေါင်ကို တုတ်ဖြင့်ထောက်ကာ ပွင့်နေသည့် ပါးစပ်အတွင်းသို့ ကျိုက်ကျိုက်ဆူနေသည့် ရေနွေးများကို လောင်းချ၏။ နောက်ဆုံး ဝက်၏ အူအတွင်းမှ ကျဆင်းလာသည့် အရည်သည် အဖြူရောင်ဖြစ်သွားသည့်အခါမှ ရေနွေးပူလောင်းခြင်းကို ရပ်၏။ ဤကဲ့သို့ စုန္ဒသည် ဝက်ကိုသတ်ကာ အသတ်မွေးသူ ဖြစ်၏။

ဘဝနိဂုံး

ပြင်ဆင်ရန်

တစ်ခုသောနေ့တွင် စုန္ဒသည် မမာမကျန်း ဖြစ်လာ၏။ စုန္ဒသည် ၅၅ နှစ် ကာလပတ်လုံး ဝက်သတ်ခြင်းဖြင့် အသက်မွေးခဲ့၏။ ထိုအကုသိုလ်ကံများသည် စုန္ဒအား အကျိုးပေးရန် အချိန်တန်လာပြီဖြစ်သဖြင့် စုန္ဒသည် မသေဆုံးမီ ၇ ရက်ပတ်လုံး ဝက်များကဲ့သို့ လေးဖက်ထောက်သွား၍ အော်ဟစ်နေရာက ပူလောင်ပြင်းပြသည့် ဝေဒနာကို ခံစားရ၏။ သူ၏ အိမ်သူအိမ်သားများသည် အိမ်အပြင်သို့ ထွက်မသွားစေရန် သူ့အား တံခါးပိတ်ထားလေ၏။ စုန္ဒ၏ အော်ဟစ်ဆူညံသံတို့သည် ပတ်ဝန်းကျင်ကို အိမ်မရအောင်ပင် ဆူညံလျက်ရှိသည်။ ထိုကဲ့သို့ အကုသိုလ်ကံအကျိုးကို ခုနစ်ရက်ပတ်လုံး ခံစားရကာ စုန္ဒသည် သေဆုံး၏။

ဘဝလားရာနှင့်မြတ်စွာဘုရား၏ အဆုံးအမ

ပြင်ဆင်ရန်

စုန္ဒ၏ အိမ်အနီးမှ ဖြတ်သန်း၍ သွားကြသော ရဟန်းတို့သည် မြတ်စွာဘုရားအား စုန္ဒ၏ အိမ်တွင် ၇ ရက်ပတ်လုံး ဝက်များသတ်နေသည့်အသံကို ကြားရသည်ဟု လျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားသည် ဝက်သံမဟုတ်ကြောင်း၊ ၅၅ နှစ်တို့ ကာလပတ်လုံး ပြုစုခဲ့သည့် စုန္ဒ၏ အကုသိုလ်အမှုသည် ယခုဘဝ၌ပင် တူသောအကျိုးကို ပေးခြင်းဖြစ်ကြောင်း၊ ယနေ့တွင်ပင် စုန္ဒသည် သေလွန်ကာ အဝီစိငရဲသို့ ကျသွားပြီဟု မိန့်တော်မူ၏။

ထို့နောက် မြတ်စွဘုရားသည် အောက်ပါဂါထာကို ဟောတော်မူလေသည် -

မကောင်းမှုကို ပြုသူသည် ဤပစ္စုပ္ပန်ဘဝ၌လည်း စိုးရိမ်ပူပန်ရ၏၊ နောင်တမလွန်ဘဝ၌လည်း စိုးရိမ်ပူပန်ရ၏။ ပစ္စုပ္ပန်၊ တမလွန် နှစ်ဘဝလုံး၌ စိုးရိမ်ပူပန်ရ၏။ ထိုသူသည် မိမိ၏ ညစ်ညူးသော အကုသိုလ် ကံကြမ္မာကိုမြင်၍ စိုးရိမ်ပူပန်ရ၏၊ စိုးရိမ်ပူပန်ရသည်နှင့်အမျှ ပင်ပန်းရ၏။

  1. ၁.၀ ၁.၁ ဦးရွှေအောင် မဟာဝိဇ္ဇာ (သက္ကတ)၊ ဝဋံသကာနှင့် သိရောမဏိ (၁ နိုဝင်ဘာလ ၂၀၀၂)။ ဓမ္မပဒ (ယမကဝဂ်၊ စိတ္တဝဂ်၊ အပ္ပမာဒဝဂ်၊ ပုပ္ဖဝဂ် ပေါင်းချုပ်) (ဒုတိယအကြိမ် ed.)။ အမှတ် ၃၈၊ ၁၀၉ လမ်း၊ မင်္ဂလာတောင်ညွန့်၊ ရန်ကုန်မြို့: ရာပြည့်စာအုပ်တိုက်။ pp. ၁၆၃ - ၁၇၃။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)