စူဠဓနုဂ္ဂဟဇာတ်
ပဉ္စကနိပါတ် - ၃။ အဍ္ဎဝဂ် -(၃၇၄) - စူဠဓနုဂ္ဂဟဇာတ် လင်ဖြစ်သော စူဠဓနုဂ္ဂဟနှင့် ခိုးသူကြီးတို့ သတ်ပုတ်လုံးထွေးနေရာ သူခိုးကို ချစ်ကြိုက်သဖြင့် လင်ကို ဓားသွားကမ်း၍ သူခိုးကို ဓားရိုးလှမ်းသော မိန်းမယုတ်အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
ပြင်ဆင်ရန်ကိလေတောင့်တ ရဟန်းဘဝ
ပြင်ဆင်ရန်နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဋူဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မယားဟောင်းသည် ဖြားယောင်း သွေးဆောင်အပ်သည် ဖြစ်၍ သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ပြင်ဆင်ရန်ပညာသင်ပြီး တောခရီး
ပြင်ဆင်ရန်လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သိကြားမင်း ဖြစ်လေ၏။ ထိုအခါ ဗာရာဏသီပြည်သား ပုဏ္ဏားလုလင် တစ်ယောက်သည် တက္ကသိုလ်ပြည်၌ အတတ်ပညာ အလုံးစုံကို သင်ကြား၍ လေးအတတ်၌ အပြီးသို့ ရောက်၏။ ထိုအခါ စူဠဓနုဂ္ဂဟ ပညာရှိဟု အမည်တွင်လေ၏။
တက္ကသိုလ် ဆရာကြီးသည် ထိုစူဠဓနုဂ္ဂဟ ပညာရှိအား ဤလုလင်ကား ငါကဲ့သို့ အတတ်ပညာကို တတ်မြောက်ပေ၏ဟု သမီးနှင့် ထိမ်းမြား လက်ထပ်လေ၏။ စူဠဓနုဂ္ဂဟသည် သတို့သမီးကိုခေါ်၍ ဗာရာဏသီပြည်သို့ပြန်ရာ ခရီးအကြားတွင် တောဆင်ကြီး တစ်ကောင် ထ ၍ နေသဖြင့် မည်သူမျှ မသွားဝံ့သော အရပ်သို့ ရောက်လေ၏။
ခိုးသားရန်ပြု တိုက်ခိုက်မှု
ပြင်ဆင်ရန်ထိုအခါ စူဠဓနုဂ္ဂဟ ပညာရှိအား တောဆင်ကြီးသည် လိုက်လေ၏။ စူဠဓနုဂ္ဂဟ ပညာရှိသည် မြားဖြင့် ပစ်ရာဆင်ကြီးသည် သေလေ၏။ နောက်တစ်ဖန် သွားပြန်ရာ သူခိုးငါးဆယ်တို့နေရာ တောအုပ်သို့ သွားပြန်ရာ သူခိုးငါးဆယ်တို့နေရာ တောအုပ်သို့ ရောက်ပြန်၏။ သူခိုးတို့သည် တန်ဆာဆင်အပ်သည်ဖြစ်၍ မယားနှင့်တကွ လာသော စူဠဓနုဂ္ဂဟ ပညာရှိကိုမြင်လျှင် ဖမ်းရန် အားထုတ် ကြကုန်၏။ သူခိုးကြီးသည် ပုရိသလက္ခဏာ၌ လိမ္မာသဖြင့် ဤယောကျ်ားကား မွန်မြတ်သော သူတည်းဟု သိ၍ ဖမ်းဆီးရန် အခွင့်မပြုလေ။
စူဠဓနုဂ္ဂဟပညာရှိသည် မယားအား သူခိုးတို့ထံ အမဲသားကင် တစ်ခုကို အတောင်းခိုင်း၏။ မယားလည်း သူခိုးတို့ထံသွား၍ တောင်းလေ၏။ သူခိုးကြီးလည်း အနဂ္ဃယောကျ်ား ဖြစ်ပေသည်ဟု ပေးစေ၏။ သူခိုးတို့လည်း ငါတို့ ကျက်ပြီးသော အမဲသားကင်ကို စားမည်ဟု မကျက်သေးသော အမဲသားကင်ကို ပေးလိုက်ကုန်၏။ စူဠဓနုဂ္ဂဟ ပညာရှိလည်း မိမိကိုယ်ကို ချီးကျူးကာ ငါ့အား မကျက်သော အမဲသားကင်ကို ပေးရမည်လားဟု သူခိုးတို့အား အမျက်ထွက်လေ၏။ သူခိုးတို့လည်း ဤသူကား တစ်ယောက်တည်းသာ ဖြစ်သည် အသို့ပြုနိုင်အံ့နည်း၊ ငါတို့လည်း မိန်းမ မဟုတ်ကုန်ဟု ခြိမ်းခြောက်ခါ ထကြကုန်၏။
ခိုးသားနှစ်ခြိုက် မယားမိုက်
ပြင်ဆင်ရန်စူဠဓနုဂ္ဂဟ ပညာရှိသည် မြားအစင်း ငါးဆယ်သာ ပါလေရာ တစ်စင်းမှာ တောဆင်အုပ်ကြီးကို ပစ်ခဲ့၍ လေးဆယ့်ကိုးစင်းသာ ကျန်တော့သဖြင့် သူခိုးတို့ကို ပစ်ရာ သူခိုးလေးဆယ့်ကိုးယောက် သေ၍ သူခိုးကြီး တစ်ယောက်သာ ကျန်လေ၏။ ထိုအခါ သူခိုးကြီးကို လုံးထွေးကာ လဲစေ၍ ရင်ဘတ်ပေါ်တွင်စီးလျက် မယားအား သန်လျက်ကို တောင်း၏။ မယားလည်း ခဏချင်း မြင်ရသော သူခိုးကြီး၌ တပ်စွန်းသဖြင့် သူခိုးကြီးလက်၌ သန်လျက်ရိုး၊ လင်လက်၌ သန်လျက်သွားကို ထားကာ ပေးလေ၏။ ထိုခဏတွင် သူခိုးကြီးသည် သန်လျက်ဖြင့် စူဠဓနုဂ္ဂဟ ပညာရှိကို ခုတ်၍ သတ်လေ၏။
မိန်းမယုတ် ရွံရှား စွန့်ပစ်သွား
ပြင်ဆင်ရန်သူခိုးကြီးသည် သတို့သမီးကို ခေါ်၍ သွားရာ အကြောင်းစုံကို မေးမြန်း၍ သိရသဖြင့် ဤမိန်းမကား အဘ ပေးစားသော လင်ကိုပင် သတ်သေး၏။ တစ်ပါးသော လင်ကို မြင်ပြန်လျှင် ငါ့ကိုလည်း သတ်ပြန်ရာ၏။ ဤမိန်းမကို စွန့်ပစ်၍ သွားမှ သင့်မည်ဟု ကြံစည်လျက် ရေပြည့်သော မြစ်ငယ်တစ်ခုသို့ ရောက်လျှင် “ရှင်မ … ဤမြစ်ငယ်၌ မိကျောင်း ရဲလှ၏၊ အဆင်တန်ဆာ အလုံးစုံကို အပေါ်ရုံဖြင့် ထုပ်၍ ပေးလော့၊ ရှေးဦးစွာ အထုပ်ကိုပို့ပြီးမှ သင့်ကို လာခေါ်မည်” ဟု ပြောဆိုလေ၏။ မိန်းမလည်း အဟုတ်မှတ်၍ အဆင်တန်ဆာတို့ကို ပေးကာ ကမ်းနားမှ စောင့်၍ နေနှင့်၏။ သူခိုးကြီးလည်း အထုပ်ကိုယူ၍ ကူးရာ တစ်ဖက်ကမ်းသို့ ရောက်လျှင် မိန်းမကို စွန့်ပစ်၍ သွားလေ၏။
ထိုအခါ မိန်းမသည် သူခိုးကြီးအား -
“အရှင်ပုဏ္ဏား … အရှင်ကား ဘဏ္ဍာ အလုံးစုံကိုယူ၍ မြစ်ကိုကူးသွားရာ ကမ်းတစ်ဖက်သို့ ရောက်ပေပြီ၊ လျင်စွာ ပြန်လာခဲ့ပါ၊ ယခုအခါ ဤဘက်ကမ်းမှ ကျွန်ုပ်ကိုလည်း ကူး၍ ဆောင်ယူပါ” –
ဟု ပြောဆို တောင်းပန်လေ၏။ သူခိုးကြီးသည် မိန်းမ၏ စကားကို ကြားလျှင် ကမ်းနားတွင်ရပ်လျက် -
“အို-ပုဏ္ဏေးမ … သင်ကား ကြာမြင့်စွာ ပေါင်းဖော်သော လင်ဖြင့် မပေါင်းဖော်ဖူးသေးသော ငါ့ကို လဲလှယ်၍ ယူဘိ၏၊ မြဲသော လက်ဖြင့် မမြဲသော ငါ့ကို လဲလှယ်၍ ယူပြန်ရာ၏၊ ငါကား ဤအရပ်မှ အလွန်ဝေးသောအရပ်သို့ သွားတော့မည်” –
ဟု ပြောဆို၍ ထိုမိန်းမ ငိုကြွေးနေစဉ် လျှင် သင်နေရစ်တော့ဟု ပြောဆိုလျက် ထမ်းပိုးထားသော ဘဏ္ဍာထုပ်ကို ယူ၍ ပြေးလေ၏။
သိကြား သိအောင် ဥပါယ်ဆောင်
ပြင်ဆင်ရန်ထိုအခါ မိုက်လှစွာသော မိန်းမသည် အလိုကြီးသောကြောင့် ပျက်စီးခြင်းသို့ ရောက်လျက် ကိုးကွယ်ရာ မရှိသဖြင့် သမန်းမြက် ခြုံတစ်ခုသို့ကပ်၍ ငိုကြွေးကာ နေလေ၏။
ထိုခဏ၌ သိကြားမင်းသည် လူ့ပြည်ကို ကြည့်လတ်သော် ထိုမိန်းမကိုမြင်လျှင် အကြောင်းကိုသိ၍ အရှက်ခွဲမည်ဟု ကြံစည်ကာ မာတလိနတ်သားနှင့် ပဉ္စသီခ နတ်သားတို့ကို ခေါ်၍ “မာတလိ … သင်က မြစ်တွင် ငါးလုပ်လေ၊ ပဉ္စသီခ … သင်က ငှက်လုပ်လေ၊ ငါက သားတစ်ကို ချီလာသော မြေခွေးလုပ်မည်၊ ငါ မိန်းမအနားရောက်လျှင် သင်က ရေထဲမှခုန်၍ ငါ့ရှေ့တွင်ကျလေ၊ ထိုအခါ ငါက သားတစ်ကိုချ၍ ငါးကို ဖမ်းရန် ပြေးလာမည်၊ သင်က ရေထဲသို့ ခုန်ချလေ၊ သင် ပဉ္စသီခက သားတစ်ကိုချီ၍ ပျံလေ” ဟု တိုင်ပင်ကာ သွားကြကုန်၏။
ရှေးဦးစွာ သိကြားမင်းက သားတစ်ကို ချီလာသော ခွေးအဟန်ဖြင့်သွားရာ ထိုမိန်းမအနီး ရောက်လျှင် မာတလိက ငါးအဟန်ဖြင့် ရေထဲမှ ခုန်တက်ကာ ခွေးအရှေ့တွင် ကျ၏။ မြေခွေးက အမဲတစ်ကိုချ၍ ငါးကိုဖမ်းမည်အပြုတွင် ပဉ္စသီခက ငှက်အဟန်ဖြင့် သားတစ်ချီ၍ ပြန်လေ၏။ ငါးကလည်း ရေထဲသို့ ခုန်ချလေ၏။ ထိုအခါ မြေခွေးသည် အမဲသားတစ်နှင့် ငါး နှစ်မျိုးလုံးမှ ဆုံးရှုံးသဖြင့် သမန်းမြက်ချုံကို ကြည့်ကာ မှိုင်၍ နေလေ၏။
ကိုယ်ကျင့်မမြင် အပြစ်တင်
ပြင်ဆင်ရန်မိန်းမသည် မြေခွေး၏ အဖြစ်အပျက်ကို မြင်လျှင် ဤမြေခွေးကား အလွန် အလိုရမ္မက် ကြီးလှ၏၊ အမဲသားတစ်ကိုလည်း မရ ငါးကိုလည်း မရလေဟု နှလုံးသွင်းလျက် အိုးကို ခွဲလိုက်သည့်အလား ကျယ်စွာသော အသံဖြင့် ရယ်လေ၏။ မြေခွေးသည် ရယ်သံကိုကြားလျှင် -
“သမန်းမြက်ချုံ၌ ဤမိန်းမကား ကျယ်လောင်စွာသော အသံဖြင့် ရယ်ဘိ၏၊ အဘယ်မိန်းမနည်း၊ ဤအရပ်မှာ ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်းလည်း မရှိခဲ့၊ ခါးကောင်း၍ တင့်တယ်သော ရှင်မ … သင်သည် ငိုကြွေးသင့်သောအခါ ၌ အဘယ့်ကြောင့် ကျယ်လောင်စွာ ရယ်ဘိသနည်း”-
ဟု မိန်းမအား မေးမြန်း ပြောဆိုလေ၏။ မိန်းမသည် မြေခွေးစကားကို ကြားလျှင် -
“ပညာမရှိ မိုက်မဲလှ၍ အစားကြီးလှသော မြေခွေး … သင်ကား ပညာမရှိသည့်အတွက် အမဲသားနှင့် ငါး နှစ်မျိုးလုံး ဆုံးရှုံးကာ ဥစ္စာတစ်ထောင် ရှုံးသူကဲ့သို့ ကြံမှိုင်ဘိ၏” –
ဟု မြေခွေးအား ပြစ်တင်ကဲ့ရဲ့ကာ ပြောဆိုလေ၏။
ထိုအခါ မြေခွေးသည် -
“ဟယ် အကျင့်ယုတ်မာ၍ သီလ မရှိသော မိန်းမ … သူတစ်ပါး အပြစ်ကို မြင်လွယ်၏၊ မိမိ အပြစ်ကိုကား မြင်ခဲ၏၊ သင်ကား အဘ ပေးစားသောလင်ကိုမှလည်းကောင်း၊ သယောက်လင်မှ လည်းကောင်း ဆုံးရှုံးသည်ဖြစ်၍ ကြံမှိုနေရသည် မဟုတ်လော” –
ဟု မိန်းမအား နှိပ်၍ အရှက်ခွဲကာ ပြောဆိုလေ၏။
မိန်းမပြစ်ပြော တရားဟော
ပြင်ဆင်ရန်ထိုအခါ မိန်းမသည် မြေခွေးစကားကို ကြားလျှင် -
“အို-သားတို့ဘုရင် မြေခွေးမင်း … ငါကား သင်ပြောဆိုသည့်အတိုင်း စင်စစ် မှန်ပါေ၏၊ ငါသည် ဤအရပ်မှ သွားသည်ရှိသော် နောက်ထပ် လင်ရခဲ့ပါလျှင် လင်၏အလိုသို့ လိုက်ပါတော့အံ့” –
ဟု ဝန်ခံပြောဆိုပြန်၏။ ထိုအခါ သိကြားမင်းသည် သီလ မရှိသော မိန်းမကစားကို ကြားပြန်လျှင် -
“အကျင့်ယုတ်မာလှသော မိန်းမ … သင်သည် အဘယ်သို့ ဆိုသနည်း၊ မြေခွက်ကို ခိုးဝံ့သူသည် ရွှေခွက်ကိုလည်း ခိုးဝံ့၏၊ သင်သည် မကောင်းမှုကို ပြုမည်သာတည်း၊ နောက်ထပ်တစ်ဖန် လင်ရပြန်လျှင် လည်း ဤကဲ့သို့ ပြုလိမ့်ဦးမည်” –
ဟု ပြောဆိုကာ ထိုမိန်းမကို ရှက်စေပြီးလျှင် ဖောက်ပြန်သော အခြင်းအရာသို့ ရောက်စေ၍ မိမိနေရာ တာဝတိံသာသို့ သွားလေ၏။
ဤဒေသနာတော်၏ အဆုံး၌ သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။
ဇာတ်ပေါင်း
ပြင်ဆင်ရန်ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ စူဠဓနုဂ္ဂဟသည် - ယခုအခါ ငြီးငွေ့သော ရဟန်း။
မိန်းမသည် - မယားဟောင်း။
သိကြားမင်းသည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
ပြင်ဆင်ရန်(၁) အလိုရမ္မက်၊ လွန်နှိပ်စက်၊ ပျက်စီးဆုံးရှုံးရာ။
(၂) ငယ်ကချစ်လင်၊ သယောက်လင်၊ မကြင်လဲလှယ်ကာ။
(၃) သူခိုး၏လက်၊ ဓားရိုးဆက်၊ ဓားရွက်ချစ်လင်မှာ။
(၄) လင်နှစ်ဦးလုံး၊ မှိုင်၍ ချုံး၊ ဆုံးမနတ်မင်းလာ။
စူဠဓနုဂ္ဂဟဇာတ် ပြီး၏။
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။