[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အရှင်အာနန္ဒာ၏ မေးလျှောက်ချက်ကို ဟောတော်မူသည့်သုတ်။

သဟဿိစူဠနိကာလောကဓာတ်၊ ဒိသဟဿိ မဇ္ဈိမိကာ လောကဓာတ်၊ တိသဟဿိ မဟာသဟဿိလောကဓာတ်တို့တည်နေပုံ၊ ဘုရားရှင်တို့ အလိုရှိတော်မူလျှင် တိသဿိမဟာသဟဿိ လောကဓာတ်တိုင်အောင် အသံတော်ဖြင့် သိစေတော်မူနိုင်ပုံ၊ ယင်းသို့ အသံတော်ဖြင့် သိစေတော်မူပုံ အခြင်းအရာ၊ အရှင်အာနန္ဒာ၏ ဗုဒ္ဓါရမ္မဏပီတိအကျိုး၊ အရှင်အာနန္ဒာ ယခုဘဝမှာပင် ရဟန္တာ ဖြစ်နိုင်ပုံတို့ကို ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌ အရုဏဝတီသုတ္တန် (သံ၊၁၊၁၅၇) (၂)မျိုး ဖြစ်ပေါ်လာပုံ စူဠနိကာသုတ်ဖြစ်ပေါ်လာပုံတို့ကို ဤစူဠနိကာသုတ်တော် အစ၌ အရှင်အာနန္ဒာ (၃) ကြိမ်တိုင် လျှောက်ထားပုံတို့ကို အပြည့်အစုံ ပြဆိုထားပါသည်။ စူဠနိကာ စကြာဝဠာ တစ်ခုအပိုင်းအခြားသတ်မှတ်ချက်၊ စကြာဝဠာ လောကဓာတ်တစ်ခု၌ ရှိသင့်သောအရာတို့ကို ပါဠိတော်၌ သတ်မှတ် ပြထားပါသည်။ စူဠနိကာလောကဓာတ်သည် အငယ်စား လောကဓာတ်ဖြစ်ပုံ၊ သာဝကတို့၏ ဖြစ်ရာဖြစ်ပုံ၊ မဇ္ဈိမိကလောကဓာတ်သည် သာဝကတို့၏အရာမဟုတ် ဗုဒ္ဓ ဝိသယဖြစ်ပုံ၊ မဇ္ဈိမိကလောကဓာတ်၌ အမိုက်မှောင်ကို ပယ်ဖျောက်ပြီး ဘုရားရှင် တို့ရောင်ခြည်တော်လွှတ်၍ အသံတော်ဖြင့် သိစေပုံ ဗောဓိသတ္တနှင့် ဗုဒ္ဓမြတ်စွာတို့၏ အခါတော်နေ့များ၌ တုန်လှုပ်ပုံ၊ မဟာသဟဿီလောကဓာတ် သတ်မှတ်ပုံ စကြာဝဠာကုဋေတစ်သိန်းပါဝင်ပုံ၊ ဘုရားရှင်တို့ ယင်းမဟာသဟဿီလောကဓာတ်၌ ရောင်ခြည်တော်လွှတ်၍ တရားဟောတော်မူနိုင်ပုံ၊ အာဏာခေတ်ဖြစ်ပုံ ပရိတ်တော်တို့၏ အာဏာပြန့်နှံ့ပုံ၊ ဝိသယခေတ် စကြာဝဠာအပိုင်းအခြားမရှိပုံ၊ မှန်းဆ သိစရာဥပမာ၊ အရှင်အာနန္ဒာထေရ် မေးခွန်းမေးလျှောက်ရန် ကြံစည်ပုံ၊ ရောင်ခြည်တော်ဖြန့်ကြက်ပုံ၊ ဗုဒ္ဓမြတ်စွာ၏ ဂုဏမဟန္တဖြစ်ပုံ၊ ရောင်ခြည်တော်ဖြင့်ကြည့်၍ သိကြပုံ ဓမ္မကထာဟောတော်မူပုံ တထာဂတ၏ မဟာနုဘာဝဖြစ်ပုံ အရှင်အာနန္ဒာ ဥဒါန်းကျူးရင့်ပုံ၊ မဟိဒ္ဓိကဖြစ်ပုံ၊ လာဠုဒါယီထေရ်သည် ဥပဋ္ဌာကမထေရ်များ အပေါ်၌ ရန်ငြိုးဖွဲ့ပုံ၊ အရှင်အာနန္ဒာမထေရ်၏ ဘုရားရှင်အပေါ်၌ ကြည်ညိုမှုကို ပျက်စီးအောင် လာဠုဒါယီထေရ်ကပြောဆိုရာ၌ ဥပမာသုံးမျိုး ဘုရားရှင်က ဥဒါယီထေရ်၏စကားကို တားမြစ်ပုံ၊ ဓမ္မဒေသနာ ပသန္နကုသိုလ်, ဗုဒ္ဓသီဟနာဒပသန္ဒကုသိုလ်အကျိုး၊ အရှင်အာနန္ဒာထေရ်၏ ပရိနိဗ္ဗာန်ပြုမည့် ပုဂ္ဂိုလ်ဖြစ်ပုံတို့ကို ဖွင့်ပြ ထားပါသည်။

ဋီကာ၌ အတိပ္ပခေါ၊ ဥဇ္ဈာယန္တိပုဒ်တို့အဖွင့်၊ အာဏာပျံ့နှံ့ပုံ အစရှိသော အဋ္ဌကထာ၌ သိသင့်သောပုဒ်တို့၏ အဓိပ္ပါယ်များကို ဖွင့်ပြထားပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၁၊၂၂၇-၉။ အံ၊မြန်၊၁၊၂၄၅-၇။ အံ၊ဋ္ဌ၊၂၊၂၀၆-၂၁၃။ အံ၊ဋီ၊၂၊၁၈၃-၅။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၈) ၃-အာနန္ဒဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ