စူဠပဒုမဇာတ်
ဒုကနိပါတ် - ၅။ ရုဟကဝဂ် -၁၉၃ - စူဠပဒုမဇာတ်။ ။ မိဖုရား သတ်ငြားသော်လည်း ဖွတ်မင်း ကယ်ဆယ်၍ မင်းအဖြစ်ကို ရရှိသော ပဒုမမင်းသား အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
ပြင်ဆင်ရန်တဏှာရုပ်စွ ရဟန်းဆုံးမ
ပြင်ဆင်ရန်နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် တန်ဆာဆင်အပ်သော မိန်းမကိုမြင်သဖြင့် သာသနာတော်၌ ငြီးငွေ့ပျင်းရိကာ လူထွက်လိုသော ရဟန်းတစ်ပါး ရှိလေ၏။[ပစ္စုပ္ပန်ဝတ္ထုသည် ဥမ္မာဒန္တီဇာတ်၌ ထင်စွာဖြစ်လတ္တံ့။]
မြတ်စွာဘုရားသည် ထိုရဟန်းအကြောင်းကို သိတော်မူလျှင် “ချစ်သားရဟန်း ... မိန်းမမည်သည်ကား ကျေးဇူးကိုမသိတတ်၊ အဆွေခင်ပွန်းကို ပြစ်မှားတတ်၏။ များသောမာယာရှိ၏။ ရှေးပညာရှိတို့သည် လက်ယာပုဆစ် ဒူးသွေးကို သောက်စေ၍ ဇီဝိတဒါနကို ပေးကုန်သော်လည်း မိန်းမ၏စိတ်ကို မရဖူးကုန်” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ပြင်ဆင်ရန်မင်းကြီးဖွားမြောက် သားခုနစ်ယောက်
ပြင်ဆင်ရန်လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုရားကြီးဝမ်း၌ ပဋိသန္ဓေနေ၍ မွေးဖွားပြီးလျှင် ထိုသတို့သားအား ပဒုမမင်းသားဟု အမည်မှည့်ကြကုန်၏။ နောက်အခါ ခြောက်ယောက်သော သားတို့ကို ဖွားမြင်ပြန်၏။
ထိုခုနစ်ယောက်သော မင်းသားညီနောင်တို့သည် အစဉ်အတိုင်း ကြီးပြင်း၍ အရွယ်ရောက်လတ်သော် အသီးအသီး အိမ်ရာထောင်ခြင်းကိုပြုကာ နေကြကုန်၏။
ထီးနန်းဘေးမြင် တိုင်းပြည်နှင်
ပြင်ဆင်ရန်အခါတစ်ပါး အဖမင်းကြီးသည် မင်းရင်ပြင်ကို ကြည့်ရှုနေစဉ် အခြံအရံများစွာဖြင့် ခမည်းတော်ကြီးကို ခစားရန်လာကြသော သားတော်တို့ကိုမြင်လျှင် ဤသားတော်တို့သည် ငါ့ကိုသတ်၍ မင်းအဖြစ်ကို ယူကြလိမ်မည်ဟု ရွံ့ရှားတော်မူသဖြင့် သားတော်တို့ကို ခေါ်စေပြီးလျှင် “ချစ်သားတို့ ... သင်တို့သည် ဤမြို့မှာ မနေကြလင့်၊ နေခွင့်မရကုန်။ အရပ်တစ်ပါးသို့ သွားကြကုန်လော၊ ငါသေလွန်သောအခါမှ ထီးနန်းစည်းစိမ်ကို လာ၍ ယူကြကုန်လော” ဟု မိန့်တော်မူ၏။
ကန္တာရအကြား မယားသတ်စား
ပြင်ဆင်ရန်ထိုအခါ သားတော်ခုနစ်ယောက်တို့သည် ခမည်းတော်မင်းကြီး၏ စကားကို နားထောင်ကာ မျက်ရည်စွတ်စို ငိုယိုကြကုန်လျက် မယားတို့ကို ခေါ်ယူပြီးလျှင် တစ်ပါးသော မြို့ရွာ၌ အသက်မွေးကြတော့မည်ဟု မြို့တော်မှ ထွက်ကြကုန်၏။
အတော်သွားမိ၍ ခရီးအကြားဝယ် ကန္တာရတစ်ခုသို့ရောက်လျှင် ထမင်းအဖျော်ကို မရကုန်သောကြောင့် မွတ်သိပ်ဆာဆောင်ခြင်းကို သည်းမခံနိုင်ကုန်သည်ဖြစ်၍ ငါတို့ အသက်ရှင်ကုန်သည်ရှိသော် မိန်းမတို့ကို ရနိုင်ကြမည်ဟု တိုင်ပင်ညီညွတ်ကာ ညီအငယ်ဆုံး မယားကိုသတ်၍ အသားကို တစ်ဆယ့်သုံးပုံ ပုံပြီးလျှင် ဝေငှ၍ စားကြကုန်၏။ ဤသို့ ခြောက်ရက်ပတ်လုံး အစဉ်အတိုင်း မယားခြောက်ယောက်တို့ကိုသတ်၍ စားကြကုန်၏။ ပဒုမမင်းသားကား လင်မယားနှစ်ယောက်အတွက် အသားနှစ်စု ရသော်လည်း နေ့တိုင်းတစ်စုသာ လင်မယားနှစ်ယောက်စား၍ တစ်စုကို ချန်ထားခဲ့သဖြင့် ခြောက်ရက်မြောက်သောနေ့၌ အသားခြောက်စု ကျန်ရစ်လေ၏။
မယားမောဟိုက် သွေးဖောက်တိုက် ခုနစ်ရောက်မြောက်သောနေ့၌ မဒုမမင်းသား၏ မယားကို သတ်ကြမည်ဟု ပြောလတ်သော် ပဒုမမင်းသားသည် မိမိတို့ စုဆောင်းထားသော အသားခြောက်စုတို့ကို ညီတော်ခြောက်ယောက်တို့အားပေး၍ ယနေ့ဤအစုတို့ကို စားကြဦးလော့၊ နက်ဖြန်မ သိကြလတ္တံ့ဟု ပြောကြားကာ မသတ်ဘဲ ထားလေ၏။
ပဒုမမင်းသားသည် ညီတော်ခြောက်ယောက်တို့ အိပ်ပျော်နေစဉ် မိမိယားကိုခေါ်၍ ပြေးလေ၏။ လမ်းခရီးအတွင်း မယား မသွားနိုင်တော့သဖြင့် ပခုံးပေါ်တွင်ထမ်း၍ သွားရာ အရုဏ်တက်သောအခါ ကန္တာရမှ ထွက်လေ၏။ နေထွက်သောအခါ မယား ရေငတ်ပြန်သဖြင့် လက်ယာဒူးဆစ်မှ သွေးကို သန်လျက်ဖြင့် ဖောက်ကာ တိုက်ရပြန်၏။ မကြာမီ မြစ်သို့ရောက်၍ ရေတို့ကို အလိုရှိတိုင်း ချိုးသောက်ရလျက် သစ်သီးကြီးငယ် ကို ရှာဖွေစားသောက်ကာ မြစ်ကွေ့တစ်ခု၌ အရိပ်သင်္ခမ်း ဆောက်လုပ်၍ နေကြကုန်၏။
ဒုက္ခသည်ငတုံး မယားမုန်း
ပြင်ဆင်ရန်တစ်နေ့သ၌ မြစ်ညာမှ မင်းပြစ်သင့်သော သူခိုးကို လက်၊ ခြေ၊ နား၊ နှာခေါင်းတို့ကို ဖြတ်၍ လှေငယ်ဖြင့်တင်ကာ မြစ်တွင် မျောလိုက်၏။ ထိုသူခိုးသည် သည်းထန်စွာ ငိုကြွေးညည်းညူလျက် အစဉ်အတိုင်း မျောလာရာ ပဒုမမင်းသား နေရာအနီးသို့ ရောက်လေ၏။
ပဒုမမင်းသားလည်း ငိုကြွေးညည်းညူသံကို ကြားလျှင် ငါသို့သောယောကျ်ား ထင်ရှားရှိစဉ် ဆင်းရဲခြင်းသို့ ရောက်လာသော သတ္တဝါတစ်ယောက် မပျက်စီးကောင်းပေဟု ကြံစည်ကာ မြစ်နားသို့သွား၍ ဆယ်ယူပြီးလျှင် အရိပ်သင်္ခမ်းတွင်ထားကာ အနာတို့ကို ဆေးဝါးကုသ၍ သစ်သီးကြီးငယ်ဖြင့် ပြုစုကျွေးမွေးကာ ထားလျှင် အနာပျောက်၍ ခြေ၊လက်၊ နား၊ နှာ၊ မရှိ တုံးတိတိသော ငတုံးအား စက်ဆုပ်ရွံရှာသဖြင့် တံတွေးထွေး၍ သွားလေ၏။
မိန်းမယုတ်မာ လင်ရန်ရှာ
ပြင်ဆင်ရန်ငတုံး အနာပျောက်လတ်သော် ပဒုမင်းသားသည် ငတုံးနှင့် မယားကို သင်္ခမ်း၌ထား၍ နေ့စဉ် တောအုပ်သို့သွားလျက် သစ်သီးကြီးငယ် ရှာဖွေကာ ကျွေးမွေးလေ၏။ မယားသည် ငတုံးကို ချစ်ကြိုက်သောစိတ်သည် ဖြစ်၍ ပဒုမမင်းသားမရှိသောအခါ ငတုံးနှင့် ယုတ်မာသောအကျင့်ကို ကျင့်လေ၏။
တစ်နေ့သ၌ မယားသည် ဥပါယ်တံမျဉ်ဖြင့် ပဒုမမင်းသားကို သတ်လိုသဖြင့် ပရိယာယ်မာယာပြုလျက် “အရှင် .. အရှင့်ပခုံးတွင်စီး၍ ကန္တာရမှထွက်စဉ် တောင်တစ်ခုကို ကြည့်ရှုကာ ‘အရှင်တောင်စောင့်နတ်မင်း ... အကျွန်ုပ်တို့ လင်မယား အသက်ချမ်းသာပါမှု အရှင်နတ်မင်းအား ပူဇော်ပသပါမည်’” ဟု ဝန်ခံခဲ့ဖူးသည်။ ထိုတောင်စောင့်နတ်သည် ယခုအခါ အကျွန်ုပ်ကို ခြောက်လှန့်ပါသည်။ သို့အတွက် ဗလိနတ်စာ ပြုလိုပါသည်” ဟု ပြောကြားလေ၏။ ပဒုမမင်းသားလည်း မိန်းမ၏မာယာကို မသိသည်ဖြစ်၍ အကယ်မှတ်ထင်ယုံကြည်ကာ ခွင့်ပြုလေ၏။
လင်ကိုသတ်ကာ ငတုံးထံလာ
ပြင်ဆင်ရန်ပဒုမမင်းသားသည် ဗလိနတ်စာကို စီရင်ပြီးလျှင် ဗလိနတ်စာတောင်းကို မယားအားရွက်စေ၍ တောင်ထိပ်သို့ သွားကြ၏။ တောင်ထိပ်သို့ရောက်လျှင် မယားသည် နတ်အား ပူဇော်ရန် ပြင်ဆင်ကာ “အရှင် .. အရှင်ကား မြတ်သော အိမ်ဦးနတ် ဖြစ်သည်။ အရှင်ကို မြတ်သောပန်းတို့ဖြင့် ပူဇော်လျက် လက်ယာရစ် လှည့်ပြီးမှ တောင်စောင့်နတ်မင်းအား ပူဇော်မည်”ဟု ပြောဆိုပြီးလျှင် - မယားသည် ပဒုမမင်းသားကို တောင်ကမ်းပါးပြတ်သို့ ရှေ့ရှုထား၍ ထောပတ်တို့ဖြင့် ပူဇော်လျက် လက်ယာရစ် လှည့်ပြီးလျှင် ရှိခိုးဟန်းပြုလုပ်ကာ ကျောကုန်းနားသို့ကပ်၍ တအားတွန်း၍ ကမ်းပါးပြတ်သို့ ကျစေပြီးမှ ရန်သူပျက်စီးခြင်းကို မြင်ရပြီဟု ဝမ်းမြောက်ဝမ်းသာ တောင်ပေါ်မှ ဆင်းသက်၍ ငတုံးထံ သွားလေ၏။
မြို့ရွာအနီးသို့ ဖွတ်မင်းပို့
ပြင်ဆင်ရန်ပဒုမမင်းသားလည်း တောင်းကမ်းပါးပြတ်မှကျကာ ရေသဖန်းပင်ထက်တွင် ဖုံးအုပ် မြှေးယှက်၍နေသော အဆူးမရှိသည့် ချုံပေါ်တွင် တင်၍နေသဖြင့် အောက်သို့ မဆင်းသက်ဘဲ ရေသဖန်းသီးတို့ကို စား၍နေ၏။
အလွန်ကြီးမားလှသော ဖွတ်တစ်ကောင်သည် ရေသဖန်းသီးတို့ကို လာ၍စားရာ မင်းသားကိုမြင်လျှင် ပြေးလေ၏။ နက်ဖြန်လည်းလာ၍ စားပြန်၏။ ဤသို့လာဖန်များ၍ အကျွမ်းဝင်သောအခါ မင်းသားကို ဤအရပ်သို့ အဘယ်ကြောင့် ရောက်လာသနည်းဟုမေးရာ မင်းသားက အကြောင်းစုံကို ပြောကြားလေလျှင် မစိုးရိမ်လင့်ဟု ပြောဆိုပြီးလျှင် မင်းသားကို ကျောပေါ်သို့တင်လျက် သဖန်းပင်ထက်မှဆင်း၍ တောမှ ထွက်အောင်ပို့ကာ လူတို့သွားရာ လမ်းခရီးတွင် ချပြီးလျှင် မိမိနေရာသို့ ပြန်လေ၏။
မင်းသားဘုန်းကံ ထီးနန်းစံ
ပြင်ဆင်ရန်ပဒုမမင်းသားလည်း ရွာငယ်တစ်ခုသို့ သွား၍နေစဉ် ခမည်းတော်မင်းကြီး နတ်ရွာစံကြောင်းကြားလျှင် ဗာရာဏသီပြည်သို့သွား၍ ထီးနန်းစည်းစိမ်ကို ယူပြီးလျှင် ပဒုမမင်းဟု အမည်တွင်ကာ တရားသဖြင့် မင်းပြုလေ၏။ မြို့တံခါးလေးမျက်နှာ၊ မြို့လယ်၊ နန်းတော်တံခါး ဤခြောက်ဌာနတို့၌ အလှူတင်းကုပ်တို့ကို ဆောက်လုပ်စေ၍ နေ့တိုင်း၊ နေ့တိုင်း အသပြာငွေခြောက်သိန်း၊ ခြောက်သိန်း အကုန်အကျခံကာ အလှူကြီးပေးလေ၏။
ငတုံးရွက်သွား တောင်းရမ်းစား
ပြင်ဆင်ရန်မိန်းမယုတ်လည်း ငတုံးကို ကျောပိုးကာ တောမှထွက်၍ လူတို့နေရာသို့ သွားပြီးလျှင် တောင်းရမ်း စားသောက်လျက် အသက်မွေးလေ၏။ လူတို့သည် ထိုမိန်းမအား ဤငတုံးနှင့် ဘယ်လိုစပ်တော်သနည်းဟု မေးကြလျှင် - ဤယောကျ်ားကား အကျွန်ုပ် ဦးရီးသားဖြစ်၍ မိဘတို့ပေးစားသော ငယ်လင်ဖြစ်ပါသည်။ မင်းပြစ်သင့်သော်လည်း မစွန့်ဘဲ တောင်းရမ်းမွေးမြူခဲ့သည်ဟု ပြောဆိုလေ၏။ လူတို့သည် ဤမိန်းမကား နတ်ကဲ့သို့ လင်ကို လုပ်ကျွေးသော မိန်းမဖြစ်သည်ဟု ကြင်နာသနားကြလျက် ပေးကမ်းကျွေးမွေးကြကုန်၏။
နောက်အခါ မိန်းမယုတ်သည် ကြိမ်တောင်းတစ်လုံးရ၍ ထိုကြိမ်တောင်း၌ ငတုံးကို ထည့်ပြီးလျှင် ခေါင်းဖြင့် ရွက်ကာ ပဒုမမင်းကြီး၏ အလှူတင်းကုပ်သို့သွား၍ တောင်းမည်ဟု ဗာရာဏသီမြို့တော်သို့သွားကာ မင်းကြီး လှည့်လည်မည့် လမ်းခရီးတွင် နေလင့်၏။
မိန်းမမြင်ကာ မင်းမေးရာ
ပြင်ဆင်ရန်မင်းကြီးသည် မင်္ဂလာဆင်တော်ကိုစီး၍ အလှူတင်းကုပ်သို့သွားရာ ခရီးအကြားတွင် မိန်းမယုတ်ကို မြင်လျှင် သိတော်မူလျက် မသိယောင်ပြုကာ ခေါ်စေ၍ ငတုံးကို တောင်းမှ ထုတ်စေပြီးလျှင် မိန်းမယုတ်အား “ဟယ်-မိန်းမ ...ဤငတုံးသည် သင်နှင့် ဘယ်လိုတော်သနည်း” ဟု မေးလေ၏။ “အရှင်မင်းကြီး ... ဤသူကား အကျွန်ုပ်၏ ဦးရီးသား ဖြစ်၍ မိဘတို့ပေးစားသော ငယ်လင် ဖြစ်ပါသည်” ဟု လျှောက်ထားလေ၏။ [လူတို့ကား အကြောင်းကို မသိကုန်၍ နတ်ကဲ့သို့ လင်ကို လုပ်ကျွေးသော မိန်းမပေတည်း၊ အံ့ဖွယ်သရဲရှိပေစွ၊ ဤသို့ အစရှိသည်ဖြင့် မိန်းမယုတ်ကို ချီးမွမ်းကြကုန်၏။]
တစ်ဖန် မင်းကြီးသည် - “ဟယ် -မိန်းမ... ဤငတုံးသည် သင့်မိဘပေးစားသော လင်ငယ် ဟုတ်သလော” ဟု မေးပြန်၏။ မိန်းမယုတ်သည် မင်းကြီးကို မသိသည်ဖြစ်၍ “အရှင်မင်းကြီး ... ဟုတ်ပါသည်” ဟု ရဲတင်းစွာ လျှောက်ဆိုပြန်၏။
အကြောင်းဖြစ်ထွေ မင်းပြောလေ
ပြင်ဆင်ရန်ထိုအခါ မင်းကြီးသည် ထိုမိန်းမယုတ်ကို “ဤငတုံးကား ဗာရာဏသီမင်း၏ သားဖြစ်သလော၊ ပဒုမမင်းသား၏ မယားဖြစ်သော ဤအမည်ရှိသော မင်းသမီးဖြစ်သော သင်မိန်းမယုတ်သည် ငါ၏ ဒူးဆစ်မှ သွေးကိုသောက်၍ ဤငတုံးကို ချစ်ကြိုက်သောကြောင့် ငါ့ကို တောင်ကမ်းပါးပြတ်၌ တွန်းချလိုက်သည် မဟုတ်လော၊ ယခုအခါ၌ သင်သည် နဖူးပြင်၌ သေမင်းကို ယူခဲ့ပြီးလျှင် ငါ့ကို သေလေပြီ မှတ်ထင်၍ ဤအရပ်သို့ လာ၏။ ငါသည် အသက်ရှင်သေးသည် မဟုတ်တုံလော” ဟု အကြောင်းစုံ ဇာတ်လှန်၍ ပြောဆိုပြီးလျှင် အမတ်တို့ကိုခေါ်၍ - “အို အမတ်တို့ ... သင်တို့ မေးသောအခါ ဤမိန်းမယုတ်သည် ဤလိုပင် ပြောဆိုသလော၊ ငါ၏ညီတော်သည် မယားခြောက်ယောက်တို့ကို သတ်၍ စားကြရ၏။ ငါမူကား မယား၏အသက်ကို ကယ်ယူ၍ မြစ်ကွေ့တစ်ခုတွင် သင်္ခမ်းဆောက်လုပ်ကာ နေထိုင်ခဲ့၏။”
မင်းမာန်ကိုဖြေ နှင်ပစ်လေ
ပြင်ဆင်ရန်ထိုအခါ ရေတွင် မျောလာသော ဤငတုံးကို ကယ်ဆယ်ကာ မွေးမြူထားခဲ့၏။ ထိုမိန်းမယုတ်သည် ငတုံးကို ချစ်ကြိုက်သောကြောင့် ငါ့ကို တောင်ကမ်းပါးပြတ်မှ တွန်းချလိုက်၏။ ငါသည် မိမိ၏မေတ္တာ တန်ခိုးအာနုဘော်ကြောင့် အသက်ကိုရခဲ့၏။
“အို - အမတ်တို့ ... ငါ့ကို တောင်ကမ်းပါးပြတ်မှ တွန်းချသောမိန်းမကား ဤမိန်းမယုတ်ပင်တည်း။ တခြားမိန်းမ မဟုတ်၊ တောင်ကမ်းပါးပြတ်မှ တွန်းချခံရသူကား ငါပင်တည်း၊ တခြားသူမဟုတ်။ ငါမွေးမြူခဲ့သော လက်၊ ခြေ၊ နား၊ နှာဖြတ်သော ငတုံးကား ဤသူယုတ်မာပင်တည်း။ တခြားသူမဟုတ်၊ ငတုံးကိုငယ်လင်ဆိုသော မိန်းမကား ဤငါ့မယားဖြစ်သော မိန်းမယုတ်ပင်တည်း။ တခြားမိန်းမ မဟုတ်၊ မိန်းမမည်သည်ကား သတ်ထိုက်သော အပြစ်ရှိ၏။ မိန်းမတို့မှာ သစ္စာမရှိ”။
“အို-အမတ်တို့ ... ရုန့်ရင်း ကြမ်းကြုတ်သော သူသေကောင်နှင့်တူသော၊ သူတစ်ပါးမယားကို မှီသော ဤသူယုတ်မာ ငတုံးကို ကျည်ပွေ့ဖြင့် စိစိညက်ညက်ကြေအောင် ရိုက်နှက်ကာ ဒဏ်ပြုကြလော့၊ ဤလင်ယုတ်မာကို လုပ်ကျွေးသော သီလမရှိသော မိန်းမယုတ်ကိုလည်း အသက်ရှင်စဉ် နား၊ နှာခေါင်းတို့ကို ဖြတ်ကြလော့” –
ဟု မင်းကြီးသည် အမျက်ကို သည်းမခံနိုင်တော့သဖြင့် ဤသို့လျှင် ထိုယုတ်မာသောသူတို့အား အပြစ်ဒဏ်ကို အမိန့်ပေးပြီး၍လည်း အမိန့်ပေးတိုင်း မပြုလုပ်စေဘဲ အမျက်ကို ဖြေတော်မူကာ မိန်းမယုတ်ကို ဦးခေါင်းပေါ်မှ တောင်းကို ချမရအောင် ပြုလုပ်စေ၍ ငတုံးကို တောင်း၌ ထည့်စေပြီးလျှင် မိမိနိုင်ငံမှ နှင်ထုတ်စေတော်မူ၏။ ဤဒေသနာတော်၏ အဆုံး၌ သာသနာတော်၌ ငြီးငွေ့ကာ လူထွက်လိုသောရဟန်းသည် သောတာပတ္တိဖိုလ် တည်လေ၏။
ဇာတ်ပေါင်း
ပြင်ဆင်ရန်ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ -
ထိုအခါ ညီတော် ခြောက်ယောက်တို့သည် - ယခုအခါ မထင်ရှားသော မထေရ်ခြောက်ပါး။
မယားယုတ်သည် - စိဉ္စမာနဝိကာ။
ငတုံးသည် - ဒေဝဒတ်။
ဖွတ်မင်းသည် - အာနန္ဒာ။
စူဠပဒုမမင်းသည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
ပြင်ဆင်ရန်(၁) မာယာကများ၊ ဆိုမုသား၊ ဆိုးရွားမိန်းမတွေ။
(၂) ငတုံးချစ်လှ၊ ပဒုမ၊ တောင်မှတွန်းချလေ။
စူဠပဒုမဇာတ် ပြီး၏။
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။