ဒသကနိပါတ် - ၄၄၃။ စူဠဗောဓိဇာတ်

လူ့ဘဝက မယားဖြစ်ခဲ့သည့် ရသေ့မကို မိမိ ရှေ့တွင် အတင်းဗလက္ကာရပြု၍ မင်းကြီး သိမ်းပိုက်သော်လည်း စဉ်းငယ်မျှ ဒေါသအမျက် ပြင်ပမထွက်သော ဗောဓိရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အမျက် ထွက်မှု ဆုံးမပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန် ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတပါးသည် အမျက်ထွက်တတ်၏၊ အမျက်ထွက်ခြင်းကြောင့် ကိုယ်, စိတ်ပင်ပန်း၏၊ တုန်လှုပ်ချောက်ချား၏။

ထိုအခါ မြတ်စွာဘုရားသည် အမျက်ထွက်သောရဟန်းကို ခေါ်စေ၍ အထံတော်သို့ ရောက်လျှင်–

“ချစ်သား ရဟန်း... အမျက်ဒေါသ မရှိသော ငါဘုရား သာသနာတော်၌ ရဟန်းပြုပါလျက် အဘယ်ကြောင့် အမျက်ထွက်ဘိသနည်း၊ အမျက်ဒေါသကို တားမြစ်အပ်၏၊ အမျက်ဒေါသ မည်သည်ကား ပစ္စုပ္ပန်, တမလွန်၌ အကျိုးမဲ့ကို ပြုတတ်၏၊ ရှေးပညာရှိတို့သည် သာသနာပကာလ၌ ရသေ့ရဟန်း ပြု၍လည်း အမျက်မထွက်ကုန်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သားတယောက်ဖွားမြင် လွန်ချစ်ခင်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည် ရှိသော် မထင်ရှားသော နိဂုံးရွာ တခု၌ ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏား သူကြွယ်တယောက်ရှိလေ၏၊ ထိုပုဏ္ဏားသူကြွယ်အား သား သမီးမရှိ၊ မယားပုဏ္ဏေးမသည် သားကိုတောင့်တ၏၊ ထိုအခါ ဘုရားအလောင်းသည် ဗြဟ္မာပြည်မှ စုတေ၍ ထိုပုဏ္ဏေးမ ဝမ်း၌ဖြစ်၏၊ မွေးဖွားသောအခါ သတို့သားကို ဗောဓိသတို့သားဟု အမည်မှည့်ကြကုန်၏။

အရွယ် ရောက်သောအခါ တက္ကသိုလ်ပြည်၌ အတတ် ပညာသင်ကြားပြီးလျှင် အမိအဘတို့သည် အလိုမရှိဘဲ အမျိုးတူသော သတို့သမီးတယောက်ကို အိမ်သို့ဆောင်ယူကာ ဗောဓိသတို့သားနှင့် ထိမ်းမြား လက်ထပ်ကြကုန်၏။

လက်ထပ်ပေးငြား ရာဂခေါင်းပါး

သတို့သမီးလည်း ဗြဟ္မာပြည်မှ လာသူ ဖြစ်၍ လက်ထပ်ခြင်းငှါ အလိုမရှိ၊ အလွန်အဆင်းလှ၏၊ နတ်သမီးနှင့်တူ၏။ ထိုဇနီးမောင်နှံတို့သည် အလိုမရှိကြကုန်ဘဲ မိဘတို့ လက်ထပ် ထားသည့်အတွက် အကြင်လင်မယား ဖြစ်ကြသော်လည်း တကြိမ်တခါမျှလည်း ကိလေသာစိတ် မဖြစ်ဘူးကုန်၊ ရာဂအစွမ်းဖြင့် တယောက်နှင့်တယောက် မကြည့်စဖူးကုန်၊ အိပ်မက်၌လည်း မေထုန်အကျင့်ကို မကျင့် စဖူးကုန်၊ အလွန်စင်ကြယ်သော သီလရှိကုန်၏။

လောကပြစ်ရှု တိုင်ပင်ပြု

နောက်အခါ ဗောဓိသတို့သား၏ မိဘတို့ သေလွန်သည်ရှိသော် မယားကို ခေါ်၍ “ရှင်မ... သင်သည် ကုဋေရှစ်ဆယ်သော ဥစ္စာဖြင့် အသက်မွေးရစ်လော”ဟု မှာကြား၏၊ ငါရဟန်းပြု၍ မိမိကိုးကွယ်ရာကို ပြုမည်၊ “အရှင်သား ရဟန်းအဖြစ်မှာ ယောက်ျားများသာ အပ်ပါသလား ဟု မေး၏၊ “ရှင်မ...မိန်းမများလည်း အပ်ပါ၏”ဟု ပြောသောအခါ “အရှင်... သည်လိုဖြစ်လျှင် အရှင်ထွေးပစ်သော တံတွေးပေါက်ကို အကျွန်ုပ်တို့ မမျိုလိုပါ၊ ဥစ္စာဖြင့် ပြုဘွယ်ကိစ္စမရှိ၊ အကျွန်ုပ်လည်း ရဟန်းပြုပါမည်” ဟု ပြောဆိုလေ၏။

တောမှတူတကွ ဥယျာဉ်ကြွ

ထိုအခါ လင်မယားနှစ်ယောက်တို့သည် အလိုဆန္ဒတူမျှကြလျက် ရှိသမျှ ပစ္စည်း ဥစ္စာတို့ကို အလှူကြီး ပေးပြီးလျှင်

ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြုကြလျက် သင့်လျော်သော အရပ်၌ ကျောင်းသင်္ခမ်း ဆောက်လုပ်၍ နေကာ သစ်သီးကြီးငယ်ဖြင့် မျှတကြကုန်၏၊ ဟိမဝန္တာမှာပင် ဆယ်နှစ်တို့ပတ်လုံး ရဟန်းချမ်းသာဖြင့် နေကြကုန်၏၊ ဈာန်အဘိညာဉ်ကိုကား မရကြကုန်။

တနေ့သ၌ ထိုရသေ့တို့သည် ချဉ်ဆား၊ အလို့ငှါ ဟိမဝန္တာမှ ဒေသစာရီ လှည့်လည်လတ်သော် ဗာရာဏသီပြည်သို့ ရောက်၍ မင်းကြီး၏ ဥယျာဉ်တော်၌ နေကြကုန်၏။

မင်းဣန္ဒြေပျက် ရသေ့မစွဲမက်

ထိုအခါ အခြံအရံများစွာဖြင့် မင်းကြီးသည် ဥယျာဉ်ကစား လာလတ်သော် ရသေ့မကို မြင်လျှင် အလွန်တပ်စွန်းသော စိတ် ရှိလေ၏။

မင်းကြီးသည် ကိလေသာဖြင့် တုန်လှုပ် ချောက်ချားလျက် ဗောဓိရသေ့ထံကပ်ကာ “ရှင်ရသေ့...ဤရသေ့မသည် ရှင်ရသေ့နှင့် အသို့စပ်တော်ပါသနည်း” ဟု မေး၏၊ “မြတ်သောမင်းကြီး ရသေ့ဖြစ်သောအခါ လူမှုနှင့် မရော၊ အမျိုးတော်သည် မတော်သည်ဟု မပြောဆိုသာ၊ စင်စစ် လူဖြစ်စဉ်အခါ ငါ၏ခြေရင်းအလုပ်အကျွေးမယား ဖြစ်သည်” ဟု ပြောဆိုလေ၏။

ဒေါသခြံရံမှု သည်းခံ ပြု

ထိုအခါ မင်းကြီးသည် ဤရသေ့ကား ယခုအခါ ရသေ့မကို မပိုင်ဆိုင်ပြီ၊ ငါမင်း အာဏာဖြင့် သိမ်းယူခဲ့သော် အဘယ်သို့ပြုအံ့နည်း၊ စုံစမ်းဦးမည်ဟု ကြံစည်ကာ ရသေ့ထံချဉ်းကပ်လျက်—

“အရှင်ရသေ့ ရှင်ရသေ့၏လူဖြစ်စဉ်မယား ဖြစ်ဘူး၍ ဝန်းဝိုင်းသောမျက်စိ စဉ်းငယ်ရွှင်သော မျက်နှာရှိသောရသေ့မကို နိုင်ထက်ကလူ အတင်းယူ၍သွားသောသူကို အဘယ်သို့ ပြုလုပ်မည်နည်း”—

ဟု မေးမြန်းလေ၏၊ မင်းကြီးစကားကို ကြားလျှင် ရသေ့သည်–

“မြတ်သော မင်းကြီး... ငါ့အား အကယ်၍ အမျက်ဒေါသထွက်ငြားအံ့၊ ကိုယ်သန္တာန်မှ ပြင်ပသို့မထွက်ရာ၊ အသက်ရှည်သမျှ ကာလပတ်လုံး ပြင်ပသို့ မထွက်ရာ၊ မိုဃ်းပေါက် ကြီးကြီးရွာသော မိုဃ်းသည် မြူမှုန်ကို တားမြစ်သကဲ့သို့၊ ထိုအမျက် ဒေါသကို လျင်စွာ တားမြစ်ရမည်”—

ဟု မင်းကြီးအား ပြောဆိုလေ၏

မယားယူလျက် အမျက်မထွက်

မင်းကြီးသည် ရသေ့၏ မွန်မြတ်သော တရားစကားကို ကြားနာရသော်လည်း အလွန် မိုက်သည်ဖြစ်၍ တပ်စွန်းသော စိတ်ကို မတားမြစ်နိုင်ရကား အမတ်တယောက်ကို စေခိုင်းကာ ရသေ့မကို အတင်းအဓမ္မနန်းတော်သို့ ယူဆောင်စေ၏၊ ရသေ့မလည်း “အချင်းတို့... သူယုတ်မာတို့ အကျင့်ကား မလျောက်ပတ်စွတကား”— ဟု စသည်ဖြင့် ငိုကြွေး မြည်တမ်းကာ အလိုမတူဘဲ လိုက်ပါရလေ၏၊ ရသေ့လည်း ရသေ့မ ငိုကြွေးသံကို ကြားလျှင် တကြိမ်ထည်းသာ ကြည့်ပြီးလျှင် တဖန် မကြည့်တော့ပြီ။

ရသေ့ဖြစ်ရပ် မင်းကဲခပ်

မင်းကြီးလည်း နန်းတော်သို့ ပြန်ကာ ရသေ့မကို ခေါ်စေ၍ ကြီးစွာသော မင်းစည်းစိမ်ဖြင့် ဖိတ်မန် ဖြားယောင်းသော်လည်း မရသဖြင့် အခန်းတခုတွင် ထားလေ၏၊ ထိုနောက်မင်းကြီးသည် ဤရသေ့မကား သီလရှိ၏၊ ကောင်းသောအကျင့်ရှိ၏၊ ရသေ့လည်း မိမိမယားဖြစ်ဘူးသော ရသေ့ကို နိုင်ထက်ကလူ လုယူပါလျက် အမျက်မထွက်၊ ကြည့်ခြင်းမျှပင်မပြု၊ စင်စစ် ရသေ့ရဟန်းတို့မည်သည် မာယာ များကုန်၏၊ မန္တန် ဆေးဝါး မန္တရားအတတ်ဖြင့် ငါ့ကို အကျိုးမဲ့ပြုရာ၏၊ ငါသွား၍ သိအောင်ပြုမည် ဟု ကြံစည် ပြန်လျက် ဥယျာဉ်တော်သို့သွား၍ ရသေ့ထံချဉ်းကပ်ပြန်၏၊ ရသေ့လည်း သင်္ကန်းတို့ကို ချုပ်လျက်သာ နေ၏၊ မင်းကြီးကို မကြည့်ချေ။

ဒေါသစိတ်ယုတ် အမြဲနှင်ထုတ်

ထိုအခါ မင်းကြီးသည် ဤရသေ့စဉ်းလဲကား ငါ့ကိုအမျက်ထွက်၍ စကား မပြောဟု မှတ်ထင်လျက်—

“အရှင်ရသေ့...ရှေး၌ ကြုံးဝါးနေသည်မဟုတ်လော၊ ယခုမူကား အမျက်ဒေါသ၏ အစွမ်းဖြင့် တစုံတရာ စကားမပြောဆိုဘဲ ဒုကုဋ်သင်္ကန်းကိုသာ ချုပ်လျက်နေဘိ၏တကား”—

ဟု ရသေ့အားအမျက်ဒေါသဖြင့် စွပ်စွဲလေ၏၊ ရသေ့သည် မင်း၏စကားကိုကြားလျှင် ဤမင်းကား ငါ့ကိုအမျက် ဒေါသထွက်၍ ... စကားမပြောဟု မှတ်ထင်နေဘိသည်၊ အမျက်ဒေါသအလိုသို့ မလိုက်သည့်အဖြစ်ကို ဟောမည်ဟု ကြံစည်လျက်–

“မြတ်သောမင်းကြီး ငါ့မှာ ဖြစ်ကားဖြစ်၏၊ သို့သော်လည်း ကိုယ်သန္တာန်မှအပ၌မဖြစ်၊ အသက် ရှိသောသန္တာန်မှ မထွက်စေမူ၍ ကြီးစွာသော မိုဃ်းပေါက်သည် မြို့ကို ပယ်ဖျောက်သကဲ့သို့ လျင်စွာပယ်ဖျောက်၏”—

ဟု အပြင်ပသို့ အမျက်ဒေါသမထွက်ကြောင်း ပြောဆိုပြန်၏။

ဒေါသပယ်ပုံ မင်းမေးတုံ

ထိုအခါ မင်းကြီးသည် ဤရသေ့ကား အမျက်ကိုရည်၍ပြောသလော၊ သို့တည်း မဟုတ်၊ အတတ်ပညာကိုရည်၍ ပြောသလော၊ မေးဦးမည်ဟုကြံစည်၍–

“အရှင်ရသေ့...ဖြစ်၏ဟူသည် ဘာဖြစ်သနည်း၊ အသက်ရှင်သော ကိုယ်သန္တာန်မှ ပြင်ပသို့ မထွက်ဟူသည် ဘာမထွက်သနည်း၊ ကြီးစွာသော မိုဃ်းပေါက်သည် မြွေကို ပယ်ဖျောက်သကဲ့သို့ ဘယ် ဝတ္ထုကို ပယ်ဖျောက်သနည်း”—

ဟု ရသေ့အား ပြောဆိုသောစကား၌ သံသယရှိ၍ မေးပြန်၏။

ဒေါသပယ်မှု ချင်းရာစု

ထိုအခါ ရသေ့သည် “မြတ်သောမင်းကြီး... ငါ့အား အမျက်ဒေါသကား ဖြစ်၏၊ သို့သော်လည်း မေတ္တာဘာဝ နာဖြင့် တားမြစ်ပယ်ဖျောက်ထား၏”ဟု ပြောဆိုဆုံးမပြီးလျှင်—

“မြတ်သောမင်းကြီး... အမျက်ဒေါသထွက်သည်ရှိသော် အကျိုးစီးပွားကိုမမြင်၊ မထွက်သည် ရှိသော် အကျိုးစီးပွားကို ကောင်းစွာမြင်၏၊ သူမိုက်တို့ ကျက်စားရာအာရုံဖြစ်သော အမျက်ဒေါသသည် ငါ့အားဖြစ်၏၊ သို့သော်လည်း ကိုယ်သန္တာန်မှ ပြင်ပသို့ မထွက်”—

“မြတ်သောမင်းကြီး... ဖြစ်သောအမျက်ဒေါသဖြင့် ကိုယ်စိတ်ဆင်းရဲခြင်းကို အလိုရှိကုန်သော ရန်သူတို့သည် နှစ်သက်ကုန်၏၊ သူမိုက်တို့ ကျက်စားရာ အာရုံဖြစ်သော အမျက်ဒေါသသည် ငါ့အား ဖြစ်၏၊ ကိုယ်သန္တာန်မှ ပြင်ပသို့မထွက်”—

ဒေါသပြစ်မှု သည်းခံပြု

“မြတ်သောမင်းကြီး အမျက်ဒေါသ ထွက်သည်ရှိသော် မိမိအစီးအပွားကို မသိ၊ သူမိုက်တို့ ကျက်စားရာအာရုံဖြစ်သော အမျက်ဒေါသသည် ငါ့အားဖြစ်၏၊ ကိုယ်သန္တာန်မှ ပြင်ပသို့မထွက်”—

“မြတ်သောမင်းကြီး...အမျက်ဒေါသ နှိပ်စက်ခြင်းခံရသူသည် ကုသိုလ်ကို စွန့်၏၊ ပြန့်ပြောသော မိအကျိုးစီးပွားကို ပစ်ပယ်၏၊ ကိလေသာ စစ်သည်ရှိသော အားကြီးသူတို့ကို နှိပ်နင်းနိုင်သော အမျက် ဒေါသသည် ကိုယ်သန္တာန်မှ ပြင်ပသို့ မထွက်”—

“မြတ်သောမင်းကြီး မီးပွတ်ခုံကို မီးပွတ်သည်ရှိသော် မီးသည်ဖြစ်လာ၏၊ ထိုမီးသည်ဖြစ်လာရာ ပွတ်ခုံကိုပင် လောင်ကျွမ်း၏၊ ထို့အတူ ပညာမရှိ မိုက်မဲလျက် အကျိုးစီးပွားကို မသိသောသူအား နင်လားငါလား ချုပ်ချယ်သော အမျက်ဒေါသသည် ထွက်လာခဲ့၏၊ ထိုအမျက်ဒေါသသည် ဖြစ်ရာသူကိုပင် လောင်ကျွမ်း၏”—

ဒေါသပယ်ခွါ တိုးပွါးရာ

“မြတ်သောမင်းကြီး... မြက်ချောက် သစ်ရွက်ချောက်ရှိသောအရပ်၌လောင်သောမီးသည် ပြန့်ပွားသကဲ့သို့ ပညာနည်းသောသူအား အမျက်ဒေါသသည် ပြန့်ပွား၏၊ ထိုအမျက်ဒေါသ ပြန့်ပွားသူအား လဆုတ်ပက္ခ၌ လမင်းကဲ့သို့ စည်းစိမ်ချမ်းသာသည် တရွှေ့ရွှေ ဆုတ်ယုတ်၏”—

“မြတ်သောမင်းကြီး မီးစာမရှိသောမီးသည် ငြိမ်းသကဲ့သို့ ပညာရှိအား အမျက်ဒေါသသည် ငြိမ်း၏၊ ထိုအမျက်ဒေါသ ငြိမ်းသူအား လဆန်းပက္ခ၌ လကဲ့သို့ စည်းစိမ်ချမ်းသာသည် တရွေ့ရွေ့ တိုးပွား၏”

ဟု မင်းကြီးအား အမျက်ဒေါသ၏အပြစ်ကို ဥပမာ ဥပမေယျနှင့်တကွ ဟောကြားလေ၏။

မင်းကြီးကြည်ညို ရသေ့နှစ်ဦးကို

ထိုအခါဗာရာဏသီမင်းသည် ရသေ့၏ တရားစကားကို ကြားနာရလျှင် ကြည်ညိုနှစ်သက်သောစိတ်ရှိသည်ဖြစ်၍ နန်းတော်သို့ အမတ်တယောက်ကိုစေလွှတ်ကာ ရသေ့မကို ဆောင်ယူစေ၍ “ရှင်ရသေ့... ရှင်ရသေ့တို့သည် ရဟန်း ချမ်းသာကိုခံစားလျက် ဤဥယျာဉ်တော်၌သာ နေတော်မူကြပါကုန်၊ အကျွန်ုပ်သည် ရှင်ရသေ့တို့အား တရားနှင့်ညီသော စောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ပါအံ့”— ဟု လျှောက်ထား၍ တောင်းပန်ဝန်ချပြီးလျှင် အကြိမ်ကြိမ်ရှိခိုး၍ ပြန်လေ၏။

ဟိမဝန္တာကြွ အဘိညာဉ်ရ

ထိုရသေ့နှစ်ယောက်တို့သည် ဥယျာဉ်တော်၌ ချမ်းသာစွာ နေကြကုန်၏၊ နောက်အဖို့၌ ရသေ့မသည် သေလွန်လေ၏၊ ရသေ့လည်း ရသေ့မသေလွန်သည်ရှိသော် ဟိမဝန္တာသို့ဝင်၍ အဘိညာဉ် ဈာန်သမာပတ်ကိုဖြစ်စေလျက် ဗြဟ္မဝိဟာရတရား လေးပါးကိုပွားများကာ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့လားလေ၏။

မြတ်စွာဘုရားသည် ဒေသနာတော်ကိုဆောင်၍ သစ္စာကို ပြသည့်အဆုံး၌ အမျက်ထွက်သောရဟန်းသည် အနာဂါဒါမိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ် ဘန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်—

ရဟန်းတို့...

*ထိုအခါ ရသေ့မသည်-ယခုအခါ ရာဟုလာမယ်တော်။

*ဗာရာဏသီမင်းသည်-အာနန္ဒာ။

*စူဠဗောဓိရသေ့ကြီးသည်-ငါဘုရားဖြစ်လာပြီ–

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မျက်ဒေါသမှာ၊ မီးပမာ၊ မှီရာလောင်သည်ပင်။

(၂) ဒေါသအမျက်၊ ပြင်မထွက်၊ ချုပ်လျက်ပညာရှင်။

(၃) မျက်ဒေါသကား၊ ကျိုးစီးပွား၊ လျော့ပါးယုတ်သည်ပင်။

(၄) တရွေ့ရွေ့ပါး၊ စည်းစိမ်များ၊ ဆုတ်သွားလလိုပင်။

စူဠဗောဓိဇာတ်ပြီး၏။

***

[]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ