[၁] ဘုရားရှင် ဝဇ္ဇီနိုင်ငံ ဝေသာလီမြို့အနီး မဟာဝုန်တော ကူဋာဂါရသာလာ ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် စာပါလစေတီအနီး၌ အာယုသင်္ခါရ လွှတ်တော်မူခြင်းနှင့်စပ်၍ ဟောတော်မူသည့်သုတ်။

ဝေသာလီမြို့တော်၏ ပတ်ဝန်းကျင်၌ ဥဒေနစေတီ၊ ဂေါတမကစေတီ၊ သတ္တမ္ဗစေတီ၊ ဗြဟုပုတ္တစေတီ၊ သာရန္ဒဒစေတီ၊ စာပါလစေတီဟူသော ရှေးဟောင်း နတ်ကွန်းများ မွေ့လျော်ဖွယ်အဖြစ် တည်ရှိနေပုံ၊ ဣဒ္ဓိပါဒ်လေးပါးကို ဘာဝိတ၊ ဗဟုလီကတ၊ ယာနီကတ၊ဝတ္ထုကတ၊ အနုဋ္ဌိတ၊ ပရိစိတ၊ သုသမာရဒ္ဓ-ဖြစ်အောင် ပွားများထားသူသည် အလိုရှိလျှင် အာယုကပ်ပတ်လုံးဖြစ်စေ၊ အာယုကပ် အကြွင်းအကျန်ပတ်လုံးဖြစ်စေ တည်နေနိုင်သည်။ ငါဘုရားသည်လည်း ဣဒ္ဓိပါဒ် လေးပါးကို ဘာဝိတအစရှိသော အရှိန်အဟုန်ဖြစ်အောင် ပွားများထားခြင်းကြောင့် အာယုကပ်, ကပ္ပါဝသေသအထိ တည်နေနိုင်သည်။ ဤသို့ ထင်ရှားသိသာစွာ နိမိတ်အရိပ်အယောင်ကို သုံးကြိမ်တိုင်တိုင် မိန့်ကြားသမှု ပြုပါသော်လည်း အရှင်အာနန္ဒာသည် ဘုရားရှင်၏ အလိုတော်ကိုသိရှိခြင်းငှာ မတတ်နိုင်အောင် မာရ်နတ် လှည့်ပတ်ထားသဖြင့် “တိဋ္ဌတု ဘန္တေ ဘဂဝါ ကပ္ပံ၊ တိဋ္ဌတု သုဂတော ကပ္ပံ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္မာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ”ဟု ဘုရားရှင်အား မလျှောက်ထားမိပါ။

ဘုရားရှင် မိန့်ကြားတော်မူချက်အရ အရှင်အာနန္ဒာ ထွက်ခွါသွားပြီး မကြာမီ ပါပိမမာရ်နတ် ရောက်ရှိလာပြီး “ပရိနိဗ္ဗာတု ဒါနိ ဘန္တေ ဘဂဝါ၊ ပရိနိဗ္ဗာတု သုဂတော၊ ပရိနိဗ္ဗာနကာလော ဒါနိ ဘန္တေ ဘဂဝတော ဘာသိတာ ခေါ ပနေသာ ဘန္တေ ဘဂဝတာ ဝါစာ န တာဝါဟံ-ဘဂဝတော”ဟု ပရိနိဗ္ဗာန် ပြုတော်မူရန် လျှောက်ထားပုံ၊ ဘုရားရှင်က ဤနေ့မှ(၃)လကြာလျှင် ပရိနိဗ္ဗာန်ပြုတော့မည်ဟု မိန့်ကြားတော်မူပြီး၊ စာပါလစေတီ၌ သတိ, သမ္ပဇဉ် ယှဉ်လျှက် အာယုသင်္ခါရကို လွှတ်တော်မူပုံ၊ မဟာဘူမိစာလဖြစ်ပုံ၊ ဘုရားရှင် ဥဒါန်းကျူးရင့်တော်မူပုံကို ဟောတော်မူသည့်သုတ်။

ဤသုတ်တော်၌ ဘုရားရှင်က သူတော်ကောင်းတရား သာသနာတော်နှင့် ဆက်စပ်၍ ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသက၊ ဥပါသိကာ ပရိတ်သတ်တို့၌ ပြည့်ဝရမည့် ရှိနေရမည့် အရည်အချင်းများ၊ သာသနာတော်နှင့် ဆက်စပ်၍ လုပ်ဆောင်ရမည့် လုပ်ဆောင်ချက်များကို မာရ်နတ်အား အပြည့်အစုံ မိန်ကြားတော်မူခဲ့ပါသည်။ ဗုဒ္ဓမြတ်စွာ၏ သာဝကပရိတ်သတ်လေးပါးတို့ ပြည့်စုံရမည့် အရည်အချင်းများ လုပ်ဆောင်ရမည့်လုပ်ငန်းများကို ပီပီပြင်ပြင် တက်ညီလက်ညီ လုပ်ကိုင်ဆောင်ရွက် ကြပါက သူတော်တရား သာသနာတော်မြတ် လောကအတွင်း ထွန်းလင်းနေပြီး ဗဟုဇနဟိတ, ဗဟုဇနသုခ, ဒေဝမနုဿာနံ အတ္ထာယ ဟိတာယ သုခါယ ဖြစ်နေမည်ဖြစ်ပါသည်။

အဋ္ဌကထာ၌ နိသီဒဟူသည် စမ္မက္ခဏ္ဍ၊ ဣဒ္ဓိပါဒ်ကို အစွမ်းသတ္တိ ထူးရှိအောင် ပွားများရမည့်ပုဒ်များအဖွင့်၊ ကပ္ပ၊ ကပ္ပါဝသေသအဖွင့်၊ ဘဒ္ဒကပ် ပတ်လုံး တည်နေနည်း၊ ကပ္ပ, ကပ္ပါဝသေဝတို့ပတ်လုံး ဘုရားရှင်မတည်နေခြင်း အကြောင်း၊ မာရပရိယုဋ္ဌိတစိတ္တ၊ မာရအဖွင့်၊ မာရ၏ ဝေဝစန၊ ဘုရားရှင်အား ပရိနိဗ္ဗာန်စံဖို့ရန် သတ္တသတ္တာဟကာလ၏ အဋ္ဌမသတ္တာဟကာလကပင် မာရ်နတ် လျှောက်ထားခဲ့ပုံ၊ သာဝကများ၌ ဘုရားရှင်လိုလားတော်မူသည့် ပြည့်ဝရမည့် အရည်အချင်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းပြပုဒ်များအဖွင့်၊ အာယုသင်္ခါရ လွှတ်တော်မူပုံ ဖွင့်ပြချက်၊ ဒေဝဒုန္ဒုဘိယောဖလိံသု-အဖွင့်၊ ဥဒါန်းဂါထာတော် အဖွင့်တို့ကို ပြည့်ပြည့်စုံစုံ ဖွင့်ပြထားပါသည်။

ဋီကာ၌ ဥဒေနစေတီအဖွင့်၊ ဣဒ္ဓိပါဒ်ပွားများရမည့် ပုဒ်များအဖွင့်၊ အာယုပ္ပမာဏနှင့်ဆက်စပ်၍ မဟာသီဝထေရ်၏ မိန့်ဆိုချက်၊ ပရိယုဋ္ဌိတစိတ္တအဖွင့် ဝိပလ္လာသလေးပါး၊ မာရနှင့် ပရိယာယ်ပုဒ်များအဖွင့်၊ အဋ္ဌမသတ္တာဟ၊ တိပိဋက၊ သာဝကဂုဏ်ပုဒ်များ၊ သတိ, ပညာ၊ ပထဝီကမ္ပန၊ ပီတိဝေဂ၊ ဥဒါနဂါထာ-အစရှိ သည်တို့ကို ဖွင့်ပြထားပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၃၊၂၂၆-၂၃၀။ သံ၊မြန်၊၃၊၂၂၉-၂၃၃။ သံ၊ဋ္ဌ၊၃၊၂၈၂-၆။ သံ၊ဋီ၊၂၊၅၀၃-၅၁၀။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၇-ဣဒ္ဓိပါဒသံယုတ္တ၊ ၁-စာပါလဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ