စွန်ရဲအင်းနှင့် စွန်ရဲရွာသည် မြန်မာရာဇဝင် သမိုင်းလေ့ လာမှုတွင် အရေးပါသော နေရာများဖြစ်သည်။ ကျောက်ဆည်ခရိုင် မြေပြန့်၏ အရှေ့မြောက် အစွန်ဆုံးတောင်ကုန်းတို့၏ အခြေတွင် တည်ရှိသော စွန်ရဲအင်းသည် ဘဲလင်းဘူတာ၏ အရှေ့စူးစူး ၆ မိုင်ကွာ လောင်ဂျီတွဒ် ၉၆ ံ၁၂' နှင့် ၉၆ ံ၁၅' စပ်ကြား၊ လတ္တီတွဒ် ၂၁ ံ၄ဝ ' နှင့် ၂ဝ ံ၄၂' စပ်ကြားလောက်တွင် တည်ရှိသည်။

စွန်ရဲရွာသည် စွန်ရဲအင်း၏ အနောက်ဘက် ကမ်းပေါ်တွင် တည်ရှိသည်။ ခရစ် ၉ ရာစုနှစ်မတိုင်မီက၊ ဤဒေသတွင် မွန်ပလောင်နှင့် သက်ကဒူးတို့နေထိုင်ခဲ့ကြ၍၊ ခရစ်နှစ် ၈ဝဝ ကျော်လောက်တွင် မြန်မာတို့ဝင်ရောက်လာကြသည် ဟု သမိုင်းဆရာများက ယူဆကြ၏။ တောင်ခြေနှင့် အနီးကပ်ဆုံးဖြစ်၍ လွယ်ကူစွာ လုပ်ကိုင်စားသောက်နိုင်သော ဤဒေသ တစ်ဝိုက်၌ မြန်မာတို့ စတည်းချ နေထိုင်ခဲ့ကြဟန်တူသည်။ မြန်မာနိုင်ငံမြေပြန့်တွင် မြန်မာတို့ ရှေးဦးစွာအခြေစိုက်ခဲ့သော နေရာဖြစ်ကြောင်းကို သမိုင်းသုတေသီ ပါမောက္ခ လု(စ)နှင့် အခြားပညာရှင်များက အခိုင်အမာဆိုသည်။

ရှေးကျောက်စာတို့တွင် စွန်ရဲကို စွန်ရယ်ဟု ရေးထိုးသည်၊ စွန်ရဲနှင့်တကွ မြေပြန့်ဖက်ပတ်လည် ၆ မိုင်အတွင်းရှိ ဘဲလင်း၊ သင်တောင်း၊ ငဇွန်၊ မြင်စိုင်း စသော ဒေသတို့တွင် တွေ့ရှိသော ကျောက်စာတို့ကို ထောက်ထား၍ ဤဒေသသည် ပုဂံခေတ်နှင့် ပင်းယခေတ်တို့တွင် စည်ကားဝပြောကြောင်းသိရသည်။ စွန်ရဲ ရွာတစ်ဝိုက်၌ပင် မြန်မာသက္ကရာဇ် ၅၅၉၊ ၅၉၄၊ ၆၉၈၊ ၆၉၂ တို့ပါသော ကျောက်စာတိုင် ၆ တိုင်တွေ့ရ၏။ ယင်းအထောက်အထားကြောင့် စွန်ရဲရွာ၏ ရှေးကျမှုကို ကောင်းစွာခန့်မှန်းနိုင်ပေသည်။ သင်တောင်ခရိုင်တွင် ပါဝင်ခဲ့သော ဤရွာသည် ရှေးအခါက ယခုထက် ပိုမိုစည်ကားသည် ဟုဆိုနိုင်သည်။ ဤရွာတွင် ပုဂံခေတ်အမတ်ကြီးများ၊ သံဃာတို့၏ အကြီးအကဲဖြစ်သော မဟာထေရ်မြတ်များ အလှူဒါနပြုခဲ့ကြောင်းနှင့် ရွာသူကြီးအပြင် ကလန်သံပျင်တို့ပါရှိခဲ့ကြောင်းကို ကျောက်စာများအရသိရသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)