ဆင်ကြီးဂဠုန်ချီ (သီချင်း)
နန်းတော်ရှေ့ဆရာတင် ပထမဦးဆုံးရေးပြီး "ယုဇနမအေးစိန်" သီဆိုသော မယ်အေးကပို့တဲ့မေတ္တာသီချင်းသည် ထိုခေတ်အနေအထားအရ အသံများသည် ဆန်းလွန်းသောကြောင့် လက်ဦးဆရာများက "ဒီသူငယ် ဟာ တို့လို သီချင်းကြီး၊ သီချင်းခန့် ကို တတ်ပုံမရပါဘူး ကောက်ရိုးမီးပါ"ဟု ပြောသည့်အခါ ဆရာတင်က "ဟုတ်ပါတယ် ဘာဂီတမှမရတဲ့သူပါ" ဟုဆိုပြီး ၊ သူ့ခေတ်အခါတွင် မဟာဂီတဟုခေါ်ဆိုသော မဲဇာတောင်ခြေ၊ ထောင်ရောင်နေ ကဲ့သို့သော သီချင်းကြီးများကို ရောစပ်ပြီးရေးဖွဲ့သွားခဲ့သည်။ မဟာဂီတတတ်မှ တကယ်တတ်တယ်ထင်နေတဲ့ခေတ်မှာ ဆရာတင်က မဟာဂီတဆိုတဲ့သီချင်းကြီး သီချင်းခန့်များကို ရောမွှေရေးစပ်ပြီး သီချင်းအမည်ကို ကုန်းသတ္တဝါများတွင် အကြီးဆုံးခေါ်ဆိုအပ်သော ဆင်ကို အကြီးဆုံးငှက်ဖြစ်သော ဂဠုန် ကချီတယ် ဆိုပြီး "ဆင်ကြီးဂဠုန်ချီ" ဟု အမည်ပေးခဲ့သည်။ သီချင်းကလည်း မဟာဂီတ ဆိုသဟာတွေကို ရောစပ်ရေးထားခြင်းဖြစ်သဖြင့် သူ့သီချင်းထက် ကြီးတဲ့သီချင်းများရှိပါသေးရဲ့လား ဆိုသည့် ပုံစံဖြင့် ပညာသားပါပါ သရော်ရေးသားခဲ့ခြင်းဖြစ်သည်။ တချိန်ထဲတွင် ဂဠုန်ဘွဲ့ခံ ဆရာစံ သည်လည်း သူပုန်ထချိန်နှင့် တိုက်ဆိုင်နေသဖြင့် အင်္ဂလိပ်အစိုးရက သူပုန်နှင့်အဆက်အသွယ်ရှိသည်ဟုဆိုကာ ဆရာတင်ကို ခေါ်ယူစစ်ဆေးခံခဲ့သည်။ ဆရာတင်သည် ၁၉၄၉ ခုနှစ် မတ်လ ၁၂ ရက် (မြန်မာသက္ကရာဇ် ၁၃၁၁)တွင် မန္တလေးမြို့ နန်းတော်ရှေ့ ခင်မကန်တိုက်၊ ဆရာတော်ဦးသုမနကျောင်းတွင် ကွယ်လွန်ခဲ့သည်။ "ဆင်ကြီးဂဠုန်ချီ" မူရင်းအဆိုတော်မှာ "ပျော်တော်ဆက်မတင်အောင်" ဖြစ်သည်။
သီချင်းစာသား
ကိုယ်ပိုင်ဉာဏ် ကိုယ့်အတွေးနဲ့ စာရေးလို့ ပြောပါမည် နှုတ်ဝစီ ထုတ်မည် ဟုတ်သည် မဟုတ်သည် စဉ်းစားကာယုံကြည်ရပါတော့ ကဗျာတေးဖွဲ့ကာပင် စာရေးတဲ့ ဆရာတင် ဆရာတင်ရဲ့ ဆင်ကြီးဂဠုန်ချီ
(စိန်ချယ် ၊ ညီညီလင်း စဉ်းစားနားထောင်နော် ဆိုပါမည် ဆင်ကြီး ဂဠုန်ချီ) (ဒီဟာတော့ကွယ် မောင်မောင်လေးကို အရွဲ့တိုက်တယ်လို့ ထင်ပါသည်) စာစီသမားရယ် လာဒီအနားကွယ် မဟာဂီတကမှ မရတဲ့သူပါ အတည် တော်ပါ ၊ တန်ပါ ကျွန်တော့ဖာသာ ဆိုပါမည်
ထောင်ရောင်နေ မှောင် မှောင် ခြွေ နန်း အမရ ရွှေဘုံ မြေ .....တေဇာ ၊ ခေါင်တည် ဇေယျာ ၊ အောင်စည် မကြားဖူးပေါင် ဆင်ကြီးဂဠုန်ချီ
မဲ . မဲဇာတောင်ခြေ စီးထွေထွေ ရစ်ခွေခွေ ရေဝန်းလည် ထွေသွန်းသွန်း အလွန်စီးတယ် မြိုင် မြိုင် မြိုင် ၊ လွင်ပစ်မှုန်ရည် အပင်ကြီးတွေ စုံညီအလွန်နက်တဲ့ တော ဆင်ကြီကို ဂဠုန်ချီ ညွှန်းချက်နဲ့ ပြော ၊ ပြောလို့ စာစီ မန်းပေါ်ဓလေ့ ဆန်းသနော် အတွေ့ နန်းတော်ရှေ့ ရေးခဲ့ပေသည် ဗွေဝဠာ ၊ သေလာ ဝေဘာဂီရိ တောင်တော်မဟီ ကြံကြံ ၊ စည်စည် မကြားဖူးပေါင် ဆင်ကြီးဂဠုန် ချီ
သီချင်းကြီး အစစ်ကို ဆိုရင်ဖြင့် ဆန်းနိုင်တယ် ဆန်းနိုင်တယ် ပန်း မြိုင်လယ် ၊ သာနယ်ဗွေ မျှော်လေတိုင်း ရှာရှာဖွေဖွေ ဆန်းဆန်း ခိုင်း တော့တယ် မှုန်မပြေ မှုန်မပြေ ဆော်လေပြေ ဖြန်းတော့လေအစ်ကိုချမ်းတယ် မကြားဖူးဘူး ဂဠုန်ချီ (အစ်ကို့မို့ မူသလား တမင် ကစားတာလား အစ်ကို့မို့ မူသလား တမင် ကစားတာလား) သီချင်းကြီး အစစ်တဲ့ ဆင်ကြီး ဂဠုန် ချီ ...။
ခင့်အသိနဲ့ တစ်ဖုံစီ ဒီမောင်ဆိုတာနဲ့ ကိုက်ပါ့မလား ဆင်ကြီး ဂဠုန် ချီ နောင်တစ်ကြိမ် အပိုအမိုနဲ့ ကိုက်အောင် ခင်ခင့် အကြိုက်ကိုတဲ့ ထွင်လိုက်ဦး မည် ...။
ပန်းမြိုင်လယ် ဆိုတာတောင် သီချင်းငယ်ပြန် သတဲ့ ကြီးနိုင်အောင် ကြံကာ အကြီး ဆိုပြပါမည် လိုက်လိုက်လိုက် ၊ ထိုက်ထိုက်ထိုက် ထိုက်တဲ့ ငါသည် ချမ်းချပ် ပြောမဆုံးအောင် အမှန် တော သုံးထောင် ညံ တောင်ပံရိုက်ချီ တောင်ပံရိုက်ချီ နန်းတော်ရှေ့ အတွေးနဲ့ စာစီ ဗွေဝလာ သေလာ ဝေဘာဂီရိ တောင်တော်မဟီ ကြံကြံ ၊ စည်စည် မကြားဖူးပေါင် ဆင်ကြီး ဂဠုန်ချီ
(စိန်ချယ် ၊ ညီညီလင်း စဉ်းစားနားထောင်နော် ဆိုပါမည် ဆင်ကြီး ဂဠုန်ချီ) (ဒီဟာတော့ကွယ် မောင်မောင်လေးကို အရွဲ့တိုက်တယ်လို့ ထင်ပါသည်) စာစီသမားရယ် လာဒီအနားကွယ် မဟာဂီတကမှ မရတဲ့သူပါ အတည် တော်ပါ ၊ တန်ပါ ကျွန်တော့ဖာသာ ဆိုပါမည်