ဆင်ဖြူမရှင် အုတ်ဂူပြာသာဒ်

ဆင်ဖြူမရှင် အုတ်ဂူပြာသာဒ်

ပြင်ဆင်ရန်

ဆင်ဖြူမရှင်မိဖုရားကြီး၏ ဆွေတော်မျိုးတော်များက တည်ဆောက်ခဲ့သည်။

မြနန်းစံကျော်ရွှေနန်းတော်ကြီး၏ အရှေ့မြောက်ဘက်၊ အတွင်းမြို့ရိုးအတွင်း ရတနာပုံနန်းမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြိုတွင် တည်ရှိသည်။ အရှေ့ဘက်တွင် သစ်တပ်၊ အတွင်းမြို့ရိုးနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်စခန်းရုံး၊ အနောက်ဘက်တွင် မြနန်းစံကျော်ရွှေနန်းတော်ကြီး၊ တောင်ဘက်တွင် မင်းတုန်မင်းကြီး အုတ်ဂူပြာသာဒ်နှင့် ပုဂံမင်းမယ်တော်ပြာသာဒ်၊ မြောက်ဘက်တွင် လောင်းရှည်မိဖုရားပြာသာဒ် နှင့် ဒင်္ဂါးစက်ရုံတို့ ရှိသည်။

ရတနာပုံခေတ်နောက်ပိုင်းလက်ရာဖြစ်သည်။

ထူးခြားချက်

ပြင်ဆင်ရန်

သီပေါမင်း၏ အဂ္ဂမဟေသီမိဖုရားခေါင်ကြီး စုဖုရားလတ်၏ မယ်တော်အုတ်ဂူဖြစ်သည်။ အုတ်ဂူပြာသာဒ်၏ အရှေ့မြေပြင်တွင် ကျောက်စာရှိသည်။

သမိုင်းအကျဉ်း

ပြင်ဆင်ရန်

ဆင်ဖြူမရှင်မိဖုရားသည် ဘကြီးတော်နှင့် မိဖုရားခေါင်ကြီးနန်းမတော်မယ်နုတို့၏ တစ်ဦးတည်းသော သမီးဖြစ်သည်။ မင်းတုန်းမင်း၏ ဒုတိယအဂ္ဂမဟေသီဖြစ်၍ သီပေါမင်း၏ ယောက္ခမတော်လည်းဖြစ်သည်။ စုဖုရားလတ်၏ မယ်တော်ဖြစ်ပြီး သမက်ဖြစ်သူ သီပေါမင်းနှင့် သမီးတော် စုဖုရားလတ်တို့ သက္ကရာဇ် ၁၂၄၇ ခုတွင် အိန္ဒိယသို့ ပါတော်မူသွားပြီးနောက် ၁၂၆၁ ခုတွင် ရန်ကုန်၊ စမ်းချောင်းအိမ်တော်​တွင် နတ်ပြည်စံလွန်တော်မူခဲ့ရာ ဆွေတော်မျိုးတော်များ၏ ဆန္ဒအရ ရတနာပုံနန်းမြို့သို့ သယ်ယူခဲ့၍ ဤနန်းတွင်း သင်္ချိုင်းတော်သို့ အလောင်းတော်ကို သင်္ဂြိုဟ်ထားခြင်းဖြစ်သည်။ လောင်းရှည်မိဖုရား၏ အုတ်ဂူနှင့် အနောက်ဘက်ကပ်လျက်တည်ရှိသည်။

အမျိုးအစား

ပြင်ဆင်ရန်

အုတ်အင်္ဂတေဖြင့် တည်ဆောက်ထားသော ဘုံခုနစ်ဆင့် အုတ်ပြာသာဒ်ဖြစ်ပြီး အင်္ဂတေပန်းတော့လက်ရာဖြင့် အမွှမ်းပန်းများ တပ်ဆင်ထားသည်။ မြေပြင်မှ သုံးပေခန့်အမြင့်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။

လက်ရှိအခြေအနေ

ပြင်ဆင်ရန်

မင်းတုန်းမင်းကြီး၏ မိဖုရားဖြစ်သည်နှင့်အညီ မင်းကြီးကဲ့သို့ မြေပြင်မှ သုံးပေခန့်အမြင့် အုတ်ခုံပေါ်တွင် ဘုံခုနစ်ဆင့်ပြာသာဒ်ကို တည်ထားသည်။ ပြာသာဒ်အတွင်း၌ ဆင်ဖြူမရှင်မိဖုရားကြီး၏ အရိုးအိုးထည့်သွင်း မြှုပ်နှံထားသည်။ အပေါ်ပိုင်းတွင် အင်္ဂတေပန်းတော့ဖြင့် အမွှမ်းပန်းများ တပ်ဆင်ထားသည်။ အုတ်ဂူပြာသာဒ် အရှေ့မြေပြင်တွင် မိဖုရားကြီးအကြောင်းကျောက်စာကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးထိုးထားသည်။ အုတ်ဂူပြာသာဒ်ကို မင်းတုန်းမင်း အုတ်ဂူပြာသာဒ်၊ ပုဂံမင်းမယ်တော် ကျွန်းပြာသာဒ်တို့နှင့်အတူ အုတ်တံတိုင်း ခတ်ထားသည်။ ဝင်ပေါက်မှာ အနောက်ဘက်မျက်နှာတွင် တစ်ခုတည်းသာ ထားရှိသည်။

ထိန်းသိမ်းမှု

ပြင်ဆင်ရန်

ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားသည်။ []

အကိုးအကား

ပြင်ဆင်ရန်
  1. မန္တလေးဒေသ ရှေးဟောင်းအဆောက်အအုံများမှတ်တမ်း၊ အမှတ် (၁)၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊ ဒုကြိမ်၊ ဖေဖော်ဝါရီ ၂၀၁၁။