ပင်မမီနူးကို ဖွင့်ရန်

ဆမားဒူးဝါး ဆင်ဝါးနောင်( ၁၉၁၄ - ၁၉၇၁ )ပြင်ဆင်

ပြည်နယ် ခေါင်းဆောင်တဦး ဖြစ်သူ မျိုးချစ်ကြီး ဆမားဒူးဝါး ဆင်းဝါးနောင်ပြင်ဆင်

ကချင်ပြည်နယ် ခေါင်းဆောင်ကြီး ဖြစ်ခဲ့သူမှာ ဆမားဒူဝါး ဆင်းဝါးနောင် ဖြစ်သည်။

ဆမားဒူးဝါး ဆင်းဝါးနောင်သည် မြစ်ကြီးနားခရိုင်၊ ဆမားရွာ( Thama ) တွင် မွေးဖွားသည်။ အဘ ဆမားဒူဝါး ဂွမ်းဆိုင်းလီ၊ အမိ ဆမားဒူဂျွန်မိရွမ်ထုတို့ ဖြစ်သည်။ ဆမားဒူဝါး ဆင်းဝါးနောင်ကို ၁၂၇၆-ခု၊ တပို့တွဲလဆုတ် ၃ ရက် (၁ - ၂ - ၁၉၁၅) တနင်္လာတွင် ဖွားမြင်ခဲ့သည်။ မွေးချင်း အားလုံး ၃ ယောက်ရှိသည့် အနက် ဒုတိယမြောက် သားဖြစ်သည်။ အစ်ကိုကြီးမှာ ကွယ်လွန်သွားပြီ ဖြစ်၍ နှမ တစ်ဦးမှာ မြစ်ကြီးနားတွင် ရှိသည်။ အစ်ကိုကြီးဆုံး မှာ ဦးဇော်လုံး (ခေါ်) ဦးမောင်မောင်မြင့်၊ ညီမထွေးမှာ ဂျာရင် ဖြစ်သည်။ ဆမာဒူးဝါး ဆင်းဝါးနောင်၏ မြန်မာအမည်မှာ ဦးကျော်ဦး ဖြစ်သည်။

ဗုဒ္ဓဘာသဝင်တစ်ဦး ဖြစ်ပြီး စကားပြော ပြေပြစ်၍ ယဉ်ကျေးသိမ်မွေ့သူ ဖြစ်သည်။ ငယ်စဉ်က မိုးကောင်းမြို့ ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းတွင် မြန်မာ စာပေနှင့် ဗုဒ္ဓဘာသာကျမ်းဂန်များ ကို လေ့လာဆည်းပူးခဲ့သည်။ ၁၉၂၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ၎င်းအား အသက် ( ၁၅ ) နှစ်မျှသာ ရှိသေးသော်လည်း ဆမားနယ်၏ ထောင်ချုပ်ဒူဝါ အဖြစ် အင်္ဂလိပ်အစိုးရ၏ ခန့်အပ်ခြင်းခံရသည်။ သို့သော်လည်း ၎င်း၏ အင်္ဂလိပ်နယ်ချဲ့ ဝါဒကို ဆန့်ကျင်သော အပြုအမူများကြောင့် ၎င်းရာထူးကို စွန့်လွှတ်ခဲ့ရသည်။ အင်္ဂလိပ်ခေတ် ၁၉၃၈ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း မြန်မာ၊ ရှမ်း၊ ကချင် တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်သည့် ပြည်သူ့စီးပွားရေးနှင့် ယဉ်ကျေးမှုတိုးတက်ဖွံ့ဖြိုးရေး အဖွဲ့ ( ပ၊ယ၊က၊ဖ ) ကို ဖွဲ့စည်းကာ နိုင်ငံရေးလှုပ်ရှားမှုကို စတင်ခဲ့သည်။ ဆမာဒူးဝါး သည် အင်္ဂလိပ်နယ်ချဲ့များ ကချင်တောင်တန်းဒေသ၌ တိုင်းရင်းသားများကို သွေးခွဲ၍ လာရောက်အုပ်ချုပ်ခြင်းကို လုံးဝဆန့်ကျင်သူတစ်ယောက် ဖြစ်ခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့လက်အောက်ခံ ဘဝမှ ကချင်အမျိုးသားများအား လွတ်မြောက်စေရန် ၊ နိုင်ငံရေး တိုက်ပွဲ ဆင်နွဲရန် စတင်ဦးစီးခေါင်းဆောင်သော ကချင်အမျိုးသား ခေါင်းဆောင်ကြီး တစ်ယောက် ဖြစ်ခဲ့သည်။


ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်ကို ဖက်ဆစ် ဂျပန်စစ်တပ်မှ သိမ်းပိုက်ထားစဉ် ဆမာဒူးဝါသည် ကချင်အမျိုးသားများအား ဖက်ဆစ်တို့၏ နှိပ်စက်ညှင်းပန်းခြင်းမှ အကာအကွယ်ပေးနိုင်ရန် အလို့ငှာ ကာမိုင်းတွင် ဂျပန်တောင်တန်း ဝန်ထောက်ဖြစ် အမှုထမ်း ဆောင်ရွက်ခဲ့သည်။ ထိုသို့ ထမ်းဆောင်ခြင်းကြောင့် မဟာမိတ် စစ်တပ်များ မြန်မာပြည်ကို ပြန်လည် သိမ်းပိုက်ချိန်၌ အင်္ဂလိပ်အစိုးရက ၎င်းအား ဖမ်းဆီး၍ တောင်ကြီးမြို့တွင် ချုပ်နှောင်ထားသည်။ သို့သော် လည်း ဂျပန်လက်အောက်တွင် အမှုထမ်းခဲ့ခြင်းမှာ ကချင်အမျိုးသားများအား အကာအကွယ်ပေးရန်သာ ဖြစ်ပြီး ဂျပန်စစ်တပ်အား အကူအညီပေးခြင်း မဟုတ်ကြောင်း အင်္ဂလိပ်အစိုးရက စုံစမ်း သိရှိသဖြင့် များမကြာမီ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်လေသည်။

ဒုတိယကမ္ဘာစစ်ပြီး၍ အင်္ဂလိပ်အစိုးရက ‘ဆင်းမလား စီမံကိန်း’အရ မြန်မာပြည်မကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေး၍ လူနည်းစုဖြစ်သော ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား တိုင်းရင်းသား လူမျိုးစုများအား တောင်တန်းဒေသ အုပ်ချုပ်ရေးလက်အောက်တွင် ထားရှိရန် မလိုလားကြောင်း၊ မြန်မာပြည်မ ကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ရေး သို့မဟုတ် လွတ်လပ်ရေးကို လိုလားကြောင်း အတိုက်အခံ ပြုလုပ်ခဲ့သည်။ ထိုကဲ့သို့ နယ်ခြားဒေသ အုပ်ချုပ်ရေးကို အတိုက်အခံ ပြုလုပ်နေစဉ် ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ ( ၂၈ ) ရက်နေ့တွင် ဖဆပလ ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းသည် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာ၍ ကချင်အမျိုးသား ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးရာ ဆမာဒူးဝါး ခေါင်းဆောင်ပြီး မြန်မာပြည်မနှင့် အတူတကွ လက်တွဲပြီး တစ်ပြိုင်တည်း အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေး ရလိုကြောင်း တိုင်ပင်ဆွေးနွေးခဲ့ကြသည်။

ဆမားကြီးသည် မျိုးချစ်စိတ် ပြင်းထန်သူ တစ်ယောက် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် အတူ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သူ တယောက် ဖြစ်သည်။ ပင်လုံစာချုပ် လက်မှတ် ရေးထိုးရာတွင် ပါဝင်ခဲ့သော ရှေ့တန်းရောက် ပြည်နယ် ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် အကြံပေး အဖွဲ့ဝင်အဖြစ် ဗိုလ်ချုပ် အောင်ဆန်း တို့နှင့် အတူ ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)၏ ခန့်အပ်ခြင်း ခံရသော ပုဂ္ဂိုလ်များတွင် တဦး အပါအဝင်လည်း ဖြစ်သည်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၃ ) ရက်မှ ( ၁၂ ) ရက်နေ့အထိ ရှမ်းပြည်နယ် ပင်လုံမြို့၌ ကျင်းပသော ဒုတိယ ပင်လုံညီလာခံ အစည်းအဝေးသို့ ဆမာဒူးဝါး ဆင်းဝါးနောင်သည် ကချင်အမျိုးသား ကိုယ်စားလှယ် များကို ခေါင်းဆောင်ပြီး တက်ရောက်ဆွေးနွေးခဲ့သည်။ ၎င်းညီလာခံ၌ ရှမ်းစော်ဘွားများ၊ ရှမ်းလူထုကိုယ်စားလှယ်များနှင့် ချင်းအမျိုးသားကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးရာ၌ ဆမာဒူးဝါဆင်းဝါးနောင်သည် ကချင် အမျိုးသား ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက် အဆိုကို တင်သွင်း ဆွေးနွေးခဲ့သည်။ ၎င်းအဆိုသည် ..

  1. တောင်တန်းဒေသများအားလုံး မြန်မာပြည်မနှင့် အတူတကွ တစ်ပြိုင်တည်း လွတ်လပ်ရေး ယူရန်။
  2. ရှမ်း၊ ချင်း၊ ကချင် ပြည်နယ်များ ဖွဲ့စည်းရရန်။
  3. ထို့နောက် ပြည်ထောင်စု ဖွဲ့စည်းရန်။

ဆို သော အဆို ( ၃ ) ရပ် ဖြစ်သည်။ ၎င်း အဆို( ၃ ) ရပ်ကို ရှမ်း၊ ချင်း၊ ကချင် ကိုယ်စားလှယ်များ အားလုံး တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ကြပြီး မြန်မာခေါင်းဆောင်များ ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြန်လည်တွေ့ဆုံညှိနှိုင်းဆွေးနွေးရာ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ရယူ၍ အောင်မြင်စွာပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ဆမာဒူးဝါ ဆင်းဝါးနောင်သည် ပင်လုံစာချုပ်ဖြစ်မြောက်ရေးအတွက် အရေးကြီးဆုံးသော ကဏ္ဍတစ်ခုမှ ပါဝင်ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ ထိုပင်လုံစာချုပ်အရ ဆမာဒူးဝါ ဆင်းဝါးနောင်သည် ၁၉၄၇ ခုနှစ်၊ မတ်လဆန်း ( ၁ ) ရက်နေ့မှ စ၍ ဘုရင်ခံ၏ ဒုတိယ အတိုင်ပင်ခံ ဝန်ကြီး အဖြစ်ဖြင့် ခန့်အပ်ခြင်းခံရသည်။

၁၉၄၇ ခုနှစ်၊ ဧပြီလတွင် ဖွဲ့စည်းသော တောင်တန်းဒေသ တိုင်းရင်းသားလူမျိုးစုများ၏ လိုအင်ဆန္ဒကို စုံစမ်းရန်၊ စုံစမ်းရေး ကော်မရှင် အဖွဲ့တွင် အဖွဲ့ဝင်တစ်ဦး အဖြစ်ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ( ၄ ) ရက်နေ့၌ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ကချင်ပြည်နယ် အစိုးရကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ( ၁၀ ) ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထိုကချင် ပြည်နယ် ဥက္ကဋ္ဌ အဖြစ်ဖြင့် ရွေးကောက်တင်မြောက်ခြင်းခံခဲ့ရသည်။ ၎င်းရာထူးတွင် ၁၉၅၃ ခုနှစ်၊ ဇူလိုင်လ (၂၈ ) ရက်နေ့အထိ ထမ်းဆောင်ခဲ့သည်။


ပြည်ထောင်စုကြီး လွတ်လပ်ရေးရပြီး များမကြာမီ ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် ကေအင်ဒီအို ( Karen National Defence Organization ) သူပုန်များ ဆူပူသောင်းကျန်းမှု စတင်ခဲ့သည်။ ၁၉၄၉ ခုနှစ် နှစ်ဦးပိုင်းတွင် ဆူပူသောင်းကျန်းမှု သည် အရှိန်ပိုမို ပြင်းထန်လာခဲ့ရာ တစ်တိုင်းပြည်လုံး မီးဟုန်းဟုန်းတောက်ဆိုသလို ဖြစ်ခဲ့သည်။ တစ်တိုင်းပြည်လုံး ရောင်စုံသူပုန် လက်ထဲ ကျရောက်ခါနီး ထိုအချိန်က ‘ရန်ကုန် အစိုးရ’ ဟု အခေါ်ခံရသည့်အချိန် တွင် ဆမာဒူးဝါ ဆင်းဝါးနောင်သည် ဇာတိသွေး ဇာတိမာန် ရှိရှိနှင့် ငါတို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အခြားခေါင်းဆောင်ကြီးများ ၏ သွေးနှင့်လဲခဲ့သည့် လွတ်လပ်ရေးနှင့် ပြည်ထောင်စုကြီးကို ငါတို့ကာကွယ်မည်။ ငါတို့ခံချရမည်။ သူပုန်လက်ထဲတော့ ငါတို့တိုင်းပြည် မအပ်ဘူးဟူ၍ ကြွေးကြော်ကြိမ်းဝါး ပြောဆိုခဲ့သည်။ သူပြောဆိုခဲ့သည့် အတိုင်း ထိုအချိန်က ဆမာဒူးဝါ၏ မဆုတ်မနစ် ဇွဲ၊ သတ္တိ၊ လုံလ၊ ဝီရိယ ဖြင့် ဆောင်ရွက်ခဲ့မှုကြောင့် ရောင်စုံသူပုန်များကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သည်သာမက ပြည်ထောင်စုကြီးကို ထိန်းသိမ်းနိုင်ခဲ့သည်။ ရောင်စုံသူပုန်များကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သဖြင့် ပြည်ထောင်စုကြီး တည်တံ့ ခဲ့သည်ကို အကြောင်းပြု၍ ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုပင်လျင် ဆမာဒူးဝါကြီးအား အခါအခွင့်သင့်တိုင်း ချီးကျူးစကားပြောရာ၌ အောက်ပါ အတိုင်း ပြောဆိုခဲ့သည်။
“ပြည်ထောင်စုကြီး ချောက်ထဲကျရန်လက်နှစ်လုံးလောက် အလိုမှာ ဆမာကြီး ဝင်ကယ်လို့ ဒီနေ့အထိ ပြည်ထောင်စုကြီး တည်တံ့နိုင်ခဲ့တယ်။ သူ့ကို ငါတို့ ကျေးဇူးမမေ့သင့်ဘူး”


ဆိုပြီး ချီးကျူး စကား ပြောကြားခဲ့သည်။ သို့ကလို လွတ်လပ်ရေးနှင့် ပြည်ထောင်စုကြီး တည်မြဲရေးအတွက် အသက်ပေး ဆောင်ရွက်ခဲ့သောကြောင့် ၎င်းအား ပြည်ထောင်စုမြန်မာနိုင်ငံ၏ သမ္မတ အဖြစ် တင်မြောက်လျာထားခြင်း ခံရသည်။ ဆမာဒူး ဝါကြီးသည် ကချင်ပြည်နယ် ဥက္ကဋ္ဌ အဖြစ်ဖြင့် ဆောင်ရွက်နေစဉ်အတွင်း တိုင်းပြည်နှင့်လူမျိုး တိုးတက်ကြီးပွားရေး အတွက် လွန်စွာ စိတ်အားထက်သန်သော ပုဂ္ဂိုလ်ကြီး ဖြစ်သည့် အလျောက် ၎င်း၏ ဉာဏ်မီသလောက် ပြည်ထောင်စုကြီးကို စက်မှုလက်မှု နိုင်ငံကြီး အဖြစ်သို့ ရောက်ရှိအောင် ဆောင်ရွက်သွားနိုင်ရန် စီမံကိန်းအမျိုးမျိုး ကို ရေးဆွဲ၍ ပြည်ထောင်စု အစိုးရ သို့ တင်ပြ တိုက်တွန်းခဲ့သည်။ ၎င်း၏ စီမံကိန်း အောင်မြင်ရေးအတွက် ‘ပြည်သူ့ စီးပွားရေးနှင့် ဖွံဖြိုးတိုးတက်ရေးအဖွဲ့’ ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။


ဆမားကြီးသည် ၁၉၅၇ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပသော အခါ ဦးနု ခေါင်းဆောင်သော သန့်ရှင်းဖဆပလ ဘက်မှ ဝင်ရောက် အရွေးခံသည်။ ယင်း ၁၉၅၇ ခုနှစ်မှ ၁၉၅၈ ခုနှစ်များတွင် အထက် ဖော်ပြခဲ့ပြီးသော ဝန်ကြီး နေရာ၌ပင် ပြန်လည် တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ဆမားကြီးသည် ၁၉၄၇ ပြည်ထောင်စု မြန်မာနိုင်ငံ အခြေခံဥပဒေ အရ ပြည်နယ် အလိုက် သမ္မတ တင်မြှောက်ရာတွင် သမ္မတကြီး အဖြစ် လျာထားခြင်း ခံခဲ့ရသော ပုဂ္ဂိုလ်ကြီးလည်း ဖြစ်သည်။


ဆမားကြီးသည် ၁၉၄၈ ခုနှစ်မှ ၁၉၅၂ ခုနှစ် အထိ ကာလအတွက် ကချင်ပြည်နယ် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် ဖဆပလ အစိုးရ လက်ထက် ၁၉၅၄ ခုနှစ်၊ ၁၉၅၅ ခုနှစ်တွင် လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေး ဝန်ကြီး အဖြစ် ဆောင်ရွက် လုပ်ကိုင်ခဲ့ရသည်။ ၁၉၅၆ ခုနှစ်တွင် တာဝန်များကို မယူဘဲ ခေတ္တမျှ အနားယူခဲ့သည်။ ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲတွင် မြစ်ကြီးနား အနောက်မဲဆန္ဒနယ်မှ ပြည်သူ့လွတ်တော် အမတ် အဖြစ် အရွေးခံရသည်။ ၁၉၆၀ ပြည့်နှစ်၌ ကချင်ပြည်နယ်အစိုးရကို ပြန်လည်ဖွဲ့စည်းရာ ဆမာဒူးဝါဆင်းဝါးနောင် သည် ကချင်ပြည်နယ် ဥက္ကဋ္ဌ အဖြစ် ပြန်လည် ရွေးကောက်တင်မြောက်ခြင်း ခံရသည်။ ၎င်းရာထူး၌ ၁၉၆၂ ခုနှစ်၊ မတ်လ ( ၂ ) ရက်နေ့အထိ ထမ်းဆောင်ခဲ့သည်။


ဆမား ဒူဝါး ဆင်းဝါးနောင်သည် ပြည်ထောင်စု တော်လှန်ရေး အစိုးရ လက်ထက် ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံဆိုင်ရာ မြန်မာ သံမတ်ကြီး အဖြစ်နှင့် ခန့်အပ်ခြင်း ခံရသည်။ ၁၉၆၇ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာပြည်သို့ ပြန်လာခဲ့ပြီး ၁၉၆၈ ခုနှစ်၊ ဇန်ဝါရီလမှ ၁၉၆၉ ခုနှစ်၊ မေလအထိ သီဟိုဠ်ဆိုင်ရာ (ယခု သီရိလင်္ကာ) မြန်မာနိုင်ငံ သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၆၉ ခုနှစ်၊ မေလ ရ ရက်နေ့တွင် မြန်မာပြည်သို့ ပြန်လာပြီး မမာမကျန်း ဖြစ်သဖြင့်အငြိမ်းစား ယူခဲ့သည်။ ထို့နောက် ကျန်းမာရေး အခြေအနေ ပိုမို ဆိုးဝါးလာသဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ကုသခဲ့သည်။


ဆမား ဒူဝါး ဆင်းဝါးနောင်တွင် ပထမဇနီး ကချင် အမျိုးသမီးနှင့် သားသမီး ၂ ယောက်ရရှိသည်။ ဒုတိယဇနီး မြန်မာ အမျိုးသမီး ဒေါ်အုန်းရီနှင့် သားသမီး ၆ ယောက် ရရှိခဲ့သည်။

ဘဝနိဂုံးပြင်ဆင်

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် အမျိုးသား ညီညွတ်ရေးတွင် ရှေ့တန်းက တက်တက်ကြွကြွ ပါဝင်ခဲ့သော မျိုးချစ် ခေါင်းဆောင် တဦး ဖြစ်ခဲ့သူ ဆမား ဒူဝါး ဆင်းဝါးနောင်သည် နှလုံးရောဂါကြောင့် ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက် ကုသခဲ့ရာမှ အသက် ၅၇ နှစ် အရောက် ၁၉၇၁ ခု၊ အောက်တိုဘာလ ၁၈ ရက် နံနက် ၅ နာရီ ၃၅ မိနစ်အချိန် တနင်္လာနေ့တွင် ရန်ကုန် ဆေးရုံကြီး၌ပင် ကွယ်လွန် အနိစ္စ ရောက်သွားရှာသည်။ ထို့နောက် ဆမာဒူးဝါ ဆင်းဝါးနောင်၏ ရုပ်ကလာပ်ကို အောက်တိုဘာ ( ၁၉ ) ရက်နေ့တွင် လေယာဉ်ဖြင့် မြစ်ကြီးနားမြို့သို့ သယ်ဆောင်၍ မြစ်ကြီးနားမြို့၊ အေရာရပ်ရှိ ဆမာဒူးဝါ၏ နေအိမ်အတွင်း မဏ္ဍပ်တွင် ( ၄ ) ရက်ထားသည်။ ယင်းနောက် အောက်တိုဘာလ ( ၂၂ ) ရက်နေ့တွင် ဆမာကြီး၏ နေအိမ်ခြံအတွင်း၌ ယာယီပြုလုပ်ထားသော ဂူအတွင်း၌ ရုပ်ကလာပ်ကို (၃) နှစ်ထားပြီးနောက် ၎င်း၏ ဇာတိချက်ကြွေ အနောက်ဆမားဒေသသို့ ပြောင်းရွှေ့ သင်္ဂြိုဟ်ခဲ့လေသည်။ [၁]

ကိုးကားပြင်ဆင်

  1. ရွှေဥဩရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ စာအုပ် ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စပယ်ဦး စာပေ(တတိယ အကြိမ်)
  1. အိုးဝေဂျာနယ် ( ၁၅-၁၁-၇၁ ) ။ စာ -၂၀ ၊ ၂၁ ။ လူထုဦးလှ၏ အကြံပြုချက်အရ ဗိုလ်ထွန်းလှ (တက္ကသိုလ် နေဝင်း) ကို ဗိုလ်ချုပ်အောင်ဆန်းက ဆမာဒူးဝါထံ စေလွှတ်ဆွေးနွေးခဲ့။