ဆင်အုံကန်သည် ရိုးမမှစီးဆင်းလာသော လယ်ဝေးချောင်းဘေးတွင် ဆည်ထားသည့်ကန်ဖြစ်ပြီး သမိုင်းကြောင်းကလည်း ရှည် လျားလှလေသည်။ တောင်ငူမင်းဆက်ကို တည်ထောင်သည့် မင်းကြီးညိုလက်ထက်တွင် ဆည်ထားသည့် ကန် အဖြစ် ထင်ရှားခဲ့သကဲ့သို့ မင်းကြီးညိုကိုယ်တိုင် ဆည်ကိုကြီးကြပ် လုပ်ဆောင်ရင်း လယ်ဝေး (ဝါးနွယ်ကုန်း) သူကြီးသမီးခင်ဦးနှင့် ချစ်ကြိုက်ဖူးစာဆုံခဲ့ရာ ဆည်လည်းဖြစ်သည်။ နောင်တွင် မိဖုရား အရာသို့ရောက်ရှိခဲ့ သကဲ့သို့ ခင်ဦးက မွေးဖွားလာသည့် သားတော်သည်လည်း တပင်ရွှေထီးအနေဖြင့် ထင်ရှားလာခဲ့ပြန်သည်။

မိုးတွင်းကာလတွင် တောင်ကျရေများလာသည့်အခါ မြစ်ရေလျှံမှုကြောင့် လယ်ယာလုပ်ငန်းများ တွင် ရေကြီး ရေလျှံမှုများ ကြုံရကြောင်း လယ်သမားများလျှောက် ထားမှုကြောင့် နေရောင်ပြအရပ်တွင် ယာယီ နန်းဖြင့် စံမြန်းနေစဉ်ကာလ၌ ဆင်အုံကန်ကို တစ်လလောက် အချိန်ယူကြီးကြပ်ကာ ဘုရင်ကိုယ်တိုင် ဦးစီး တည် ဆောက်ခဲ့သည်ဟု သိရသည်။ ဘုရင်ကိုယ်တိုင် ကြီးကြပ်လုပ်ဆောင်ခြင်းကြောင့် သူကြီးရော ပြည်သူပါ မခို မကတ်လုပ်ဆောင်နိုင်ခြင်းဖြင့် ပြီးမြောက်အောင်မြင်ခဲ့ခြင်းပင် ဖြစ်ပေသည်။ ဆည်ဖို့စဉ် ဆင်များ၏ အင်အားကိုအသုံးပြုကာ ဆောင်ရွက်ခဲ့ရ ခြင်းကြောင့် ဆင်အုံကန်ဟုခေါ်ကြောင်း သမိုင်းကြောင်းက ဆိုခဲ့သည်။ မင်းကြီးညို လက်ထက် တောင်ငူခေတ်က တည်ဆောက်ခဲ့သည့် သမိုင်းဝင်ဆည်တစ်ခု ဆက်လက် တည်ရှိနေဆဲဖြစ်သော်လည်း ကန်တစ်ခု အဆင့်လောက်သာ ကျန်တော့ပေသည်။ မြို့ပြနှင့်နီးစပ် လာခြင်းနှင့် ရေဝေရေလဲ ဧရိယာနည်းပါးလာခြင်းကြောင့် ဝန်းကျင်ရွာအချို့အတွက်သာ အသုံးပြုနိုင်တော့ပေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 26 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 November 2018 တွင် ပြန်စစ်ပြီး။