ဆင်းရဲသား ဝံသာနု အဖွဲ့
၁၉၃၆ ခုနှစ်တွင် ဒေါက်တာဘမော် ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ပါတီဖြစ်သည်။ ဒေါက်တာဘမော်သည် နိုင်ငံရေးလှုပ်ရှားမှုကြီးတွင် ရေပန်းစားခဲ့သည့်ဝံသာနု ဟူသည့် စကားလုံးကို မြန်မာပြည်၏ အကျယ်ပြန့်ဆုံး၊အများပြားဆုံးဖြစ်သော “ဆင်းရဲသား” များနှင့်တွဲစပ်ပေးကာ “ဆင်းရဲသားဝံသာနုအဖွဲ့” ဟူ၍ အမည်ပေးခဲ့သည်။ သို့သော် အများဆုံး အမည်တွင်ခဲ့သည်မှာ“ဆင်းရဲသား အဖွဲ့” ဟူ၍သာဖြစ်သည်။
၁၉၃၆ ခုနှစ်၊ နိုဝင်ဘာ ရွေးကောက်ပွဲတွင် လယ်သမားဆင်းရဲသားထု၏ မဲပေးထောက်ခံမှု ရယူနိုင်ရေးကို ရည်စူးပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လယ်သမားထုအကြိုက် ကျေးရွာ ပြုပြင်ရေး၊ အခွန်လျှော့ချရေး၊ ရွာသူကြီးရွေးကောက်တင်မြှောက်ရေး၊ မြေငှားခလျှော့ချရေး၊ အမတော်ကြေးပေးရေး၊ အခမဲ့ပညာသင်ကြားရေး စသည်တို့ကို ပါတီလုပ်ငန်းစဉ်အဖြစ် ကြေညာသည့်တိုင် လူထုလယ်သမားများက ဒေါက်တာဘမော် အပေါ် အယုံအကြည်မှုမရှိခဲ့ကြသဖြင့် ရွေးကောက်ပွဲတွင် လယ်သမားများ၏ထောက်ခံမှု မရသဖြင့် အမတ်နေရာ (၁၆) နေရာသာ ရခပြီး၊ အများဆုံး (၄၅) နေရာ အနိုင်ရခဲ့သည့် ငါးပွင့်ဆိုင် အဖွဲ့အတွင်း ရာထူးအဝေမတည့်သောကြောင့် အစိုးရ မဖွဲ့နိုင်ဖြစ်နေချိန်တွင် ဒေါက်တာဘမော်က အစိုးရ ဖွဲ့နိုင်ရေး အတွက် နိုင်ငံရေးသင်းကွဲများ၊ ကုန်သည်ကြီးများအသင်းတို့အပြင် ဗြိတိသျှအုပ်စု၏ ထောက်ခံမှု ရနိုင်စေရေးအတွက် ဆင်းရဲသားပါတီ၏ လုပ်ငန်းစဉ်များကို ချက်ချင်း စွန့်လွှတ်ပစ် ခဲ့သည်။ အကြောင်းပြချက်မှာ နိုင်ငံရေးအာဏာကို နိုင်ငံရေး ရန်သူများ လက်ထဲကျရောက် မသွားစေရန်ဟူ၍ဖြစ်သည်။ သို့ဖြင့် အုပ်စုကွဲများအကြားတွင် ဒေါက်တာဘမော် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်လာခဲ့ပါတယ်။ ၁၉၃၉ ခုနှစ်၊ ဒေါက်တာဘမော်အစိုးရ ပြုတ်ကျပြီးသည့်နောက်တွင် ဆင်းရဲသား လုပ်ငန်းစဉ်ကို တဖန်ပြန်လည်ချမှတ်ပြန်ပါတယ်။