ဆန်းကျမ်း

ပြင်ဆင်ရန်

ဆန်းကျမ်းဟူသည်ကား လောကီဗေဒင်ကျမ်းများတွင် အပါအဝင်ဖြစ်သော အစိတ်အပိုင်း ကျမ်းတစ်မျိုးဖြစ်၍၊ ပါဠိ ဂါထာ သီကုံးရေးသားရာ၌၎င်း၊ ကဗျာလင်္ကာ သီကုံးရေးသားရာ ၌၎င်း၊ အပြစ်ဒေါသလွတ်ကင်းစေရန် ဂိုဏ်း၊ ဂရု၊ လဟုထားပုံ၊ မတြာထားပုံနှင့် ယတိထားပုံစသော သီကုံးရေးသားပုံစည်းကမ်း နည်းလမ်းတို့ကို ညွှန်းပြသောကျမ်းဖြစ်သည်။

ကျမ်းဂန်၌ ကျနသည်၊ ကျွမ်းကျင် လိမ်မာသည်၊ တတ် မြောက်သည် ဆိုရာဝယ်၊ ကျနခြင်း၊ ကျွမ်းကျင်လိမ်မာခြင်း၊ တတ်မြောက်ခြင်း အကြောင်းရင်းဖြစ်သော သဒ္ဒါကျမ်း၊ အဘိဓာန်ကျမ်း၊ ဆန်းကျမ်း၊ အလင်္ကာကျမ်းဟူ၍ ကျမ်းလေး မျိုးရှိသည်။ ယင်းလေးမျိုးအနက် ဆန်းကျမ်းသည် တစ်မျိုး အပါအဝင်ဖြစ်၍၊ စာရေးဆရာ ပညာရှိ ကဝိသုခမိန်တို့ လေး စားအပ်သော ကျမ်းဖြစ်ကြောင်းထင်ရှား၏။

ယင်းဆန်းကျမ်း၌ သက္ကဋဆန်းကျမ်း၊ မဂဓဆန်းကျမ်းဟူ၍ နှစ်မျိုးရှိရာ၊ (၁) ပိင်္ဂဆန်းကျမ်း (၂) ဝုတ္တရတနာကရဆန်း ကျမ်း (၃) ဝုတ္တရတနာဝလိဆန်းကျမ်း (၄) ဝုတ္တပစ္စယကောမုဒိ ဆန်းကျမ်း (၅) ဝုတ္တစန္ဒြိတာဆန်းကျမ်း (၆) ဆန္ဒောမဉ္စရီဆန်း စသော ကျမ်းပေါင်း ဆယ့်ခုနစ်ကျမ်းတို့မှာ သက္ကဋအရာလိမ်မာ ကျွမ်းကျင် သော ပိင်္ဂလစသော ဆရာကြီးများစီရင်ရေးသားခဲ့ကြ သည်။ (၁) ဝုတ္တောဒယဆန်းကျမ်းနှင့် (၂) ဆန္ဒောမဉ္စရီဆန်း ကျမ်းတို့မှာ မဂဓဆန်းကျမ်းများဖြစ်ကြသည်။ ဝုတ္တောဒယဆန်းကျမ်းကို သီဟိုဠ်ကျွန်း ပရက္ကမဗာဟု မင်းလက်ထက် တောင်ကြားတောရကျောင်းနေ၊ သီလမည်သော မထေရ်၏တပည့် အရှင်သံဃရက္ခိတ မဟာသာမိမထေရ်စီရင် ရေးသားတော်မူသည်။

ဆန္ဒောမဉ္စရီဆန်းကျမ်းကို မန္တလေးရတနာပုံ ပထမမြို့တည် နန်းတည် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးလက် ထက် ဒုတိယရွှေကျင်သာသနာပိုင် မဟာဝိသုဒ္ဓါရုံ ဆရာတော် ဘုရားကြီး စီရင်ရေးသားတော် မူသည်။

ဝုတ္တောဒယဆန်းကျမ်း၌ ဆန်းတို့သည် (၁) မတြာတို့ဖြင့် မှတ်၍ဖွဲ့စီးထားသော မတ္တာဝုတ္တိဆန်း၊ (၂) ဂရု၊ လဟုအက္ခရာ တို့ဖြင့် မှတ်၍ဖွဲ့စီးထားသော ဝဏ္ဏဝုတ္တိဆန်းဟူ၍ နှစ်မျိုးရှိ သည်။ ယင်းနှစ်မျိုးတို့အနက် မတ္တာဝုတ္တိဆန်းသည်လည်း (၁) အရိယဆန်း၊ (၂) ဂီတိဆန်း၊ (၃) ဝေတာလီဆန်း၊ (၄) မတ္တ သမကဆန်း ဟူ၍ လေးမျိုးရှိသည်။ ဝုဏ္ဏဝုတ္တိဆန်းသည်လည်း (၁) သမဆန်းဆယ့်ခုနစ်မျိုး၊ (၂) အဒ္ဓသမဆန်းဆယ့်တစ်မျိုး၊ ဤသို့လျှင် ဆန်းကျမ်းအမျိုးမျိုး၌ ဆန်းအမျိုးများစွာပင်ရှိ၏။ နှစ်ပေါင်းများစွာ ရှေးအခါကပင် ယင်းဆန်းကျမ်းများတွင် ညွှန်ပြထားသော စည်းကမ်းနည်းလမ်းအတိုင်း ပါဠိဂါထာကဗျာ လင်္ကာများကို သီကုံးရေးသားလေ့ရှိကြသည်။

မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပါဠိဘာသာ ဒေသနာများ၌လည်း (၁) ပဇ္ဇဗန္ဓ၊ (၂) ဂဇ္ဇဗန္ဓ၊ (၃) ဝိမိဿဗန္ဓ ဟူ၍ ဒေသနာသုံးမျိုးရှိသည်။ ယင်းဒေသနာ သုံးမျိုးအနက်၊ မင်္ဂလသုတ်၊ ရတနသုတ် စသော ဒေသနာမျိုးကား ဂါထာသက် သက်ဖြစ်၍၊ ပဇ္ဇဗန္ဓဒေသနာမျိုးဖြစ်သည်။ ဗြဟ္မဇာလသုတ်၊ မဟာသတိ ပဌာနသုတ်စသော ဒေသနာမျိုးကား စုဏ္ဏိယ သက်သက်ဖြစ်၍၊ ဂဇ္ဇဗန္ဓဒေသနာမျိုးဖြစ်သည်။ ဓဇခသုတ်၊ အာဋာနာဋိယသုတ်စသော ဒေသနာမျိုးကား ဂါထာစုဏ္ဏိယ နှစ်မျိုးဖြစ်၍၊ ဝိမိဿဗန္ဓဒေသနာမျိုးဖြစ်သည်။ (ဦးကြီးဖေ)[၁]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)