ဆန်းထွန်း (မန်း-တက္ကသိုလ်)

မြစ်ကွေ့ကျောင်းတိုက် စတုတ္ထမြောက်မြစ်ကွေ့ဆရာတော် ဘဒ္ဒန္တပညာဝံသထံတွင် ဆက်လက်ပညာဆည်းပူးခဲ
ဆန်းထွန်း
ဆရာ ဦးဆန်းထွန်း
မွေးဖွားမောင်ပုလေး
(1915-04-06) ဧပြီ ၆၊ ၁၉၁၅ (အသက် ၁၀၈)
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ကျုံကဒူးရွာ
ကွယ်လွန်ဇွန် ၂၀၊ ၁၉၈၉(1989-06-20) (အသက် ၇၄)
အခြား အမည်များအရှင်ဉာဏိဿရ (ကာဝိယဝါစီ)
ပညာရေးစတုတ္ထတန်း[၁]
အလုပ်အကိုင်တက္ကသိုလ်ဆရာ၊ စာရေးဆရာ
ကျော်ကြားမှုအရင်းခံမြန်မာစာပေ
လက်တွဲဖော်(များ)ဒေါ်မမကြီး
မိဘ(များ)ဦးဘိုးထွန်းနှင့်ဒေါ်မြခင်

ကိုယ်ရေးဖြစ်စဉ် ပြင်ဆင်ရန်

ဆန်းထွန်း (မန်း-တက္ကသိုလ်) အမည်ဖြင့် စာအုပ် စာပေများစွာ ရေးသားခဲ့သော မြန်မာစာ အဖွဲ့ဝင် စာရေး ဆရာကြီး ဦးဆန်းထွန်းကို ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် သနွံသနော့ရွာ အနီးရှိ ကျုံကဒူးရွာ၌ ၁၉၁၅ ခုနှစ်၊ ဧပြီလ ၆ ရက်၊ အင်္ဂါနေ့တွင် အဖ ဦးဘိုးထွန်းနှင့် အမိ ဒေါ်မြခင်တို့က မွေးဖွားခဲ့သည်။ မွေးချင်း ၄ ယောက်တွင် အကြီးဆုံး ဖြစ်ပြီး ငယ်မည်မှာ မောင်ပုလေး ဖြစ်သည်။

ကျောင်းပညာကို သနွံသနော့ ကျေးရွာ မူလတန်းကျောင်း၌ စတင် သင်ကြားခဲ့သည်။ သတ္တမတန်း အရောက်တွင် ဘုန်တော်ကြီးကျောင်းသို့ ပြောင်း၍ သဒ္ဒါ၊ သင်္ဂြိုဟ် စသော လောကုတ္တရာ စာပေများကို သင်ကြားခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ရှင်ဇနိန္ဒ ဟူသော ဘွဲ့အမည်ဖြင့် သာမဏေ ပြုခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် အင်္ဂပူမြို့ ရွှေဘုံသာကျောင်း၌ ရှင်ဉာဏိဿရဘွဲ့ အမည်ဖြင့် ပဉ္ဇင်းခံခဲ့သည်။ ထိုနောက် ပထမပြန် ဆရာတော် ရှင်တေဇောသာရ (ဆရာကြီး ဒဂုန် ဦးထွန်းမြင့်) ထံတွင် လောကုတ္တရာ စာပေများကို ဆက်လက် သင်ကြား၍ ပထမပြန် စာမေးပွဲများကို ဖြေဆိုခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် ပထမကြီးတန်းကို တစ်နိုင်ငံလုံး နံပါတ်တစ် စွဲ၍ အောင်ခဲ့သည်။ ထိုအချိန်မှာပင် ကြီးပွားရေး မဂ္ဂဇင်း၌ ကဗျာများ၊ စာများ စတင် ရေးသားခဲ့သည်။ စတင် ရေးသားခဲ့သော စာမှာ 'သေချိန်တန်သေ' ဖြစ်သည်။

၁၉၃၇ ခုနှစ်တွင် မန္တလေးသို့ ရောက်ရှိခဲ့ပြီး အကျော်အမော် ဆရာတော်ကြီးများ ဖြစ်တော်မူကြသော အဘိဓဇမဟာရဌဂုရု ညောင်ရမ်း ဆရာတော်၊ ဟံသာဝတီ ဆရာတော်၊ ခင်မကန်တိုက် သူဌေးဆရာတော်၊ ဘုရားကြီးတိုက် ဆရာတော်၊ မိုးကောင်းတိုက် စာချ ဆရာတော် ဦးပညာတို့ထံ တပည့်ခံ၍ ပါဠိဘာသာနှင့် ဗုဒ္ဓဘာသာ စာပေများကို ဆက်လက် သင်ကြား ဆည်းပူးခဲ့သည်။ တဖက်မှလည်း မြန်မာစာပေ ပျို့ကဗျာများကို လေ့လာ လိုက်စားခဲ့သည်။ ဦးဆန်းထွန်းသည် သန်လျင် ဘီအိုစီ ဓာတုဗေဒ ဆရာကြီး ဦးမောင်မောင် ထံတွင်လည်း အင်္ဂလိပ်စာ သင်ခဲ့သည်။ ထို့အပြင် ဂျပန်ခေတ်တွင် ဦးသောမဒတ္တ (မြန်မာစာ အဖွဲ့ဝင် စာရေး ဆရာကြီး ဦးသော်ဇင်) ထံ၌လည်း ဟိန္ဒိ၊ ဘင်္ဂါလီနှင့် သက္ကတ ဘာသာတို့ကို လေ့လာ ဆည်းပူးခဲ့သည်။

၁၉၄ဝ ပြည့်တွင် ရွှေပြည်တော် သတင်းစာ၌ အရှင် ဉာဏိဿရ (ကာဝီယဝါစီ) အမည်ဖြင့် ကဗျာများကို အပတ်စဉ် ရေးသားခဲ့သည်။ ထိုအချိန်တွင် ရန်ကုန်မြို့ မင်္ဂလာရာမတိုက်၌ စာချဘုန်းကြီး အဖြစ် ဆောင်ရွက်လျက် ရှိပြီး စာချရင်း တဖက်မှ အရှင် အာဒိစ္စဝံသ (ဦးအောင်မြတ်ထွတ်) ထံတွင် နိကာယ်ငါးရပ်၊ ပိဋကတ် သုံးပုံကို လေ့လာသင်ယူခဲ့ပြန်သည်။ ၁၉၄၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ စန္တိနိကေတန် တက္ကသိုလ်၌ ပညာသင်သည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရသည်။ ဖြေဆိုနိုင်၍ Lecturer နှင့် Student ကြားတွင် Scholar အနေဖြင့် နေရသည်။ ဗီဆူကာရတီ တွင် ၂ နှစ်ခန့် ဆက်နေသည်။ ထိုတက္ကသိုလ်တွင် ဟိန္ဒီဘာသာ၊ အင်္ဂလိပ်ဘာသာ၊ တိဗက်ဘာသာ၊ ပြာကရစ် ဘာသာများကို ဆက်လက် လေ့လာသည်။ ဟိန္ဒူ စာရေး ဆရာကြီး ရာဟုလာသံကိစ္စည်း ထံတွင် အယူအဆ နည်းနာ နိဿယများ လေ့လာ မှတ်သားခဲ့သည်။ တိဘက်၊​ ဘင်္ဂါလီ၊ ဟိန္ဒီ၊ ပါဠိ၊ သက္ကတ၊ မွန်၊ အူရဒူ၊ အင်္ဂလိပ်စာ စသဖြင့် ဘာသာ (၁၀) မျိုးခန့် တတ်ကျွမ်းခဲ့သည်။ [၂]


ထို့နောက် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိပြီး ၁၉၅၁ ခုနှစ်တွင် လူဝတ် လဲခဲ့သည်။ ပထမဆုံး ဘာသာပြန်စာအုပ်အဖြစ် ရာဟုလာသံကိစ္စည်း ၏ ဗော်လဂါ ဆေ ဂင်္ဂါ ကို ဗော်လဂါ မှ ဂင်္ဂါသို့ အမည်ဖြင့် ဘာသာပြန်ခဲ့သည်။ ဒုတိယ ဘာသာပြန်စာအုပ်သည် ရာဟုလာသံကိစ္စည်း၏ ဗုဒ္ဓဒဿန ကို ဘာသာပြန်ထားသော 'ဗုဒ္ဓအမြင်' စာအုပ်ဖြစ်သည်။[၂] လူထု ဂျာနယ်၌ အယ်ဒီတာ အဖြစ် နှစ်နှစ်ခန့် လုပ်ကိုင်၍ ထိုဂျာနယ်တွင် နိုင်ငံရေး ဆိုင်ရာ ဆောင်းပါးများကို ရေးသားခဲ့သည်။

၁၉၅၃ ခုနှစ်တွင် ဒေါ်မမကြီးနှင့် လက်ထပ်ခဲ့သည်။ ထို့နောက် မန္တလေး တက္ကသိုလ် မြန်မာစာ ဌာန၌ နည်းပြဆရာ အဖြစ် စတင် အမှုထမ်း ခဲ့သည်။ ထိုအချိန်တွင် ဆန်းထွန်း (မန်းတက္ကသိုလ်) ကလောင် အမည်နှင့် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ကဗျာ၊ ဆောင်းပါးများကို ရေးသားခဲ့သည်။

၁၉၅၇ ခုနှစ်တွင် မြန်မာစာ လက်ထောက် ကထိက ဖြစ်လာခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် မန္တလေး တက္ကသိုလ်၊ မြန်မာစာ ဌာန လက်ထောက် ကထိက အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။

၁၉၅၈ ခုနှစ်တွင် ကဝိလက္ခဏဝိသောဓနီ ကို ပြုစုရေးသားခဲ့သည်။ ထို့နောက် ရှေ့သို့ ဝတ္တုတိုများကို ပုဂံစာအုပ်တိုက်ကလည်းကောင်း၊ စာပေဘဏ် ကို မေမြို့မိုးကြည် က လည်းကောင်းထုတ်ဝေခဲ့သည်။[၂]

၁၉၈၃ ခုနှစ်တွင် မြန်မာစာ အဖွဲ့၌ အချိန်ပြည့် အဖွဲ့ဝင် ဖြစ်ခဲ့ပြီး ကွယ်လွန်ချိန်ထိ ထိုတာဝန်ကို ထမ်းဆောင်ခဲ့သည်။

ဆရာ ဦးဆန်းထွန်း၏ ပထမဆုံး လုံးချင်း စာအုပ်မှာ "နွားနှင့်စပါး" ဖြစ်ပြီး ၁၉၄၇ ခုနှစ်တွင် ရဟန်းဘွဲ့ဖြင့် ရေးသားထုတ်ဝေခဲ့သည်။ ဆရာ ဦးဆန်းထွန်းသည် လက်ရှိ ထုတ်ဝေလျက် ရှိသော မဂ္ဂဇင်း၊ ဂျာနယ် စာစောင် ၃ဝ ခန့်တွင် ဆောင်ပါးအပုဒ်ပေါင်း များစွာကို လစဉ် ရေးသားခဲ့သည်။ ထို့ပြင် လုံမလေး မဂ္ဂဇင်းတွင် သူ့ဘဝ သူ့အကြောင်းကဏ္ဍ ဖွင့်၍ ပင်ကိုရေးအတ္ထုပ္ပတ္တိကို လစဉ်အခန်းဆက် ရေးသားခဲ့ရာ ကွယ်လွန်ချိန်ထိ ဖြစ်သည်။ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတွင်လည်း တနင်္ဂနွေနေ့တိုင်း ပါရှိသော ယဉ်ကျေးမှုအနုပညာကဏ္ဍ၌ မြန်မာစာပေ ဆိုင်ရာ ဆောင်းပါးများကို ကွယ်လွန်ချိန်ထိ ရေးသားခဲ့သည်။

မြန်မာစာပေနှင့် ယဉ်ကျေးမှု ဆိုင်ရာ ဆောင်းပါးများကို အများဆုံး ရေးသားခဲ့သော စာရေး ဆရာကြီး ဦးဆန်းထွန်းသည် ၁၉၈၉ ခုနှစ်၊ ဇွန်လ ၂ဝ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်မမကြီးနှင့် သားသမီး ၉ ယောက်၊ မြေး ၄ ယောက် ကျန်ရစ်သည်။

ကလောင်အမည်ကွဲများ[၂] ပြင်ဆင်ရန်

၁။ ကာဝိယဝါစီအရှင်ဉာဏိဿရ

၂။ ကျုံကဒူးသား

၃။ ဆန်းထွန်း (မန်းတက္ကသိုလ်)

၄။ ဦးဆန်းထွန်း

၅။ အရှင်ဉာဏိဿရ

ရေးသား ထုတ်ဝေ ခဲ့ပြီးသော စာအုပ်များ ပြင်ဆင်ရန်

စဉ် အမည် ထုတ်ဝေနှစ် မှတ်ချက်
နွားနှင့် စပါး ၁၉၄၇
ဗုဒ္ဓအမြင် ၁၉၆၄
ဉာဏိဿရနီတိ ၁၉၆၄
သီရိမင်္ဂလာ စာတမ်း ၁၉၆၄
ကဝိလက္ခဏာ သတ်ပုံ၊ ဒီပနီ … ဝိသောဓနီ ၁၉၆၄
သီပေါမင်း လက်ထက် ယဉ်ကျေးမှု တခု ၁၉၆၄
တတိယမျက်လုံး ၁၉၆၆
စာပေဘဏ် ၁၉၆၈
ရှေ့သို့ ၁၉၆၈
၁၀ ဗော်လ်ဂါမှ ဂင်္ဂါသို့ ၁၉၇၇
၁၁ ရှေ့သို့ အတွေးအမြင် စာစုများ ၁၉၉၂

[၃]

ပါဝင်ရေးသားခဲ့သည့် စာနယ်ဇင်းများ[၂] ပြင်ဆင်ရန်

၁။ ကလျာမဂ္ဂဇင်း

၂။ ကမ္ဘာ့ယဉ်ကျေးမှု စာစောင်

၃။ ကြီးပွားရေး မဂ္ဂဇင်း

၄။ ချယ်ရီ မဂ္ဂဇင်း

၅။ ဂျာနယ်ကျော်

၆။ ငဝန်ဧရာ မဂ္ဂဇင်း

၇။ ငွေတာရီ မဂ္ဂဇင်း

၈။ စာအမြုတေ

၉။ ဇောတိသဝေဒ မဂ္ဂဇင်း

၁၀။ ဉာဏ်လင်းဓမ္မစာပဒေသာ

၁၁။ တက္ကသိုလ်ပညာပဒေသာ စာစောင်

၁၂။ တောင်ကြီးဒေသကောလိပ် နှစ်လည်မဂ္ဂဇင်း

၁၃။ ဒဂုန် မဂ္ဂဇင်း

၁၄။ ဓမ္မဗျူဟာ

၁၅။ ဓမ္မသဘင်

၁၆။ နက္ခတ္တရောင်ခြည်

၁၇။ ပေဖူးလွှာ မဂ္ဂဇင်း

၁၈။ ပန် မဂ္ဂဇင်း

၁၉။ ပြည်ထောင်စု ယဉ်ကျေးမှုစာစောင်

၂၀။ မဟေသီ မဂ္ဂဇင်း

၂၁။ မန္တလေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း

၂၂။ မန်းရာပြည့် မဂ္ဂဇင်း

၂၃။ မြတမာ မဂ္ဂဇင်း

၂၄။ မြဝတီ မဂ္ဂဇင်း

၂၅။ မြတ်မင်္ဂလာ

၂၆။ မြတ်ရတနာ

၂၇။ မန္တလာ မဂ္ဂဇင်း

၂၈။ ရတနာမွန် မဂ္ဂဇင်း

၂၉။ ရောင်ခြည်သစ် ဂျာနယ်

၃၀။ ရှမဝ မဂ္ဂဇင်း

၃၁။ လူထု ဂျာနယ်

၃၂။ လင်းယုန် ဂျာနယ်

၃၃။ လုံမလေး မဂ္ဂဇင်း

၃၄။ သခင်ကိုယ်တော်မှိုင်း ရာပြည့်မဂ္ဂဇင်း - ၂

၃၅။ သစ္စာရောင်ခြည် မဂ္ဂဇင်း

၃၆။ အတွေးအမြင်

၃၇။ အလင်းရောင် မဂ္ဂဇင်း

၃၈။ အင်းတော် မဂ္ဂဇင်း

ကိုးကား ပြင်ဆင်ရန်

  1. "သူ့ဘဝအကြောင်း တစေ့တစောင်း ဆန်းထွန်း (မန်းတက္ကသိုလ်)" (22 February 2017). 7 Day News. [လင့်ခ်သေ]
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ဆရာကြီးဦးဆန်းထွန်း (မန်းတက္ကသိုလ်) နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ဂုဏ်ပြုစာစောင်။
  3. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၆ နိုဝင်ဘာမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း (ဒုတိယတွဲ)'