ဆဗ္ဗဿသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်၏။[၁]

ပထမပညတ်သိက္ခာပုဒ်သမိုင်း ပြင်ဆင်ရန်

မြတ်စွာဘုရားသည် သာဝတ္ထိုမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၏။ ထိုအချိန်တွင် ရဟန်းတို့သည် နှစ်စဉ်နှစ်တိုင်း အခင်းတို့ကို ပြုလုပ်၏။ အခင်းအတွက် လိုအပ်သော သိုးမွေးတို့ကို အတောင်းအရမ်း များကုန်၏။ ထိုအခါ လူတို့သည် အတောင်းအရမ်းများသဖြင့် ကဲ့ရဲ့ကြကုန်၏။ ထိုသို့ ကဲ့ရဲ့ကြသည်ကို ရဟန်းတို့သည် ကြားကုန်၏။

ထိုအခါ အလိုနည်းသော ရဟန်းတို့သည် “အဘယ်ကြောင့် နှစ်စဉ် အခင်းတို့ကို ပြုလုပ်ကြဘိသနည်း” ဟု ကဲ့ရဲ့ကြ၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။ ထိုအခါ မြတ်စွာဘုရားသည် “ဟုတ်မှန်ပါသလား” ဟု မေးမြန်း၏။ ရဟန်းတို့လည်း “ဟုတ်မှန်ကြောင်း” ဝန်ခံ၏။

ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[၁]

ပထမပညတ်သိက္ခာပုဒ် ပြင်ဆင်ရန်

“ရဟန်းသည် အခင်းသစ်ကို ပြုပြီးနောက် ခြောက်နှစ်တို့ပတ်လုံး ဆောင်ရမည်။ အကယ်၍ ခြောက်နှစ်အတွင်း ထိုအခင်းကို စွန့်၍သော်လည်းကောင်း၊ မစွန့်ဘဲသော်လည်းကောင်း အခြားအခင်းအသစ်ကို ပြုစေငြားအံ့ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[၁]

ဒုတိယအနုပညတ်သိက္ခာပုဒ်သမိုင်း ပြင်ဆင်ရန်

မြတ်စွာဘုရားသည် အထက်ပါအတိုင်း သိက္ခာပုဒ်ကို ပညတ်တော်မူပြီးချိန် ဖြစ်၏။ ထိုအချိန်၌ ကောသမ္ဗီမြို့နေ ရဟန်းတစ်ပါးသည် နာမကျန်း ဖြစ်၏။ ထို့ကြောင့် ဆွေမျိုးတို့သည် အလုပ်အကျွေးပြုရန် “လာတော်မူပါ” ဟု တမန်လွှတ်၍ ဆို၏။ မြတ်စွာဘုရားသည် “အခင်းသစ်ကို ပြုလုပ်ပြီး ခြောက်နှစ်တို့ပတ်လုံး သုံးဆောင်ရမည်” ဟု သိက္ခာပုဒ်ပညတ်ထာ၏။ ရဟန်းသည် နာမကျန်းသဖြင့် အခင်းကို ဆောင်ယူသွားရန် မစွမ်းနိုင် ဖြစ်နေ၏။ ထိုအကြောင်းကို ရဟန်းတို့သည် မြတ်စွာဘုရားအား လျှောက်ထားကြ၏။

ထိုအခါ မြတ်စွာဘုရားသည် နာမကျန်းသော ရဟန်းအား အခင်းဆိုင်ရာ သမုတ်ခြင်း ‘သန္ထတသမ္မုတိ’ ကို ပေးရန် ခွင့်ပြုတော်မူ၏။ မြတ်စွာဘုရားသည် သမ္မုတိပေးပုံကို ဟောကြားတော်မူကာ သိက္ခာပုဒ်ကို အောက်ပါအတိုင်း ပြရန် မိန့်တော်မူ၏။[၁]

ဒုတိယအနုပညတ်သိက္ခာပုဒ် ပြင်ဆင်ရန်

“ရဟန်းသည် အခင်းအသစ်ကို ပြုစေ၍ ခြောက်နှစ်တို့ပတ်လုံး ဆောင်ရမည်၊ အကယ်၍ ခြောက်နှစ်အတွင်း ထိုအခင်းကို စွန့်၍သော်လည်းကောင်း၊ မစွန့်ဘဲသော်လည်းကောင်း ရဟန်းတို့၏ သမ္မုတိကို မရဘဲ အခြားအခင်းအသစ်ကို ပြုစေငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[၁]

သမ္မုတိပေးခြင်း ပြင်ဆင်ရန်

နာမကျန်းသော ရဟန်းသည် သံဃာသို့ ချဉ်းကပ်၍ လက်ဝဲဘက်ပခုံးထက်တွင် ဧကသီကို စံပယ်တင်ထားရမည်။ ကြီးသောရဟန်းတို့ကို ရှိခိုးဆောင့်ကြောင့်ထိုင်ကာ “မကျန်းမာသည့်အတွက် အခင်းဆိုင်ရာ သမုတ်ခြင်း ‘သန္ထတသမ္မုတိ’ ကို တောင်းပါသည်” ဟု ဆိုရမည်။ ထိုသို့ နှစ်ကြိမ်၊ သုံးကြိမ် တိုင်အောင် ဆိုကာ သံဃာအား သိစေ၏။

ထို့နောက် ရဟန်းတစ်ပါးသည် “ဤမည်သော မကျန်းမာသည့်ရဟန်းအား သန္ထတသမ္မုတိပေးခြင်းကို နှစ်သက်ပါက ဆိတ်ဆိတ်နေရာ၏။ မနှစ်သက်ပါက ပြောဆိုပါ” ဟု ဆိုရသည်။ ထိုအခါ သံဃာသည် ဆိတ်ဆိတ်နေပါက နှစ်သက်သဖြင့် ထိုမကျန်းမာသော ရဟန်းသည် သန္ထတသမ္မုတိကို ရ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်