ရက်ကန်းလုပ်ငန်း ပြုပြင်ပြောင်းလဲလာရန် ပထမဖန်တီးသူ သုံးဦးစလုံးပင် အင်္ဂလန်ပြည် လန်ကရှိုင်ယာနယ်မှ ဖြစ်ကြသည်။ ပထမဆုံးဖန်တီးသူ ဟားဂရီးသည် 'စပင်းနင်းဂျင်နီ'ခေါ် ဗိုင်းငင်စက်ကို ထွင်ခဲ့၍၊ ဒုတိယဖန်တီးသူ အတ်ကရိုက်က စပင်းနင်းဂျင်နီထက် ကောင်းမွန်သော ဗိုင်းငင့်စက်သစ် တစ်ခုကို ထွင်ခဲ့သည်။ ဟားဂရီး၏စက်ထက် အတ်ကရိုက်၏စက်က ချည်မျှင်ပေါင်းများစွာ ထွက်စေနိုင်သည့်ပြင်၊ မာ၍ချောသောချည်မျှင်များကို ငင်နိုင်သည်။ 'အကြံတူလျှင် နောက်လူသာစမြဲ'ဟူသောစကားအတိုင်း ကရွမ်တန်သည် အထက်ပါ စက်နှစ်မျိုးတို့၏ ချွတ်ယွင်းချက်များကို ပြုပြင်ဖြည့်စွက်၍ ဗိုင်းငင့်စက်သစ်တစ်ခုကို ထမြောက်အောင်မြင်စွာ ပြုလုပ်ခဲ့လေသည်။ ယခုခေတ်တွင် အသုံးပြုနေသော စက်များမှာ၊ ကရွမ်တန်၏စက်ကို အနည်းငယ်ထပ်လောင်း၍ ပြုပြင်ထားခြင်းမျှသာ ဖြစ်ပေသည်။

ဆမ်မျူယယ်ကရွမ်တန်သည် ၁၇၅၃ ခု ဒီဇင်ဘာလ ၃ ရက်နေ့တွင် လန်ကရှိုင်ယာနယ် ဖားဝုရွာကလေးတွင် ဖွားမြင်သည်။ မိဘနှစ်ပါး ဆင်းရဲနွမ်းပါးသဖြင့် ကရွမ်တန်သည် ကလေးဘဝကပင် ခြည်ငင်စက်ရုံတစ်ရုံ၌ အလုပ်လုပ်ကိုင်ခဲ့ရသည်။ အသက် ၁၆ နှစ်အရွယ်တွင် ဖခင်ဖြစ်သူ ကွယ်လွန်သွားရာ၊ မိသားစု၏ တာဝန်ကို ထမ်းဆောင်ရရှာသည်။

ကရွန်တန်သည် ဤမျှကြီးလေးသော အိမ်ထောင်မှု တာဝန်များကို ထမ်းဆောင်နေစဉ်၊ ငွေဝင်လမ်းရှိစေရန် ဗိုင်းငင့်စက်ရုံတွင် နေ့စဉ် အလုပ်ဆင်းရလေသည်။ အလုပ်လုပ်ရာတွင် စိတ်အာရုံ စွဲမြဲစူးစိုက်သူ ဖြစ်သဖြင့်၊ ဟားဂရီးနှင့် အတ်ကရိုက်တို့ ထွင်ခဲ့သော ဗိုင်းငင့်စက်တို့၏ ချွတ်ယွင်းချက်များကို တွေ့မြင်သည်။ သို့အတွက် ပို၍ကောင်းသောအထည်ချောများ ရက်လုပ်နိုင်ရန်အတွက် ချည်ငင်စက်သစ်တစ်ခုကို ကြံစည်လေသည်။


နေ့ခင်းအချိန်တွင် အလုပ်လုပ်ရသော လုပ်ခသည် သူ၏ အိမ်ထောင်အတွက် မလုံလောက်သဖြင့်၊ ကျန်အချိန်တွင် ကပွဲရုံတစ်ရုံ၌ တရောထိုးကာ အပိုဝင်ငွေကို ရှာခဲ့ရ၍ အားလပ်ချိန် တွင် ချည်ငင်စက်အသစ် ပြုလုပ်ရေးကို ကြံစည်လေသည်။ ကရွမ်တန်သည် ၆ နှစ်မျှ မနားမနေ ကြိုးပမ်းအားထုတ်ပြုလုပ်ခဲ့ရာ ၁၇၇၉ ခုနှစ်လောက်တွင် ချည်ငင်စက်သစ်တစ်ခုကို ပြုလုပ်ပြီးစီးလေသည်။ ကရွမ်တန်၏ စက်သစ်ဖြင့် ငင်သောချည်မျှင်များသည် ယခုခေတ်တွင် ပေါ်ထွက်နေသော ပိတ်ချောများပင် ရက်လုပ်နိုင်စွမ်းရှိသည်။ အမှန်အားဖြင့်ဆိုသော် ကရွမ်တန်၏စက်သည် ဟားဂရီး၏စက်နှင့် အတ်ကရိုက်၏စက်နှစ်ခုကို ပူးပေါင်းပြုပြင်၍ လုပ်ကိုင်ထားခြင်းပင် ဖြစ်၏။ ကရွမ်တန်သည် သူ၏စက်ကို 'စပင်နင်းမျူး' ဟု အမည်ပေးလေသည်။


ဗိုင်းငင့်စက်သစ် စပင်းနင်းမျူးကို ၁၈ ရာစုနှစ်က ထွင်ခဲ့သော်လည်း၊ ယခု ၂ဝရာစုနှစ်အထိပင်လျှင် ဤစက်မျိုးကို အသုံးပြုနေကြသေးသည်။ တိုးတက်ပြုပြင်ချက်များကို အနည်းငယ်မျှသာ ပြုလုပ်နိုင်ခဲ့ကြသည်။ သို့ရာတွင် ဤမျှ အရေးပါ အသုံးဝင်၍ အဖိုးတန်သောစက်ကို ဖန်တီးခဲ့သူ ကရွမ်တန်ကား အကျိုးပေး နုံချာလှ၏။ ငွေကြေးကျပ်တည်းလှသဖြင့် သူ့စက်၏လျှို့ဝှက်ချက်ကို ရောင်းချရာတွင် ပေါင် ၆ဝ မျှသာ ရရှိသည်။ ၁၈ဝဝ ပြည့်နှစ်တွင် ကရွမ်တန်အတွက် ရန်ပုံငွေ ဖွင့်လှစ်ခဲ့ရာ ပေါင် ၅ဝဝ ခန့်ရရှိ၏။ သို့သော် ကရွမ်တန်ကား ငွေကျပ်တည်းမြဲ ရှိနေခြင်းကြောင့် သူ့အတွက် ရှေ့လုပ်ငန်း များတွင် နှောင့်နှေးခဲ့လေသည်။


၁၈၁၂ ခုနှစ်တွင် ဗြိတိသျှပါလီမန်က ကရွမ်တန်အား ပေါင် ၅ဝဝဝ ထုတ်ပေးပြီးလျှင် ဗိုင်းငင့်စက်ကို တိုးတက်ကောင်းမွန်အောင် ကြံဆောင် လုပ်ကိုင်စေသည်။ ထိုငွေမှာလည်း အလုပ်တွင် ဝင်သွားသဖြင့် ဆုံးပါးသွားလေသည်။ ၁၈၂၄ ခုနှစ်မှစ၍ သူ၏မိတ်ဆွေများက နှစ်စဉ် ၆၃ ပေါင်ကျ ထောက်ပံ့ခဲ့ကြသည်။ သို့သော် ထိုထောက်ပံ့ကြေးများကို ကြာမြင့်စွာ မခံစားရဘဲ၊ ၁၈၂၇ ခုဇွန်လ ၂၆ ရက်နေ့တွင်ဗိုလတန်မြို့၌ သေဆုံးသွားလေသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)