နု၊ ဦး ဆရာကြီး

(ဆရာကြီးဦးနု မှ ပြန်ညွှန်းထားသည်)

ဆရာကြီးဦးနုသည် မြန်မာနိုင်ငံတော်ကို တတိယအကြိမ်တည်ထောင်တော်မူခဲ့သော အလောင်းမင်းတရားကြီး၏ သားတော်ကြီး အိမ်ရှေ့ဥပရာဇာသည် ဖခမည်းတော်၏ ရွှေနန်းစည်းစိမ်ကို ဆက်ခံစိုးစံစဉ် မြန်မာသက္ကရာဇ် ၁၁၄၂-ခုတွင် ရတနာသိင်္ဃမင်းနေပြည်တော်ကြီးတွင် ဖွားမြင်ခဲ့သည်။ ဆရာကြီးဦးနု၏ မွေးသက္ကရာဇ်ကို မည်ကဲ့သို့ သိရှိရသနည်းဟူမူ ဆရာကြီးဦးနု ပြုစုရေးသားခဲ့သော သုံးခဏ်းကျမ်းအပြီးတွင် ကျမ်းပြီးသက္ကရာဇ် ၁၁၅၆-ခုဟူ၍ ပြဆိုထားပေသည် ဆရာကြီး ဦးနု မိမိအသက် ၃၂- နှစ်ရှိသောအခါ သုံးခဏ်းကျမ်း ပြုစုကြောင်း သုံးခဏ်းအစ စာမျက်နှာတွင် ရေးသားထားလေသည် ထိုကြောင့် ကျမ်းပြီးသက္ကရာဇ် နှင့်တွက်စစ်သည်ရှိသော် ဆရာကြီး၏ မွေးသက္ကရာဇ်ကိုရရှိပေသည် ဟစ်ဂျရီသက္ကရာဇ်အားဖြင့် ၁၁၇၈ ခုဖွားဖြစ်ပေသည်။ ဆရာကြီးဦးနု၏ ငယ်နာမည်ကား မုဟမ္မဒ်ကာစင်မ် ဟူ၏ ဆရာကြီးသည်ကျမ်းပြုတိုင်း ကျမ်းပြုသူ၏ အမည်နာမကို အထူးသိစေရန် စကားဝှက်များဖြင့်ရေးသားလေ့ရှိ၏ သုံးဆယ့် ငါးခဏ်းကျမ်းအဆုံးတွင် ရေးသားထားသည်မှာ စာပြုသူမှာခြောက်စစွာ၊ မ-မှာ ဆွဲအစ်လျှင်၊ င-ကိုသတ္ထိဆွဲပြီးမှ၊န-မှာလေးအောက်တွင်၊သည်တွင် နာမ၊ပုံသေကျ၊တွေးယူပေရှင်၊ဟူ၍၎င်းခြောက်ခဏ်း ကျမ်းအဆုံးတွင်လည်း ရေးသားသည်မှာ ဤစာပြုသူ၊ လွယ်တကူ၊ တွေးယူသိစရာ၊ သဝေအစ၊ မ-ကိုချ၊င-တွင်အစုံပါ၊ နကိုအချောင်းငင်၍ပေါင်း၊ စာကောင်းပြုဆရာ ဟူ၍၎င်းင်း ပညတ်ခွဲတန်း ဆယ်ခြောက်ပိုဒ် ကျမ်းအဆုံးတွင်လည်း ကျွန်နာမကား၊ အစခြောက်တည်၊ ရေးသည်-မမှာ၊ အစ်ဆွဲကာပင်၊ င-တွင်သတ်တ၊ ဆွဲမှတသွယ်၊ နငယ်ကိုမှာ၊လေးဆွဲပါလော့သည်ကားနာမ၊ ပုံသေကြ၏။ ဟူ၍ အသီးသီး တွေ့ရှိရပေသည်။ ဆရာကြီးဦးနု၏ ဘိုးဘွား မိဘတို့သည် အင်းဝဇာတိဖြစ်ပေသည် ထိုကြောင့်ဆရာကြီး ဦးနုသည် မြန်မာမွတ်စလင်မ်အဆက်အနွယ်လေးရပ်ဖြစ်သော အင်းဝဆက်၊ သုံးထောင့်ငါးရာဆက်၊ ရခိုင်ဆက်၊ ကသည်းဆက်ဟူ၍ရှိရာ ဆရာကြီးဦးနု၏အဆက် အနွယ်သည် အင်းဝဆက်ဖြစ်ပေသည်။ သက်သေသာဓက အထောက်အထားကို ပြဆိုရလျှင် ဆရာကြီးဦးနုပြုစုသော ဆယ့်ငါးခဏ်းကျမ်း နိဂုံးတွင် မိမိ၏အဆက်အနွယ်ကိုစာရှုသူတို့ သိစေရန်ရေးသားထားသည် လျှောက်ဟံဆိုဘွယ်၊ အကြောင်းဝယ်ကား၊မွေးမယ်မိဘ၊ဘိုးဘေးစသည်အင်းဝဇာတိ၊ ဖြစ်ဘိမှန်စွာ ကွန်ုပ်မှာကား၊ ရတနာ သိင်္ဃ၊ ပြည်မကုန်းဘောင်၊ တည်ထောင်သာသနာ၊ ထွန်းသောခါဝယ်၊ ရာဇာဋ္ဌါနီ ဖြစ်ပြီးမှန်ငြား၊ ရွှေဘိုသားရှင့်၊... ထို့ကြောင့် ဆရာကြီး ဦးနုသည်အဆက်အနွယ်အားဖြင့် အင်းဝဆက်ကဖြစ်၍ ဇာတိအားဖြင့် ရတနာသိင်္ဃ၊ ရွှေဘိုမြို့ပေတည်း။ ဆရာကြီးဦးနု၏ မိဘတို့သည် မြန်မာသက္ကရာဇ် ၁၁၁၃ - ခုနှစ်တွင် ဟံသာဝတီ မွန်ဘုရင်က အဝမြို့တော်ကြီးကိုတိုက်ခိုက်ရာ အဝမြို့တော်ကြီး ပျက်သည်တွင် ဦးအောင်ဇေယျသည် မုဆိုးဖို အရပ်မှ ခြားနား၍ တထီးတနန်း တည်ထောင်ရာတွင် မြန်မာတို့သည် ဦးအောင်ဇေယျ ၏ဘုန်းတော်ရိပ်ကို ခိုလှုံရန်ဝင်လာကြလေသည်၊ ထိုသို့ ဝင်လာသူများ အထဲတွင် ဆရာကြီး ဦးနု၏ မိဘတို့သည်လည်း အင်းဝပျက်၍ ပြည်ရွှေဘိုသို့ တိမ်းရှောင်ကြပေလိမ့်မည်။ ထိုကြောင့်ဆရာကြီးဦးနုသည်အလောင်းမင်းတရားကြီးဦးအောင်ဇေယျ နတ်ရွာစံပြီးနောက် နှစ်နှစ်မြောက်တွင် ရွှေဘိုမြို့တော်တွင် မွေးဘွားရခြင်းဖြစ်တန်ရာသည်။

ဆရာကြီးဦးနု၏နောင်တပြင်ဆင်

ဆရာကြီးဦးနု ပြုစုသော သုံးခဏ်းကျမ်းစာမျက်နှာ (၂၆၉) တွင်ရေးသားထားသည်မှာ အသက် လေးငါးနှစ်အရွယ်ကျောက်ပေါက်သဖြင့် အရက်ကို ဆေးဖြင့်သုံးဘူးသည်ကို အသက် ၃၂ နှစ်တွင် ပြုစုသော သုံးခဏ်းကျမ်းကို ပြုစုစဉ် သတိရသဖြင့် ပူမိကြောင်း ရေးသားထားပေသည်။ထိုအချိန်ကစ၍ မထိပါ ဟူ၍မိမိ၏ အကျင့်သီလကို ဖော်ပြထားသည် ဆရာကြီးဦးနုသည် ခြောက်ခဏ်းကျမ်း စာမျက်နှာ ၂၂ဝ တွင်မိမိသည် ဆယ့်သုံးနှစ်သားကပင် အရွယ်သို့ရောက်သည် ဆယ်ကိုးနှစ်မှစ၍နမာဇ် ဝတ်ပြုမှုကိုပြုရခြင်းကြောင့် ခြောက်နှစ်အတွက် ကသွာ မိမိအပေါ်တွင် တင်ရှိနေခြင်းကြောင့် ပူပန်သောကရှိကြောင်းကိုသုံးခဏ်းကျမ်း အစတွင်ရေးသားသည်မှာ ထိုခြောက်နှစ်ကို ရက်ပေါင်း နှစ်ထောင့်တရာခြောက်ဆယ် ရှိသည်။ ဖွရတ်သွ နမာဇ်ပေါင်း သုံးသောင်းခြောက်ထောင်ခုနှစ်ရာနှစ်ဆယ်သော ရက်အတွက် လစ်ဟင်းလေသည်။ဟူ၍ ထိုကသွာများအတွက် ထောက်ရှုတိုင်း ပူပန်သောကရှိကဲ့သည် ဟူ၍ ဆရာကြီးသည် ငြီးငြူထားပေသည်။

ဆရာကြီးဦးနု၏ဆရာပြင်ဆင်

ဆရာကြီးဦးနု၏ ဆရာကား အီဂျစ်ပြည်သားဖြစ်၍ ကိုယ်တော်မြတ် မုဟမ္မဒ်သခင်ချမ်းမြေ့ သာယာခြင်း အပေါင်းကိုယ်တော့် အပေါ် သက်ရောက် ပါစေသတည်း၏သာကီဝင် စိုင်ယစ်ဒ် အနွယ်တော်လည်းဖြစ်ပေသည် အမည်ကား စိုင်ယစ်ဒ်မုဟမ္မဒ်ဖြစ်လေသည် မိမိဆရာ၏ ဂုဏ်ကိုအထူးသိစေရန် သုံးခဏ်းကျမ်းဦးအစတွင် ရေးသားထားသည်မှာ ဖန်ဆင်း မွေးမြူတော်မူသော ကျေးဇူးတော်မြတ်ကို ထောက်ထားသဖြင့် တရားတော်နှင့်အညီကျင့်ဆောင်ဆောက်တည်ကောင်းလျက် မပြုမိုက်များမေ့လျော့၍ ခြောက်နှစ်ကျော် ခုနှစ်နှစ် ခန့်နေချေသည် အသက်တဆယ့်ကိုးနှစ် ရောက်သောကာလ ရာဇဋ္ဌာနီရှာမ် အမည်ရှိသောပြည်က ငါတို့သခင် မုဟမ္မဒ် အနွယ်တော်ဖြစ်သော စိုင်ယစ်ဒ် မုဟမ္မဒ် ရန်ကုန်မြို့သို့ ဆိုက်ရောက်သည်တွင် ထံတော်နီးစပ် ချဉ်းကပ်သည်နှင့်။တဆယ့်ကိုးနှစ်အရွယ်က တွာအပ်ဗန္ဒဂီကို။ အစဉ် အစဉ် အတိုင်းမပြတ် မပျက်စေရ။ ဝိရိယနှင့်တကွကျင့်ဆောင်၍ ယခုငါ့အသက်သုံးဆယ့်နှစ်နှစ်ရှိပြီ။ စိုင်ယစ်ဒ် သခင်ကိုမတွေ့ရမှီ မသိမမြင်မေ့လျော့ မိုက်မှားအလား တိရစ္ဆာန်ကဲ့သို့နေသည် အတွင်းအီဘ လစ္စညွှတ်ကွင်းတဏှာတွင်းသို့ တကြိမ်တခေါက် ရောက်မှားဘူးချေပြီ ဟူ၍ မိမိကိုယ်ကို သံဝေဂဖြစ်စေသည် ထိုအထက်ပါ စာပိုဒ်တွင် ဆရာကြီး ဦးနုသည် အသက်ဆယ်ကိုးနှစ်တွင် ရန်ကုန်မြို့ကို ရောက်ဘူးကြောင်းကိုတွေ့ရသည်။ အလောင်းမင်းတရားကြီး၏ စတုတ္ထသားတော်ဖြစ်သော ဘိုးတော်မင်းတရားကြီးသည်မြန်မာ သက္ကရာဇ် ၁၁၄၄- ခုနှစ်တွင် အမရပူရမြို့တော်သစ်ကို တည်ထောင်တော်မူ၍ သက္ကရာဇ်-၁၁၄၅ နှစ်တွင် အင်းဝမြို့မှ ပြောင်းရွှေ့၍ စံတော်မူသည်။ထိုအခါ တိုင်းသူပြည်သားအပေါင်းတို့သည် မင်းနေပြည်တော်သို့ ပြောင်းရွှေ့ကြလေသည်။ ဆရာကြီး ဦးနုသည်လည်း အမရပူရ လင်းဇင်းကုန်းဒေသတွင် ပြောင်းရွှေ့နေထိုင်သည်။ ထိုသို့နေထိုင်စဉ် စာပေကျမ်းဂန်များကို ပြုစုလေသည်။

ကဲ့ရဲ့ခြင်းနှင့်ချီးမွမ်းခြင်းပြင်ဆင်

ဆရာကြီးဦးနုသည် အသက် နှစ်ဆယ်ကိုးနှစ်သားအရွယ်ကစ၍ ကျမ်းစာများကို စတင်၍ရေးသားသည်။ ထိုသို့ပြုစုသောအခါ အာရဗီစာကို မြန်မာဘာသာသို့ ပြန်ရပါမည်လောဟူ၍ ဆရာကြီးအား အချို့သော ဉာဏ်နည်းသူတို့က ကဲ့ရဲ့ကြလေသည်။ဆရာကြီးဦးနုသည် မိမိအား ကျမ်းဂန်များ ပြုစုသဖြင့် ကဲ့ရဲ့ခြင်းခံရကြောင်းကို သိစေရန် ခြောက်ခဏ်း ကျမ်းစာမျက်နှာ(၂၀၅) တွင် ရေးသားသည်မှာ သက်မှာနှစ်ဆယ် ကိုးနှစ်ရွယ်က မကျယ်မဝန်း။ဆဲ့တခဏ်းဖြင့်၊ရွှင်လမ်းတခါ။ သုံးဆယ်သာ ၍။ စမ္မာစွန်းလစ်။ ထိုသည့်နှစ်လည်း။အစ်နှင့်ဒွေးရော။သုံးခဏ်းဟောရှင့်။ ချောမောမှတ်ရာ။ ပြုစုပါသည်။ ထိုခါသော်က လူ့ဗာလတို့။ သူများဘာသာ တို့ကျမ်းစာကို။ ပညာဆင့်။ မပြန်သင့်ဟု။ မရင့်ဝဏ်ယူ။ ကဲ့ရဲ့မူ၏ ဆရာကြီးဦးနု ပြုစုသော ကျမ်းဂန်များကို လူအပေါင်းတို့ ဖတ်ရှုရသဖြင့် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းကြောင်းကို သိလာသောအခါ ထိုအထက်ပါ ကဲ့ရဲ့သော သူများသည် ဆရာကြီးဦးနုအား တဖန်ချီးမွမ်းကြပြန်လေသည်။ထိုအကြောင်းကို ဆရာကြီးဦးနုက သိစေရန် ခြောက်ခဏ်းကျမ်းအစတွင် ရေးသားသည်မှာ လူ(ဂျာဟေလီ)။ နည်းမှီမှတ်သားပွားများကျင့်ဆောင်၊ နောင်ရေးကြောက်ကြသံဝေရမှ။ ကောင်းစွာတဘန်။ ချီးမွမ်းပြခဲ့ဟူ၍ တွေ့ရလေသည်။ ဆရာကြီးအား ကဲ့ရဲ့သောလူများ ရှိသလို ချီးမွမ်းသူများလည်း ရှိပေသည် ဆရာကြီးအား ကျမ်း ပြုရန်။ အတန်တန်တောင်းပန်သောသူတို့တွင် ထိုခေတ်အခါက အမရပူရနေပြည်တော်တွင် ခုံမင်းအရာဖြင့် အမှု့တော်ကို ထမ်းခဲ့သော ခုံမင်းမောင်ဥ ဖြစ်သည်။ခုံမင်းမောင်ဥ တောင်းပန်ကြောင်းကို ခြောက်ခဏ်းကျမ်းအစတွင် ဆရာကြီးရေးသားသည်မှာ အရ်ဗီဘာသာကို မြန်မာဘာသာ သို့ပြန်ဆိုပါမည်။ စိတ်၌ အကြံရှိသည်မှာ နှစ် လ များ လှပြီ။ ခုံမင်းမောင်ဥ တောင်းပန်သည်လည်း ရှစ်နှစ်ကျော်ရှိပြီ ထို့ အပြင် အရ်ဗိဘာသာနက်နဲစွာကို မြန်မာပြန်မည်။ စိတ်ကရည်လျက် ကြံစည်သည်မှာ ကြာတောင်းကြာခဲမှုမှာ တောင်လောက်။ပို၍မောက်ရှင့်။ မခေါက်မအား။ သို့ဖြစ်ငြားလည်း ရွယ်ကားမငယ် ငါးဆယ်ပြည့်ပြီ။ မသေမှီက ကြိုးလုလ္လ မှာ စိတ်ကကြံစည်ပြီးလိမ့်မည်ဟု ရသည်အကြောင်း အထူးမှတ်သားရန်ကား ဆရာကြီးဦးနု ခြောက်ခဏ်းပြုသောအခါ အသက်ငါးဆယ်ပြည့်နေလေပြီ။

ဆရာကြီးဦးနုနှင့် ကြွေးပြင်ဆင်

ဆရာကြီးဦးနုသည် သုံးဆယ့်ငါးခဏ်း ဝိနည်းကျမ်းတော်ကြီးကို ပြုစုနေစဉ် ဆရာကြီးဦးနုတွင် သူတပါးအား ပေးဆပ်ရန် ကြွေးငွေများတင်ရှိနေပေသည်။ ဆရာကြီးသည် ကြွေးငွေများကို ဆောလျှင်စွာဆပ်နိုင်လောက်အောင် ငွေမရှိသဖြင့် ဆရာကြီးသည် လူမြင်မခံဝံ့ဘဲ ဆယ်လတိုင်တိုင်တိမ်းရှောင်နေရပေသည်။ ထိုသို့တိမ်းရှောင်နေစဉ် သုံးဆယ့်ငါးခဏ်း ကျမ်းတော်ကြီးကို အပြီးတိုင် ပြုစုပြီးလျှင် ရရှိသော ကြေးငွေများကို ကြွေးရှင်များအား အသီးသီးပေးဆပ်နိုင်သောကြောင့် ဆရာကြီးဦးနုသည် ထိုသောအခါမှသာလျှင် ယခုရောနောင်ပါ သာယာတော့မည်ဟူ၍ သုံးဆယ့်ငါးခဏ်း နောက်ဆုံးတွင်ရေးသည်မှာမောင်နုတွင်မည်၊ ကျွန်ုပ်သည်ကား၊ မတည်ရပ်ပါ၊ ကြွေးများစွာကြောင့်၊ အိမ်မှာလျှင်မျှ၊ မနေရတည့်၊ ခေတ္တဟိုသည် တိမ်းရှောင်လည် ၍နေ့ရှည်လှစွာ၊ကြာတောင်းကြာခဲ့၊ ရက်မှာတဆယ်၊ ပြီးလောက်ဘွယ်ကို ကိုယ်ဝယ်သောက၊ ဤဒုက္ခကြောင့် ဆယ်လမြောက်ပင်၊နေ့ရက်မြင်ခဲ့။ မရွှင်ညှိုးပူ၊ စိတ်မဖြူလည်၊ လူဟူသမျှ၊ နိစ္စမရှိ၊ ရှုမိပြန်က၊ အစများလာ၊ မထားပေကောင်း၊ ပြီးကြောင်း ကြံစည်၊စိတ်ရည်မှတ်ခါ၊ ဤကျမ်းစာသည်၊ ဘက်ခါဝယ်တည့်သာတော့၏။

ဆရာကြီးသည် အမှားကိုဝန်ခံခြင်းပြင်ဆင်

ဆရာကြီးဦးနုသည် အသက်သုံးဆယ်နှစ်နှစ်တွင် ပြုစုသော သုံးခဏ်းကျမ်းစာမျက်နှာ ၃၆၉-တွင် ဆရာပညာရှိတို့က(ကသွာ) မထိုက်(ကသွာ)မပြုသင့်ဟု ဟောပြောကြသည်ကို အမှန်ထင်မှတ်၍ သုံးခဏ်းကျမ်းတွင် (ကသွာ) မပြုသင့်ဟူ၍ ရေးသားမိခဲ့လေသည်။ သက္ကရာဇ် ၁၁၇၁-ခုနှစ်တွင် ဘင်္ဂလားမြို့သို့ရောက်သောအခါ ထိုမြို့တွင်ဖွေကာမစအူဒီတွင်သော အလွန်ခိုင်မာသောဝိနည်းကျမ်းတော်ကြီးကို ဖတ်ရှုရာ ကသွာပြုရမည်ဟူ၍ တွေ့သဖြင့် အသက်လေးဆယ်ခုနှစ်နှစ်မှ မိမိအမှားကိုသိရှိရသဖြင့်အသက်ငါးဆယ်အရွယ်တွင် ပြုစုသော ခြောက်ခဏ်းကျမ်းတွင် မိမိအထက်က ရေးခဲ့ဘူးသော အမှားကို ဝန်ခံထားသည်မှာကျွန်ုပ်ဆယ်သုံးနှစ်က (ဗာလစ်ဂ) အရွယ်ရောက်သည် ဆယ်ကိုးနှစ်မှစ၍ (နမတ်ဇ)ကို ပြုရ၏။ခြောက်နှစ်တွက် ကသွာကို ဆရာပညာရှိတို့က ကသွာမထိုက် ကသွာမပြုသင့် ဟောပြောကြသည်ကို အမှန်ထင်၍ အသက်သုံးဆယ်နှစ်နှစ်တွင် ပြုစုသည့် သုံးခဏ်းနှင့် အခြားစာတစောင်မှာ ခြောက်နှစ်ပျက် (နမာဇ်)ကို ကသွာမပြုသင့်ဟု တရား တော်တွင် ရှိကြောင်း ရေးသားဖေါ်ပြမိခဲ့၏ ထိုမှားယွင်းမှုကြောင့် ဗျာပါဒုက္ခရှိကြောင်း စာသားဖြင့် ရေးသားလေသည်။ ထောင့်တရာခုနှစ်ဆယ့်တခုနှစ် ဘင်္ဂလားမြို့တွင် ဖွေကာမစအူဒီကျမ်းကိုကြည့်၍ ထိုကျမ်းတွင်ကသွာပြုရမည်ပါသည်တွင် အထက်ဆိုမိသော စကားမှားကြောင်းသိသာရ၏ ကျွန်ုပ်ခြောက်နှစ်ကသွာထိုက်ချေပြီ ထိုပျက်သည့်ခြေက်နှစ်ကသွာတွက်ဒုက္ခဗျာပါကြီးစွာရှိချေ၏ ယာအေလာဟီအကျွန်ုပ်ကို ခြောက်နှစ်ပျက်သည်ကသွာ (နမတ်ဇ)ကိုဖြည့်နိုင်အောင် စွမ်းအားပေးသနားတော်မူပါ ဆရာကြီးဦးနုသည် ကျမ်းဂန်များကို လေ့လာရာ၌ စာသင်ဟူက ကျမ်းထိုမျှကို တွေ့ကမရှောင်၊ ကြောင်ပုဇွန်စား၊ကျွတ်ကျွတ်ဝါးသို့၊ဟူသောလင်္ကါနှင့်အညီ အိန္ဒိယပြည် ဘင်္ဂလားမြို့သို့ ရောက်သွားအချိန်တွင် စာပေကျမ်းဂန်များကို လေ့လာခဲ့သောကြောင့် တွေ့ရပေသည်။ ထို့ကြောင့် ဆရာကြီးဦးနုသည် ဒေသန္တရဗဟုသုတနှင့်လည်း ပြည့်စုံပေ၏။ ပညာရှိသတိဖြစ်ဆိုသလို မိမိအမှားကို ဝန်ခံခြင်း၌လည်း နှောင့်နှေးခြင်းမရှိ ဤကားပညာရှင်တို့၏ ဓမ္မတာတည်း။

ဆရာကြီးဦးနုနှင့် ဗေဒင်ပြင်ဆင်

ဆရာကြီးဦးနု ပြုစုသော ကျမ်းဂန်များကို လေ့လာဘတ်ရှုခြင်းအားဖြင့် ဆရာကြီးဦးနုသည် အာရဗီဖွာရစီအူရဒူ အစရှိသော အစ္စလာမ်ဘာသာ စာပေလေ့လာသူတိုင်း တက်မြောက်အပ်သော ဘာသာရပ်များကို လုံးဝတက်မြောက်သည့်အပြင် တိုင်းရင်းအမိဘာသာဖြစ်သော ပါဠိမြန်မာအစရှိသည်တို့ကိုလည်း တတ်မြောက်ကြောင်းတွေ့ရသည်။ ဆရာကြီးသည် ထိုခေတ်အခါကအထူးလိုက်စားသော ပညာရပ်ဖြစ်သော ဗေဒင်ပညာကိုလည်း ငယ်စဉ်ကတည်းက တတ်မြောက်ကြောင်းကို သုံးဆယ့်ငါးခဏ်းကျမ်းစာမျက်နှာ (၁၁၄) ဇကာတ်ခဏ်းတွင် ရေးသည်မှာ အကျွန်ုပ်ဗေဒင်လက်ရိုး အကုန်တွက်ဘူးသည်ဖြစ်၍ အတွက်မတိမ်ပါဟူသောစာပုဒ်ကို တွေ့ရပေသည်။ ဆရာကြီးဦးနုသည် မိမိငယ်ရွယ်စဉ်က တတ်မြောက်ခဲ့သော ပညာပင်ဖြစ်လင့်ကစား အစ္စလာမ်တရားတော်နှင့် လွန်စွာဆန်ကျင်သော ပညာရပ်ဖြစ်သောကြောင့် သုံးဆယ့်ငါးခဏ်းကျမ်း စာမျက်နှာ (၃၇)တွင် ရေးသားသည်မှာ နတ်မိစ္ဆာတို့၏ မန္တရား မန္တ အကွယ်အကာတို့ကိုလည်း မယုံအပ် ဗေဒင်မမေးအပ် ယတြာယာယီပရောဂ အမှုဟူသမျှကိုလည်း မပြုအပ်ဗေဒင်တွက်ရှိရာကိုလည်း မယုံအပ်။ ထိုတူလည်းကောင်း ရှရစ်က်အမှုဟူသမျှတို့ကို ဝေးစွာကြဉ်ရာ ၏။ ဟူ၍ တရားလာသည့်အတိုင်း မိမိအလိုသို့ မလိုက်ကောင်းစွာကြဉ်အပ်ကြောင်း ဆုံးမထားပေသည်။

ဆရာကြီးဦးနုနှင့်စာပေပြင်ဆင်

ဆရာကြီးဦးနုပြုစုခဲ့သော ကျမ်းများကား အသက်နှစ်ဆယ်ကိုးနှစ် ၂၉ အရွယ်တွင် ဆယ်တခဏ်းကျမ်းဖွရတ်တရားသုံးဆယ်။ လင်္ကါတို့ကို ရေးသားသည် အသက်သုံးဆယ်နှစ်နှစ်အရွယ်တွင် သုံးခဏ်းကျမ်းကို ပြုစုခဲ့သည်။ ကျမ်းပြီးသက္ကရာဇ်ကား ၁၁၅၆ ထောင်အရာငါးဆယ်ခြောက်ခု နတ်တော်လဆန်းလေးရက် ညဥ့်တချက်တီးကျော်တွင် ဖြစ်၏။ ဟစ်ဂျရီသက္ကရာဇ်အား ဖြင့် ၁၂၁ဝ တထောင့်နှစ်ရာတဆယ် ဂျမာဒေလ် အောင်ဝလ်လဆန်း နှစ်ရက်နေ့ ညဥ့်အေရှာပြီးချိန်တွင် ကျမ်းပြီးစီးသည်။အသက်ငါးဆယ်တွင် ပြုစုသော် ခြောက်ခဏ်းကျမ်းကို ပြုစုသည်။ကျမ်းပြီး သက္ကရာဇ်ကား တထောင့်တရာခုနှစ်ဆယ်လေးနှစ် ၁၁၇၄ တော်သလင်းလဆန်းသုံးရက် အင်္ဂါနေ့တွင် အပြီးတိုင်ရောက်သည်။

အသက်ငါးဆယ်တနှစ် ၅၁တွင် ဆယ့်ခြောက်ပုဒ်ပြင်ဆင်

ပညတ်ခွဲတန်းကျမ်းကို ပြုစုသည် ကျမ်းပြီးသက္ကရာဇ်ကား တထောင့်တရာခုနှစ်ဆယ်ငါးခုဖြစ်သည် ၁၁၇၅ ဆရာကြီးဦးနုသည် ခုနှစ်ပိုဒ်လကာ ဆုံးမစာကိုလည်း ရေသားခဲ့သည်။ ထို့အပြင် အလွန်ထင်ရှားကျော်စောသော သုံးဆယ့်ငါးခဏ်းဝိနည်းကျမ်းတော်ကြီးကိုလည်း ဘိုးတော်မင်းတရား လက်ထက်တွင် ရေးသားခဲ့သည်။ သုံးဆယ့်ငါးခဏ်းဟူ၍ အမည်တူ အခြားကျမ်းများလည်း ရှိသေးသည်။ မော်လမြိုင်ဇာတိ မုဟမ္မဒ်ယူစွထ်၏သား ဆရာရှိတ်ခ် မုဟမ္မဒ်ရှမ္မဆွဒီန် ကနဆီဟတွလ်အစ္စလာမ် အမည်ရှိသော သုံးဆယ့်ငါးခဏ်းကျမ်းကို မြန်မာသက္ကရာဇ် တထောင့်နှစ်ရာငါးဆယ်ငါးခု ၁၂၅၅ ဝါဆိုလဆန်း ၁၂ရက်။ အင်္ဂလိပ်သက္ကရာဇ် ၂၄-၇-၁၈၉၃တွင် ရန်ကုန်ဟံသာဝတီ စာပုံနှိပ်တိုက်တွင် ရိုက်နှိပ်ထားခဲ့သည်။ ထို့အပြင် တရားငါးခဏ်းကျမ်းဟာ တင်တာယီဝတ္ထုတော်ကြီးအစရှိသော စာပေများကိုလည်း ရေးသားခဲ့သည်။

ဆရာကြီးဦးနုနှင့်ဘိုးတော်မင်းတရားကြီးပြင်ဆင်

ဆရာကြီးဦးနုသည် ဘိုးတော်မင်းတရားကြီးနှင့် ငယ်စဉ်အခါက ဘုန်းကြီးကျောင်းတွင် အတူစာပေသင်ကြားဘူး၍ သူငယ်ချင်းလည်းဖြစ်သည်ဟူ၍ မြန်မာ-မွတ်စလင်မ် ပညာရှိ တို့က ဆိုကြသည် ဘိုးတော်မင်းတရားကြီးသည် မြန်မာသက္ကရာဇ် တထောင့်တရာခုနှစ်ဆယ့်ရှစ်ခုနှစ်တွင် ကျက်ထောင့်ကို ထွက်တော်မူရာ ထိုအရပ်တွင် ကမ္ဘာ့ဘာသာကြီ လေးရပ်ကို လျှောက်တင်ခိုင်းရာ ဆရာကြီးဦးနုသည် (၁၁၇၈)နှစ်တွင် အစ္စလာမ်တရားတော်၏ အခြေအမြစ်တရားများကို အသေးစိပ်ရေးသား၍ ဘိုးတော်မင်းတရားကြီးအား ဆက်သွင်းဘတ်ပြစေ၏။ ထိုကျမ်းအမည်ကား သံတော်ဦးတင်လွှာကျမ်းမည်၏။ ဘိုးတော်မင်းတရားကြီးသည် နှစ်သက်တော်မူ၍ မွတ်စလင်မ်များကို မြှောက်စားတော်မူလေသည်။

အနိစ္စရောက်ခြင်းပြင်ဆင်

မြန်မာမွတ်စလင်မ် အပေါင်းတို၏ ဆီမီးတန်ဆောင်သဘွယ်ဖြစ်သော ကျေးဇူးရှင်ဆရာကြီး ဦးနုသည် သက်တော်ခြောက်ဆယ်ကျော်တွင် မမြဲသောသင်္ခါရလောကကြီးကို စွန့်ခွာသွားသဖြင့် အမရပူရရှိ လင်းဇင်းကုန်း သင်္ချိုင်းတွင် မြှုပ်နှံလေသည်။