ဆရာတော်မပြတ်ဖူးချင်လို့

ဆရာတော်မပြတ်ဖူးချင်လို့ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ

ပြင်ဆင်ရန်

သာယာဝတီနယ်၊ သုံးဆယ်ဆင်စုရွာတွင် သီတင်းသုံးနေသည့် မောင်းထောင်ဆရာတော်က မိမိသည် အသက်ကြီးပြီဖြစ်၍ အထက်ကျေးရွာတွင် လုပ်သီးဆောင်တာ လယ်ယာမြေရပ် မိုးကောင်းချောင်းရေဝင်လျှင် လာချင်၏၊ မရှိလျှင်မလာချင်ကြောင်း မိန့်ဆိုသည်ကို ပြန်လည်လျှောက်ကြားလိုက်သော သံချိုကဗျာ ဖြစ်သည်။

ဆရာတော်မပြတ်ဖူးချင်လို့

ပြင်ဆင်ရန်

ပစ္စေကာ သာဝကံနှင့်၊ ဘဂဝါအရဟံသမ္မာသမ္ဗုတို့၊ ပန်ဆုမွန်လိုရာချွေလို့၊ ဖိုလ်အမတာပြေမာခေ ပျော်မဲ့၊ ဆရာတော်မပြတ်ဖူးချင်လို့၊ ကပ်ဦးတည်ကမ္ဘာမြေသို့၊ သတ္တဝါတွေ ဗြဟ္မာပြေကပြောင်းခဲ့တော့၊ ရွှေဒေါင်းကောင်နေရောင်ကိုတလေသို့ အထူးပင်ဖူးမြင်ကြချင်လို့၊ ဦးတင်သစိတ်အာရုံ။

ပြည်ရွာကုန်လည်ကာပတ်လို့၊ ထေရ်မြတ်စွာဝါတော်ဆိုခဲ့ပေါ့၊ ခန္ဓာကိုဇရာအိုမချိတော့၊ ဇာတိတော်ဂါမေ လွမ်းပြီဟု၊ ရွှေခွန်းဖြာညွှန်းကာဖွင့်ပုံက၊ ရာနှင့်ထောင်လွမ်းကာပစ်၍၊ ခုနစ်ဆယ်တစ်ဆွယ်တဲ့အလုံးမှာတော့၊ မြို့သုံးဆယ်အခြေပြုတဲ့၊ ဆင်စုမြေရွှေနာဂီက၊ ဒေသစာရီရွှေညာကိုပြောင်းမည်ဟု၊ ရွာမောင်းမြေထောင်ရွှေကျေးသို့၊ အဝေးမြေတနယ်က၊ မုလေးသွယ်စပယ်နံ့ကဲ့သို့၊ မွှေးပျံ့လို့ထုံ။

မရွာလိုဝါဆိုလဆီက၊ ငိုရမယောင်ယောင်ပ၊ လဝါခေါင်တော်သလင်းမှ၊ လယ်ယာကုန်တွယ်ကာနင်းနိုင်ကြ၊ သီတင်းကုန်ဝါတော်ဆုံးတော့၊ ဝလာမောင် မရွာအုံးသော်ကြောင့်၊ နှလုံးဝယ်ပူဗျာလောင်ကြ၊ မုန်းတန်ဆောင်ဆယ်ရက်ဆန်းတွင်မှ၊ ထက်နန်းအာကာသက၊ ဖျန်းချတဲ့မိုးအမ္ဗုန်၊ ခိုးမာန်ဟုန်စွေတောင်း။

မြန်မာပြေနယ်ခရိုင်က၊ ရှမ်းပြေတိုင်နှမ်းတွေကောင်းလို့၊ ပဲပြောင်းမှာသွန်ကာပစ်ရလိမ့်၊ ခုနစ်ဆယ်သက္ကရာဇ်ဝယ်ထူးပါဘိ၊ ဖြစ်ဘူးပေါင်သည်ခါကြုံကြရ၊ တန်ခူးကုန်ကဆုန်ရောက်တော့၊ ဘုံပေါက်သည်ဝေဇယန်နှင့်၊ ကုဋေတန်ဝိဟာရမို့၊ တကာတကာမတွေအစည်ဆုံးပ၊ တိုက်ကုန်းသာအောင်မြေနယ်သို့၊ သုံးရွှေဆယ်ငွေနာဂီက၊ မကြာမီသာရထီ စီးလျှင်ဖြင့်၊ ခရီးကြုံအဟုန်နှင့် ပို့နေကြ၊ လုံမြို့မြေနဂရာထိ၊ ဗိုလ်ပါကုန်ကြုံလာကြပါလိမ့်၊ ပန်းကြာပဒုံစန်းဖြာခလေသို့၊ ဝမ်းစာလုံချမ်းသာလှပြီမို့၊ ကျမ်းစာအစုံရဟန်းပါသမျှတွေနှင့်၊ မြန်းကြွပါကြောင်း။

၁။ ပစ္စေကာ = ပစ္စေကဗုဒ္ဓ၊ ဘုရားငယ်။

၂။ သာဝကံ = သာဝက၊ ဧတဒဂ်ရ ရဟန္တာကြီးများ။

၃။ သမ္မာသမ္ဗု = သမ္မာသမ္ဗုဒ္ဓ၊ မြတ်စွာဘုရား။

၄။ မာခေ = ခေမာ၊ ဘေးမရှိရာနိဗ္ဗာန်။

၅။ ဂါမေ = ဂါမ၊ ရွာ။

၆။ ဝလာမောင် = မိုဃ်းနတ်သား။

၇။ မိုးအမ္ဗုန် = ရေကိုပေးတတ်သောမိုး။

၈။ ငွေနာဂီ = ဤ၌ မြို့အနက်ရ နဂရပုဒ်ကိုပင် ကဗျာဖြစ်၍ နာရိ၊ နာဂရီ၊ နာဂီဟု ဝေါဟာရဝိပ္ပလ္လသဖြစ်ကာ ရေးထုံးပြုလာသည်ဟု ထင်သည်။

၉။ သာရထီ = ရထားထိန်း၊ ဤ၌ ရထားကိုပင် ဆိုသည်။

မှတ်ချက်

ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။