ဆရာတော် ဦးစိန္တာ
ဆရာတော် ဦးစိန္တာ (၂၉.၇.၁၉၀၂ - ၁၄.၁၂.၁၉၆၄) သည် ၁၂၆၄ ခု၊ ဝါဆိုလဆုတ် ၁၀ ရက်၊ အင်္ဂါနေ့ ည ၇ နာရီအချိန်၊ စစ်တွေခရိုင်၊ မင်းပြားမြို့နယ်၊ ပြည်သျှင်တိုက်၊ ရင်းဘွယ်ရွာ၌ ဖွားမြင်တော်မူ၏။ ဦးချစ်ဖြူ၊ ဒေါ်ရွှေရင်ရို့၏ တစ်ဦးတည်းသော သားဖြစ်၍ ငယ်နာမည်မှာ မောင်ချစ်ထွန်းဦးဖြစ်သည်။ ခြောက်နှစ်သားအရွယ်ကပင် မိဘနှစ်ပါးက ရင်းဘွယ်ဆရာတော်ကြီးထံ၌ အပ်နှံ၍ ပညာသင်ကြားစေသည်။ အသက်ဆယ်နှစ်မြောက်တွင် မိဘနှစ်ပါးနှင့်အတူ ကန်းနီရွာသို့ ပြောင်းရွေ့ကာ ကန်းနီဆရာတော်ထံ၌ ဆက်လက်ပညာသင်ကြားလျှက် ၁၃ အရွယ် ၁၂၇၇ ခုသို့ရောက်သောအခါ သျှင်သာမဏေအဖြစ်ဖြင့်၊ သင်္ဂြိုဟ်စသော အခြေခံပါဠိ စာပေများကို သင်ကြားတတ်မြောက်ခဲ့သည်။ ၁၂၈၃ ခုနှစ်၊ ကဆုန်လ အသက် ၁၉ နှစ်ခန့်တွင် ပခုက္ကူမြို့သို့ သွားရောက်၍ အရှိတိုက်ခေါ် မဟာဝိဇယာရာမတိုက်၊ မြောက်တန်းလျှားကျောင်း၌ ဂန္တဝါစက စာချဆရာတော် ဦးစန္ဒနှင့် ဦးသီလရို့ထံ ပရိယတ္တိစာပေကျမ်းဂန်ကို သင်ကြားဆည်းပူးသည်။
၁၂၈၃ ခု၊ တပို့တွဲ့လ၌ မဟာဝိဇယာရာမ ကျောင်းတိုက်၊ ဆရာတော်ကြီးဦးဇဝနကို ဥပဇ္ဈာယ်ပြု၍ ဥပသမ္ပဒကံဖြင့် ပဉ္ဇင်းတက်သည်။ ၁၂၈၅ ခုတွင် ဦးစိန္တာသည် မိမိအား စာချပေးသော သံဃာတော်များနှင့်အတူ မန္တလေးမြို့သို့ သွားရောက်၍ ၃ နှစ်တိုင်တိုင် ဆက်လက်ကာ ပရိယတ္တိစာပေကျမ်းဂန်များကို သင်ကြားပို့ချသည်။ ၁၂၉၁ ပြည့်တပို့တွဲလတွင် မိမိ၏ ဇာတိဒေသ ကန်းနီကျေးရွာဆရာတော်ဘုရားထံသို့ ပြန်ကြွတော်မူသည်။ ၁၂၉၁ ခု၊ ဝါဆိုလဆန်း ၁၄ ရက်သို့ရောက်သောအခါ ကွဲပြားနီသော ကျောက်နွားရွာကို အုပ်ထိန်းကာ ထိုရွာကျောင်းဟောင်းသို့ ပြောင်းရွှေ့သတင်းသုံးရမည်ဟူသော ဆရာတော်ဘုရား၏ အမိန့်ကို နာခံလျှက် ကျောက်နွားရွာ၌ ကျောင်းထိုင်ဆရာတော်အဖြစ်ကို ခံယူသည်။
ကျောင်းထိုင်ဆရာတော်အဖြစ်ဖြင့် ဦးစိန္တာသည် စာပေပရိယတ္တိကို သင်ကြားပို့ချလျက်ရှိစဉ် မြို့ကြီးမြို့ငယ်၊ ရွာကြီးရွာငယ်များ၌ တောင်သူလယ်သမားဘဝ အလုပ်သမားလူတန်းစားဘဝတို့ကို ကြေကွဲဖွယ်ရာ တွေ့မြင်ရလာခြင်းကြောင်း ဆင်းရဲပန်ပန်းရခြင်း၏ အကြောင်းရင်းကို ရှာဖွေသောအခါ နယ်ချဲ့အရင်းရှင်နှင့် မြေရှငိတို့၏ သွေးစုပ်မှုဟူ၍ တထစ်ချသိမြင်လာသဖြင့် သာသနာသည် ဒါယကာအပေါ်၌ တည်သည်။ ဒါယိကာ ပင်ပန်းက သာသနာညှိုးနွယ်လိမ့်မည်ဟု ဒါယိကာ တောင်သူလယ်သမား အလုပ်သမားတို့၏ ဘဝကို မြှင့်တင်လိုသောကြောင်း စစ်တွေမြို့သို့ကြွရောက်ပြီးလျှင်၊ အထက်တန်းရှေ့နေ ဦးမြထွန်း၊ ဦးကျော်ခိုင်၊ ဦးထွန်းစိန် (နန္ဒမာလာ) ၊ ဦးဘိုးခိုင်၊ ဦးအောင်သာဦး အစရှိသော ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းတိုင်ပင်လျှက် ရခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွားရေးအဖွဲ့ချုပ်ကို ၁၂၉၂ ခု၊ တန်းဆောင်မုန်းလ၌ စတင်ဖွဲ့စည်းခဲ့သည်။ ယင်းအချိန်မှစ၍ ဦးစိန္တာသည် ဦးပညာသီဟနှင့် တွေ့ဆုံကာ အဖွဲ့ချုပ်၏ နာယကများအဖြစ်ဖြင့် အားကြိုးမာန်တက် အရင်းရှင် နယ်ချဲ့စနစ်ကို တိုက်ဖျက်ခဲ့သည်။ ဆရာတော်ဦးစိန္တာသည် တောင်သူလယ်သမားတို့အား အခြေခံကျကျ ပညာပေးစည်းရုံးကာ ၁၂၉၂ ခု၊ တပေါင်းလတွင် မြေပုံမြို့နယ်၊ ကျောက်နွားကျေးရွာ၌တစ်ကြိမ်၊ ၁၂၉၃ ခု၊ တန်းဆောင်မုန့်လတွင်၊ မင်းမြားမြို့နယ် ကန်နီကျေးရွာ၌တစ်ကြိမ်၊ ၁၂၉၄ ခုနှစ်၊ ကဆုန်လတွင် မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာ၌တစ်ကြိမ်၊ ရခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွားရေးအဖွဲ့ချုပ်၏ ညီလာခံကို ပြုလုပ်ကာ ဦးစီးနာယကအဖြစ်ဖြင့် ဆောင်ရွက်ခဲ့သည်။ ထိုစဉ်အခါက နိုင်ငံရေးဟောပြောပွဲများသို့ တက်ရောက်ရန်ကိုမဆိုထားနှင့် နယ်ချဲ့ဆန့်ကျင်ရေးကို လေသံမျှပင် မပြောရဲသောအချိန်ဖြစ်သော်လည်း ညီညာခံတိုင်း၌ လူငါးထောင်ခန့်မျှ တက်ရောက်ခဲ့သည်မှာ ဆရာတော်ဦးစိန္တာ၏ လယ်ယမြေတော်လှန်ရေး ပညာပေးစည်းရုံးမှု၏ အောင်မြင်ချက်ပင်ဖြစ်သည်။ ထိုကြောင့် တောင်လယ်သမားများ နိုးကြားလာခဲ့ကြသည်။ မိမိတို့၏ ဆင်းရဲတွင်းနက်ရခြင်းအကြောင်းရင်းကို သိမြင်လာကြ၏။ နယ်ချဲ့အရင်းရှင်စနစ်၊ မြေရှင်စနစ်တို့ကိုဖြိုဖျက် တော်လှန်ပစ်ကြရမည်ကို သိနားလည်လာကြ၍ နိုးကြားအုံကြွလာခဲ့ကြ၏။ စည်းရုံးညီညွတ်လာခဲ့ကြ၏။
ထို့ကဲ့သို့ တစ်တိုင်းလုံး အုံ့ကြွနိုးကြားစည်းရုံးညီညွတ်လာသော အချိန် ၁၂၉၉ ခုနှစ်တွင် ဆရာတော် ဦးစိန္တာ၏ တာဝန်ပေးချက်ဖြင့် ဆရာစံထွန်းအောင်နှင့် ဦးစံရွှေ၊ ဦးဘစံ တို့ရေးဆွဲသော အဖွဲ့စည်းမျည်းအရ မင်းပြားညီလာခံ ကျင်းပစဉ်မှာပင် ဦးအောင်ထွန်းဦး၊ မင်းပြား ( ဒို့လက်ရုံး) နှင့် ဦးဘစံတို့ ခေါင်းဆောင်ကာ တိုင်းရင်းသားအစည်းအရုံးတစ်ခု ပေါ်ပေါက်လာခဲ့၏။ ထိုအခါတွင် နယ်ချဲ့အရင်းသျှင်စနစ်ကို တိုက်ဖျက်ရာ၌ အမျိုးသားစည်းရုံးညီညွတ်မှု၏ အဓိက အရေးကြီးပုံကို ကောင်းစွာသိမြင်တော်မူသော ဆရာတော်ဦးစိန္တာသည် ဆရာတော်ဦးပညာသီဟနှင့်တွဲ၍ တစ်ခုတည်းသောအစည်းအရုံးကြီး ဖြစ်မြောက်ရေးကို ကြိုးပမ်းခဲ့ရာ ၁၂၉၉ ခု၊ နတ်တော်လ အတွင်းတွင် စစ်တွေမြို့ ၊ တန်းခိုးဆရာတော်ဘုရားကျောင်း၌ နှစ်ဖက်သောအစည်းအရုံးမှ ကိုယ်စားလှယ်များနှင့် မျက်နှာစုံညီ ဆွေးနွေး ညှိနှိုင်းကာ “ ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံး”ဟု အညီအညွတ်တည်ထောင်ကြပြီး နယ်ချဲ့အရင်းသျှင်စနစ်ကို တိုက်ဖျက်ရေးအင်အားကို တည်ထောင်ခဲ့ကြသည်။
ယင်းသို့ စုပေါင်းညီညွတ်သော တစ်ခုတည်းသောနယ်ချဲ့အရင်းသျှင်စနစ်တိုက်ဖျက်ရေး အင်အားစုဖြစ်သော ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံးကြီး၏ ညီလာခံကို ၁၃၀၁ ခု ကဆုန်လတွင် ပေါက်တောမြို့၌ကျင်းပခဲ့ပြီး တောင်သူလယ်သမား လူတန်းစားတိုက်ပွဲ လမ်းစဉ်ကို ပြတ်ပြတ်သားသား ဖော်ထုတ်ချမှတ်ခဲ့ကြသည်။ “ မြေရှင်စနစ်ဖျက်သိမ်းရေး” အဆိုနှင့် “ ရခိုင်ပြည်နယ်အပါအဝင် မြန်မာတစ်ပြည်လုံး လုံးဝ လွတ်လပ်ရေးချက်ချင်းပေးအဆို” တို့ကို ထိုညီလာခံ၌ တညီတညွတ်တည်း ဆုံးဖြတ်ကြပြီး ရခိုင်တစ်တိုင်းလုံး အပြင်းအထန် စည်းရုံးခဲ့ကြသည်။ ညီလာခံအပြီး နယုန်လတွင် နာယကဆရာတော်များဖြစ်သော ဦးစိန္တာနှင့် ဦးပညာသီဟရို့အား နယ်ချဲ့အစိုးရက ဖမ်းဆီးပြီး ဆရာတော်အား အလုပ်ကြမ်းနှင့် ၁၈ လ ထောင်ဒဏ် အပြစ်ပေးခံခဲ့ရလေသည်။
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာသော ၁၃၀၃ ခုနှစ်နောက်ပိုင်းတွင် ဆရာတော် ဦးစိန္တာသည် ဆရာတော်ဦးပညာသီဟနှင့်အတူ လက်နက်ကိုင် မျိုးချစ်တပ်များ ဖွဲ့စည်းပြီး နယ်ချဲ့အင်္ဂလိပ်အား တော်လှန်ခဲ့သည်။ ဆရာတော်၏ တပ်များသည် မြေပုံမြို့ကိုလည်းကောင်း၊ ကျောက်ဖြူမြို့ကိုလည်းကောင်း၊ နယ်ချဲ့လက်က သိမ်းယူထိန်းသိမ်းထားနိုင်ခဲ့သည်။ ထိုစဉ်အခါက ရခိုင်မျိုးချစ်တပ်များသည် နယ်ချဲ့အား တော်လှန်ခဲ့ရုံသာမက တစ်ဖက်၌လည်း တောင်သူလယ်သမားဆင်းရဲသားတို့အား ခေတ်အပျက်တွင် ညှဉ်းပမ်းနှိပ်စက်လာသော တောကြောင်များကိုလည်း နှိမ်နင်းခဲ့ကြသည်။
ထို့ကြောင့် ၁၃၀၄ ခု ကဆုန်လတွင် ဗိုလ်ရန်အောင်တပ်များ ရခိုင်စစ်ကြောင်း ချီတက်လာသောအခါ သစ္စာဖောက်တောကြောင်များကြောင့် ဆရာတော်သည် အဖမ်းခံရကာ အသတ်ခံရဖို့နီးပါးဖြစ်ခဲ့ရလေသည်။
၁၃၀၅ ခုနှစ်စတွင် ဆရာတော်သည် ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံး ကိုယ်စားလှယ်အဖြစ် ရန်ကုန်သို့ဆင်းကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆက်ပြီး ဖက်ဆစ်တော်လှန်ရေးအတွက် စတင်စီစဉ်သည်။ ထိုနှစ်တန်းခူးလဆုတ် ၁၀ ရက်တွင် မြေပုံမြို့ပိုင်နှင့် ကျောက်ဖြူခရိုင်ဝန်တို့၏ သစ္စာဖောက်သတင်းပေးမှုကြောင့် ဆရာတော်ဦးစိန္တာသည် ဖက်ဆစ်ဂျပန်တို့၏ ဖမ်းဆီးခြင်းကို ခံရပြန်သည်။ ဖက်ဆစ်ဂျပန်များသည် ဆရာတော်အား ကြောက်မက်ဖွယ်ရာ နည်းအမျိုးမျိုးဖြင့် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ပြီး ရခိုင်တိုင်းနှင့် မြန်မာပြည်ဖက်ဆစ်တော်လှန်းရေး ခေါင်းဆောင်များနှင့် အစီအစဉ်များကို မေးမြန်းခဲ့ရာ ဖက်ဆစ်တို့၏ ညှဉ်းပန်းချက်ကို မခံနိုင်၍ ဖွင့်ပြောလျှင် တစ်ပြည်လုံးဖက်ဆစ်တော်လှန်ရေး ပျက်စီးကျဆုံးဖို့ကို မြင်သောကြောင့် ဆရာတော်သည် မိမိတစ်ပါးတည်း မချိမဆုံကြိတ်ခံပြီး တော်လှန်ရေးအား သစ္စာစောင့်ထိန်းခဲ့သည်။ ဝါဆိုလဆန်း ၆ ရက်၌ ဂျပန်တို့က လက်လျှော့ပြီး လွှတ်ပေးခဲ့သော်လည်း ထိုအချိန်မှစ၍ ဆရာတော်၏ ကျန်းမာရေး အခြေအနေမှာ ဖက်ဆစ်ဂျပန်တို့၏ ညှဉ်းပန်းနှိပ်စက်သောဒဏ်ကြောင့် ကျန်းမာရေးအကြီးအကျယ် ချို့ယွင်းခဲ့လေသည်။ သို့သော် ဆရာတော်သည် ဖက်ဆစ်တိုက်ဖျက်ရေးတွင် နောက်မဆုတ်ဘဲ အင်တိုက်အားတိုက် ဆက်လက်ခေါင်းဆောင်မှုပေးခဲ့ရာ ဂန့်ဂေါတိုက်ပွဲသည် ကမ္ဘာကျော်ခဲ့သည်။
၁၃၀၆ ခုနှစ် ဂျပန်တော်လှန်ရေးအပြီးတွင် နယ်ချဲ့အင်္ဂလိပ်များပြန်ဝင်လာပြန်ရာ ဆရာတော်ဦးစိန္တာသည် ဖက်ကိုလည်း တော်လှန်မည်၊ အမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်မအပ်ဘဲ နယ်ချဲ့ကိုလည်း ဆက်လက်တော်လှန်မည်ဟူသော တော်လှန်ရေးတပ်ဦးသစ္စာကို မဖောက်လို၍ နယ်ချဲ့အင်္ဂလိပ်အား ၂ နှစ်တိုင်တိုင် ဆက်လက်တော်လှန်ခဲ့သည်။
ယင်းအချိန်တွင် ရခိုင်တောင်စဉ်ကမ်းခြေတလျှောက် လယ်သမား ဆင်းရဲသားလူထုတစ်ရပ်လုံးမှာ နယ်ချဲ့တို့၏ နှိပ်စက်ညှဉ်းပန်းခြင်း၊ ရပ်ရွာများကို မီးတိုက်ခြင်းတို့ကို ခံခဲ့ရသော်လည်း တိုင်းပြည်လွတ်မြောက်ရေး၊ အမျိုးသားလွတ်လပ်ရေး၊ နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေးကို ဇွဲသတ္တိနှင့် ချီတက်တိုက်ခိုက်လျှက်ပင် ဖြစ်သည်။ ၁၃၀၈ ခု၊ တန်ဆောင်မုန်းလ၌ ဆရာတော်ဦပညာသီဟ၊ ဝန်ကြီး ဦးအောင်ဇံဝေ၊ ဝန်ကြီးသခင်မြနှင့် တိုင်းရင်းသား အစည်းအရုံးခေါင်းဆောင်များသည် ကြာအင်းတောင် ဆရာတော်ကျောင်းသို့ ရောက်လာခဲ့ပြီး ဦးစိန္တာနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ထိုနှစ် နတ်တော်လ စတုတ္ထအပတ်တွင် ဆရာတော်အား လွတ်ငြိမ်းချမ်းသားခွင့် ကြေညာလိုက်သဖြင့် ဆရာတော်ဦးစိန္တာသည် တော်ခိုရာမှထွက်လာ၍ ကျယ်ပြန့်သောစည်းရုံးရေးကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
၁၃၀၈ ခု၊ နှောင်းတန်းခူးလ၌ မြေပုံမြို့နယ်တွင် ဆရာတော် ဦးစိန္တာ ခေါင်းဆောင်သော ပြည်လုံးကျွတ် တပ်ပေါင်းစု ညီလာခံကိုကျင်းပခဲ့ရာ ဖဆပလနှင့် ကွန်မြူနစ်ပါတီတို့ကိုပါ ဖိတ်ကြားခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဆွေ နှင့် ကွန်မြူနစ်ပါတီရးတို့တက်ရောက် ခဲ့ကြသည်။ သို့သော်လည်း အချိန်အခါနှင့် အခြေအနေ မညီညွတ်သောကြောင့် ညီလာခံ၌ နိုင်ငံရေးခေါင်းဆောင်များ စိတ်ငြိုငြင်ခြင်း ဖြစ်ခဲ့ကြသည်။
၁၃၀၉ ခု၊ ကဆုန်လဆန်း ၇ ရက်နိန့်တွင် မြေပုံမြို့မှ စစ်တွေမြို့သို့အသွား ဦးစိန္တာသည် ဘင်္ဘောထက်၌ အဖမ်းခံရပြီးလျှင် ယင်းကဆုန်လကွယ်နေ့တွင် စစ်တွေမှ လေယာဉ်ဖြင့် ရန်ကုန်မင်္ဂလာဒုံလေဆိပ်သို့ ယူဆောင်လျှက် သာယာဝတီထောင်သို့ အပို့ခံခဲ့ရပြီးနောက် ၁၃၁၀ ခု၊ နှောင်းတန်းခူးလဆန်း ၆ ရက်၌ သာယာဝတီထောင်ကို သူပုန်တပ်ပေါင်းစုများ ဖွင့်သောအခါမှ ဆရာတော်သည် ထောင်မှလွတ်ခဲ့သည်။
၁၃၁၁ ခု၊ နယုန်လဆုတ် ၅ ၌ ဒါးလက်ချောင်းနှင့် ၈ ရက်၌ ကြာအင်းတောင်သို့ရောက်လာပြီး တောလှန်ရေးကိစ္စကို ဆက်လက်ဆောင်ရွက်ပြန်ရာ ပါတီနှင့်လူထု အမြင်ကွဲပြားလာခြင်း၊ ပါတီတွင်းမှာလည်း အချင်းချင်း အမြင်မတူအယူအဆကွဲပြားလာခြင်းတို့ကြောင့် ထိုကွဲပြားမှုကို လက်နက်ဖြင့် ဖြေရှင်းကြသေရ အခြေအနေသို့ပင် ဆိုက်ရောက်လာခဲ့သည်။ ထိုကြောင့် ပါတီအတွင်း ညီညွတ်ရေး၊ မဟာမိတ်ပါတီ ညီညွတ်ရေးပါတီနှင့် လူထုစိတ်ချမ်းသာရေးကို ကြိုးစားရသည်။ သို့သော်လည်း မှန်းခြေပေါက်အောင် ခရီးမရောက်ခဲ့ပေ။ ယင်းသို့ကြိုးစားစဉ်များ၌ ကမ္ဘာ့နိုင်ငံရေး၊ မြန်မာနိုင်ငံရေး အခြေအနေအရ လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေးနှင့် မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမားများ စီးပွားရေးအားလုံးညီညွတ်ရန် လိုအပ်သည်ဟု သဘောပေါက်ယုံကြည်ခြင်းကြောင့် ပါတီနှင့် လူထုကို ပညာပေးပြီးနောက် ၁၃၁၉ ခု၊ တပို့တွဲလဆန်း ၆ ရက်၊ ၁၉၅၈ ခု၊ ဇန်နဝါရီလ ၂၅ ရက်တွင် မင်းပြားမြို့၌ လက်နက်စွန့်ပွဲ တစ်ရပ်ကို ကျင်းပ၍ ဆရာတော်ဦးစိန္တာသည် တပည့်တပန်းများနှင့် ဥပဒေတွင်းသို့ ဝင်ရောက်ခဲ့သည်။
ဆရာတော်ဦးစိန္တာအား အရင်းသျှင်နယ်ချဲ့ဖက်ဆစ်တို့၏ ညှဉ်းပန်းနှိပ်စက်မှုဒဏ် ဖိစီးလာခြင်းကြောင့် သက်တော် ၆၂၊ ဝါတော် ၄၂ ဝါမြောက်တွင် ၁၃၂၆ ခု၊ နတ်တော်ဆန်း ၁၀ ရက်၊ တနင်္လာနေ့၊ နေ့လယ် ၂ နာရီအချိန်တွင်၊ ရန်ကုန်မြို့၊ ငါးထပ်ကြီးဘုရားလမ်း၊ အမှတ် ၁၅၂ ၊ သိမ်ကုန်းကျောင်းတိုက်၊ ရွှေဘုံသာကျောင်းဆရာတော် ဦးရဝိန္ဒထံ၌ တည်းခို ဆေးဝါးကုသနေစဉ် ပျံလွန်တော်မူခဲ့သည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ အေးသိန်း၏ နိုင်ငံအကျိုးပြု အဖိုးတန်ရတနာများ (၂၀၀၇-ခု၊ ဩဂုတ်လ)