ဆရာမှတ်ကြီး
ဆရာမှတ်ကြီး ခေါ် ဒေါက်တာ ဂျွန်အက်ဗင်နီဇာ မတ် (John Ebenezer Marks) သည် မင်းတုန်းမင်း၊ သီပေါမင်းတို့နှင့် ရင်းနှီးသော ရေဖျန်းဂိုဏ်းမှ ခရစ်ယာန်သာသနာပြုပုဂ္ဂိုလ်ဖြစ်လေသည်။ သို့ရာတွင် ဒေါက်တာမတ်သည် ပညာရေးဘက်၌ အထူးအာရုံစိုက် ဆောင်ရွက်ခဲ့သူ ဖြစ်သဖြင့် မြန်မာနိုင်ငံပညာရေးသမိုင်းနှင့် ပို၍ ဆက်စပ်ထင်ရှားပေသည်။ စင်စစ်အားဖြင့်လည်း ဒေါက်တာမတ်သည် အစအဦးတွင် မြန်မာနိုင်ငံ၌ ပညာရေးလုပ်ငန်းကို ဆောင်ရွက်ရန် ရေဖျန်းဂိုဏ်းမှ စေလွှတ်ချက်အရ လာရောက်ခဲ့ခြင်း ဖြစ်လေသည်။ ထိုစဉ်အခါက ဘုရင်စိုးမင်းနှင့်တကွမင်းညီမင်းသား၊ တိုင်းသူပြည်သား အပေါင်းတို့က ကြည်ညိုလေးစားခြင်းကို ခံရသော ကျောင်းဆရာကြီး ဖြစ်သောကြောင့် ဆရာမှတ်ဟူ၍ အမည်ခေါ်တွင်ခဲ့လေသည်။
ကိုယ်ရေးရာဇဝင်
ပြင်ဆင်ရန်ဆရာမှတ်ကြီးသည် ၁၈၃၂ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ဖွားမြင်သည်။ ရဟူဒီ မျိုးရိုးအဆက်အနွယ်ဖြစ်သည်။ ကျန်းမာရေး မကြာခဏ ချွတ်ယွင်းလေ့ရှိသော်လည်း ၈၃ နှစ်အရွယ်အထိ အသက်ရှည်သည်။ ငယ်စဉ်က လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားခဲ့ရလေသည်။ ထိုကျောင်း၌ပင် စေတနာ့ဝန်ထမ်းကျောင်းဆရာအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် ဝုလဗာဟမ္မတန်မြို့ (Wolverhampton)၊ ဗာမင်ဂမ်မြို့ (Birmingham) နှင့် အိဗရှမ်မြို့ (Evesham) များတွင် ကျောင်းဆရာအဖြစ် ဆက်လက် အမှုထမ်းရလေသည်။ ထိုနောက် တီ၊ အို၊ ဂွတ်ချိုင်း (Rev. T. O. Goodchild) ဆိုသူ ဘုန်းကြီးတစ်ပါးထံမှ ခေါ်ဖိတ်ချက်အရ လန်ဒန်မြို့ အရှေ့မြောက်ပိုင်းရှိ စာသင်ကျောင်း တစ်ကျောင်းသို့ သွားရောက် အမှုထမ်းရသည်။ ထိုကျောင်းမှ ကျောင်းသားတို့သည် လူပေလူတေကလေးများ ဖြစ်ကြသော်လည်း ဆရာမှတ်ကြီး၏ ကြိုးပမ်းမှုကြောင့် ဆရာကို ကျိုးနွံလာကြလေသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိလာပုံ
ပြင်ဆင်ရန်၁၈၅၉ ခုနှစ်တွင် ဆရာမှတ်ကြီးသည် မော်လမြိုင်မြို့၌ အက်စ၊ ပီ၊ ဂျီ (Society for the Propagation of the Gospel - SPG) ခေါ် ရေဖျန်းဂိုဏ်း(အင်္ဂလီကန်)က ဖွင့်လှစ်ထားသော စာသင်ကျောင်းတွင် ကျောင်းဆရာအဖြစ် အမှုထမ်းရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာလေသည်။ သုံးနှစ် မျှ အမှုထမ်းပြီးနောက် ကာလကတ္တားမြို့မှ ဂိုဏ်းအုပ် ကော့တွန် (Bishop Cotton of Calcutta) က ဆရာမှတ်ကို သိက္ခာတင်ဘုန်းကြီး ဖြစ်မြောက်ရေးအတွက် ထိုမြို့ရှိ ဗိရှော့ကောလိပ်ကျောင်း (Bishop's College, Calcutta)တွင် ဓမ္မပညာကို ဆည်းပူးနိုင်အောင် စီစဉ်ပေးခဲ့လေသည်။ ဆရာမှတ်ကြီးသည် ကာလကတ္တားမြို့ရှိ ကသီဒရယ်ဘုရားရှိခိုးကျောင်း၌ ၁၈၆၃ ခုနှစ်တွင် သင်းထောက်အဖြစ်လည်းကောင်း၊ ၁၈၆၆ ခုနှစ်တွင် ဘုန်းကြီးအဖြစ်လည်းကောင်း သိက္ခာတင် ချီးမြှင့်ခြင်း ခံရလေသည်။
ဆရာမှတ်ကြီးသည် မော်လမြိုင်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့တွင် ကလေးသူငယ် ပညာသင်ကြားရေးလုပ်ငန်း၌ အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သည်။ ရန်ကုန်မြို့တွင် ယခု လမ်းမတော်အစိုးရအထက်တန်းကျောင်းသည် ဆရာမှတ်ကြီး တည်ထောင်ခဲ့သောကျောင်း ဖြစ်သည်။ ရှေးအခါက စိန်ဂျွန်းကောလိပ်ဟု အမည် မှည့်ခေါ်ထားသော်လည်း ဆရာမှတ်ကျောင်းဟူ၍သာ လူသိများခဲ့လေသည်။
၁၈၇၉ ခုနှစ်တွင် ဂိုဏ်းချုပ် တိတ် (Archbiship Tait)က ဆရာမှတ်ကြီးကို အယူဝါဒပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့ (ဒီ၊ ဒီ) ချီးမြှင့်ခဲ့သည်။ ဒေါက်တာမှတ်သည် ၁၉ဝဝ ပြည့်နှစ်တွင် သာသနာပြုလုပ်ငန်းအရပ်ရပ်မှ အနားယူပြီးနောက် ၁၅ နှစ်ကြာသောအခါ အင်္ဂလန်နိုင်ငံ၌ အနိစ္စရောက်လေသည်။
ဆရာမှတ်ကြီးသည် ပညာရေးဘက်၌ ဆောင်ရွက်ချက်ကြောင့်သော်လည်းကောင်း၊ သာသနာရေးဘက်၌ ဆောင်ရွက်ချက်ကြောင့်သော်လည်းကောင်း ထင်ရှားသည်ထက် ထင်ရှားသည်ဟု ဆိုနိုင်ပေသည်။ မန္တလေးမြို့၌ နေထိုင်စဉ်အခါကလည်းကောင်း၊ ရန်ကုန်မြို့၌ နေထိုင်စဉ်အခါကလည်းကောင်း မိမိနေအိမ်သို့ လူမျိုးမရွေး၊ လူတန်းစားမရွေး ဝင်ထွက်ခွင့် ပြုထားလေသည်။
စိန်ဂျွန်းကျောင်းဝင်းအတွင်းရှိ နေအိမ်သို့ မဟာဝန်ရှင်တော်မင်းကြီးမှအစ စစ်ဘက်၊ နယ်ဘက် အရာရှိများ၊ ကုန်သည်၊ သူထွေးများ၊ ရန်ကုန်မြို့ပေါ်ရှိ လူကုံထံများ အမြဲဝင်ထွက်လျက်ရှိလေသည်။ ဆရာမှတ်ကြီး၏ ခင်မင်တတ်သောစိတ်၊ ရက်ရောသော စေတနာ၊ ရွှင်ပျသော မျက်နှာထားတို့ကြောင့် လူမျိုးရေး၊ အယူဝါဒရေး၊ အဆင့်အတန်း ကွာခြားရေးနှင့်ဆိုင်သော အတားအဆီး ဟူသမျှတို့ ပြိုပျက်၍ ရောက်လေရာအရပ်တွင် အဆွေခင်ပွန်း ပေါများလေသည်။ ဆရာမှတ်ကြီးသည် ဗြိတိသျှတို့ သိမ်းပိုက်ထားသော မြန်မာနယ်မြေကို အုပ်ချုပ်ရသည့် ပထမဦးဆုံးသော မဟာဝန်ရှင်တော်မင်းကြီး ဆာအာသာ ဖယ်ယာမှအစ နောင်အဆက်ဆက် အုပ်ချုပ်ရသူ မင်းပိုင်းစိုးပိုင်းတို့နှင့် လည်း ရင်းနှီးလေသည်။ အထူးသဖြင့် ဆာချားဗားနဒ်နှင့် ပို၍ ရင်းနှီးပုံရလေသည်။ တစ်ခါက ဆာချားဗားနဒ်သည် စိန်ဂျွန်းကောလိပ်၌ ဖျားနာနေသော ဆရာမှတ်ထံသို့ ကိုယ်တိုင်လာပြီး အစိုးရအိမ်တော်သို့ ယူဆောင်ပြုစုသည်ဟု သိရလေသည်။
မင်းတုန်းမင်းတရားကြီးနှင့် ဆရာမှတ်ကြီး
ပြင်ဆင်ရန်ဆရာမှတ်ကြီးသည် ၁၈၆၈ ခုနှစ်မှ ၁၈၇၄ ခုနှစ်အထိ မန္တလေးမြို့၌ နေထိုင်စဉ် မင်းတုန်းမင်းထံသို့ မကြာခဏ ဝင်ရောက် ခစားခွင့် ရသည့်အပြင် ဘုရင့်ထံမှ အကူအညီ အထောက်အပံ့ကိုလည်း ရရှိခဲ့လေသည်။ မန္တလေးမြို့သို့ မိမိထက် ဦးစွာ ရောက်နေနှင့်ကြသော ရောမ ကက်သလစ်ဂိုဏ်းမှ ဘုန်းကြီးသည်လည်းကောင်း၊ အာမီးနီးယန်းဂိုဏ်းအုပ်သည်လည်းကောင်း ဘုရင်၏ အကူအညီ အထောက်အပံ့ကို ခံယူရရှိလျက်ရှိလေသည်။ မင်းတုန်းမင်းကြီးသည် နေပြည်တော်တွင် ရေဖျန်းဂိုဏ်းအတွက် ဘုရားရှိခိုးကျောင်း တည်ဆောက်ရန်သော်လည်းကောင်း၊ ခရစ်ယာန်သာသနာကျောင်း တည်ထောင်ရန်သော်လည်းကောင်း ဆရာမှတ်ကြီးအား ခွင့်ပြုတော်မူလေသည်။ ထို့ပြင် သီပေါမင်းသား အပါအဝင် မင်းသား ကိုးပါးနှင့်တကွ အခြား နန်းတွင်းသားတို့ကို ဆရာမှတ်ကြီးကျောင်းသို့ပို့၍ စာသင်စေသည်။
ဆရာမှတ်၏ ပညာရေး ဆောင်ရွက်ချက်
ပြင်ဆင်ရန်ဆရာမှတ်ကြီးကို သာသနာပြုဆရာတစ်ယောက်အဖြစ် မှတ်မိကြသည်ထက် ကျောင်းဆရာကြီးတစ်ယောက် အဖြစ် ပို၍ မှတ်မိကြသည်ဟု ဆိုနိုင်ပေသည်။ ဆရာမှတ်ကြီးသည် မော်လမြိုင်မြို့သို့ ကျောင်းဆရာအလုပ်ဖြင့်ပင် ရောက်ရှိလာခဲ့လေသည်။ ဆရာကြီး၏ အောင်မြင်မှုမှာ ပညာသင်ကြားရေးနည်းစနစ်၊ စည်းရုံးမှုနည်းစနစ် ကောင်းလှခြင်းကြောင့်ဟု ဆိုရမည်ထက် တပည့်အပေါင်းတို့ကို သားရင်းမြေးရင်းပမာ ချစ်ခင်၍ မိမိ၏ အချိန်၊ ငွေ၊ ကျန်းမာရေးတို့ကို တပည့်များ၏ အကျိုးအတွက် စွန့်နိုင်ခြင်းကြောင့်ဟု ဆိုရပေမည်။ မိမိ၏ တပည့် တစ်စုံတစ်ယောက် ဖျားနာနေလျှင် တစ်ညဉ့်လုံး မအိပ်ဘဲ ပြုစုစောင့်ရှောက်လေ့ ရှိလေသည်။ ဆရာမှတ်ကြီးသည် မြန်မာနိုင်ငံ၌ အက်စ်၊ ပီ၊ ဂျီ သာသနာကျောင်းများကို အနှံ့အပြား တည်ထောင်ဖွင့်လှစ်ခဲ့လေသည်။ ရန်ကုန်မြို့ရှိ စိန်ဂျွန်းကျောင်းမှာ အထင်ရှားဆုံး ဖြစ်သည်။ စိန်ဂျွန်းကျောင်းကို ၁၈၆၄ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် သည်ကော့တိတ်ခေါ် အိမ်တစ်ဆောင်၌ စတင် ဖွင့်လှစ်ခဲ့လေသည်။ အိမ်ငှားခ တစ်လလျှင် ငွေ ၁ဝဝ ကျပ် ပေးရသည်။ နေ့ကျောင်းသားများအပြင် ကျောင်းအိပ်ကျောင်စားများကိုလည်း လက်ခံထားလေသည်။
ထိုအချိန်အခါမှစ၍ ဆရာမှတ်ကြီးကျောင်းသည် ကြီးပွားတိုးတက်လာခဲ့လေသည်။ တပည့် ကျောင်းသားတို့ကလည်း ဆရာကြီး၏ ကျေးဇူးကို တုံ့ပြန်သည့် အနေဖြင့် ဆရာမှတ်ကြီးကျောင်းဆရာကြီး အလုပ်မှ အငြိမ်းစားယူသည့် ၁၈၉၈ ခုနှစ်တွင် မတ် အထိမ်းအမှတ် ရန်ပုံငွေ ကို စတင် ဖွင့်ခဲ့ကြလေသည်။ ထိုရန်ပုံငွေမှာ ဆရာမှတ်ကြီးကျောင်းထွက် ကျောင်းသားဟောင်းတို့က မိမိတို့ ဆရာကြီးအား ထောက်ပံ့ရန်ပင် ဖြစ်လေသည်။ ဆရာကြီး အနိစ္စရောက်ပြီးသည့်နောက်၌ပင် ထိုရန်ပုံငွေကို ရပ်ဆိုင်း၍ မထားဘဲ စိန်ဂျွန်းကျောင်းဝင်း၌ ဆရာမှတ်ကြီး အထိမ်းအမှတ် ဘုရားရှိခိုးကျောင်းတစ်ဆောင် ဆောက်လုပ်ရန်နှင့် ဆင်းရဲနွမ်းပါးသော မြန်မာတိုင်းရင်းသား ကျောင်းသားတို့အား ငွေကြေး ထောက်ပံ့ရန် ဆက်လက် ထားရှိခဲ့ကြလေသည်။
ဆရာမှတ်ကြီးသည် ပြည်သူတို့နှင့်ဆိုင်သော ရပ်ရွာအရေးကိစ္စတို့၌လည်း ပါဝင် ဆောင်ရွက်လေ့ရှိလေသည်။ ဆရာကြီးသည် စိန်ဂျွန်းကောလိပ် အရန်တပ်ဖွဲ့ကိုလည်း ဦးစီးတည်ထောင်ခဲ့သူ ဖြစ်ပေသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)