ဆရာဝန် (ပညာဝန်) ပြင်ဆင်ရန်

ဆရာဝန်ဟူသည် ယခုခေတ်တွင် လူနာအား ဆေးဝါးကုသပေးရသည့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို ဆိုလိုသော်လည်း မြန်မာမင်းများ လက်ထက်ကမူ ဆရာအား ဝန်အဖြစ်ခန့်ထားခြင်းသာ ဖြစ်ကြောင်း သိရှိရ၏။

စာသင်ဆရာ ဦးရွှေဖြိုး ပြင်ဆင်ရန်

'အာစရိယ ဂုဏောအန္တတော' ဟူသော ဗုဒ္ဓဘာသာတရားတော်နှင့်အညီ သာသနာ့ဒါယကာ ဘုရင်မင်းမြတ်တို့သည် မိမိတို့ငယ်ရွယ်စဉ်မင်းသားဘဝက စာပေကျမ်းဂန်များ သင်ကြားပြသပေးခဲ့ကြသည့် စာသင်ဆရာများအပေါ် ဘုရင်ဖြစ်လာသောအခါ တစ်နည်းနည်းနှင့် ပြန်လည်ကျေးဇူးပြုတတ်ကြသည်။ အင်းဝမင်းဆက်၏ နောက်ဆုံးဘုရင် မဟာဓမ္မရာဇာဓိပတိမင်း (၁၇၃၃-၁၇၅၂)က သူ၏ စာသင်ဆရာ ဦးရွှေဖြိုးအပေါ် ကျေးဇူးပြုခဲ့ပုံမှာ ထင်ရှားသော သာဓကတစ်ရပ်ဖြစ်သည်။ မဟာဓမ္မရာဇာဓိပတိမင်းသည် စာသင်ဆရာ ဦးရွှေဖြိုးအား ရာဇနန္ဒဘွဲ့၊ နန္ဒမိတ်ကျော်ထင်ဘွဲ့များဖြင့် အတွင်းဝန်ရာထူး ပေးအပ်ချီးမြှင့်ခဲ့သည်။ သို့သော် စာသင်ဆရာ ဦးရွှေဖြိုး မှာ ဆရာဝန်ဟူ၍ အမည်မထင်ရှားခဲ့ပေ။

ဆရာဝန်ဟူသော ဝေါဟာရ ပြင်ဆင်ရန်

ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူဝန်များကို ဆရာဝန်ဟု ခေါ်ဆိုကြခြင်းမှာ မင်းတုန်းမင်းလက်ထက် သမားတော်ဖြစ်သူ ဂျာမန်လူမျိုး ဒေါက်တာမာဖီလ် (Dr.Marfel)အား အစွဲပြု ခေါ်ဆိုကြခြင်းဖြစ်သည်။ မြန်မာတို့က ဒေါ်တာမာဖီလ်အား ဦးမာဘီဟုလည်းကောင်း၊ ဆရာဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ ဆရာမာဘီအား နောင်သစ်တော်ဝန်အရာခန့်အပ်လိုက်သောအခါ ဆရာဝန်ဟူ၍ ခေါ်ဆိုကြပြန်ရာ ယခုအခါ ဆရာဝန်ကို အနောက်တိုင်းဆေးပညာရှင်အဖြစ် မှတ်ယူခေါ်ဆိုကြသည်။

ဆရာဝန်ကြီး ဦးနဲ ပြင်ဆင်ရန်

ကုန်းဘောင်ခေတ်လယ်ပိုင်း စစ်ကိုင်းမင်း (ဘကြီးမော်) (၁၈၁၉-၁၈၃၇) လက်ထက် သတိုးသုဓမ္မမဟာ သက်တော်ရှည်ဘွဲ့ခံ ဝန်ကြီးဦးနဲမှာမူ ဆရာဝန်ကြီး အဖြစ်ထင်ရှားခဲ့သည်။ ဦးနဲသည် စစ်ကိုင်းမင်းသားငယ်စဉ်က စာသင်ကြားပေးရသူ စာသင်ဆရာဖြစ်သည်။ မောင်းထောင်သာသနာပိုင်၏ တပည့်ရင်းဖြစ်သူ ဦးနဲမှာ စာပေ၊ ကျမ်းဂန်ဗဟုသုတနှင့် ပြည့်စုံသူ ဖြစ်သည်။ စစ်ကိုင်းမင်းသည် မိမိ၏ ဆရာဝန်ကြီးအား အလွန်ပင်ရိုသေလေးစား၏။ ပြည်ရေးပြည်ရာကိစ္စများကိုလည်း ဆရာဝန်ကြီးနှင့် မပြတ်တိုင်ပင်လေ့ရှိခဲ့သည်။

ဆရာဝန်ထောက် ပြင်ဆင်ရန်

မိမိ၏ စသင်ဆရာများအပေါ် ကျေးဇူးသိတတ်ကြသူများထဲတွင် မင်းတုန်းမင်းလည်း ပါဝင်သည်။ မင်းတုန်းမင်းသည် မိမိမင်းသားဘဝက ဆရာဖြစ်ခဲ့ဖူးသူ ဆရာတော်အား လူထွက်စေ၍ ဝန်ကြီးအရာခန့်အပ်ခဲ့ဖူး၏။ ဆရာဝန်ကြီးဟု အမည်မတွင်သော်လည်း မင်းတုန်းမင်းအပေါ် ဩဇာလွှမ်းမိုးနိုင်သူ မင်းဆရာအဖြစ် နေရာပေးခဲ့သည်။ ယင်းဝန်ကြီးမှာ ပခန်းမင်းကြီး ဦးရန်ဝေးပင် ဖြစ်သည်။ သီပေါမင်းသည် ခမည်းတော်မင်းတုန်းမင်းကဲ့သို့ပင် မိမိ ငယ်စဉ်က ပညာသင်းကြားခဲ့သူ နန်းဦးကျောင်းဆရာတော် ဦးဥတ္တမအား လူဝတ်လဲစပြေီး ၂၅ ဧပြီ ၁၈၈၄ တွင် ဝန်ထောက်အရာခန့်အပ်ခဲ့သည်။ နန်းတွင်း အသိုင်းအဝိုင်းက သူ့အား ဆရာဝန်ထောက်ဟူ၍ သိရှိကြ၏။

ပညာဝန်ထောက် ပြင်ဆင်ရန်

သီပေါမင်းလက်ထက်တွင် လောကီဗေဒင် အတက်ပညာရပ်များကို သင်ကြားပြသပေးခဲ့သူ လယ်ကိုင်းမြို့ဝန် ဦးသိုင်းအား ၂၅ ဧပြီ ၁၈၈၄ ခုနှစ်တွင် ဝန်ထောက်အရာခန့်အပ်ခဲ့သည်။ ပညာသင်ကြားပေးခဲ့သူ ဖြစ်သဖြင့် ဦးသိုင်းအား ပညာဝန်ထောက်ဟု ခေါ်ဆိုကြသည်။ ကာနယ်စလေဒင်၏ မှတ်တမ်းတွင်မူ Minister of Education ဟူ၍ ဖော်ပြထား၏။