ဆိုပိမ့်မညှာ ဆုံးမစာ သည် လယ်တီဆရာတော်ရေးသားခဲ့သည့် ဆုံးမစာကဗျာတစ်ပုဒ် ဖြစ်သည်။[]

ဆိုပိမ့်မညှာ၊ စေ့စေ့နာလော့၊
ဂင်္ဂါသဲမျှ၊ ပွင့်ကုန်ကြသား၊
ဘုရားသာသနာ၊ ခေတ်အခါတွင်၊
လူ့ရွာနတ်၌၊ နင်ကြုံကြိုက်လည်း၊
အမိုက်မခြွေ၊ အလိုက်နေ၍၊
အခြေမကြီး၊ အချည်းနှီးလျှင်၊
ယီးတီးယောင်တောင်၊ ခုတိုင်အောင်တည့်။

သန်းခေါင်လကွယ်၊ တောအုပ်လယ်၌၊
ရှစ်နယ်ပတ်ကုံး၊ အပြည့်ဖုံးသည်၊
မိုးလုံးတိမ်တိုက်၊ လျှပ်မကြိုက်သား၊
အမိုက်အပြား၊ အင်လေးပါးထက်၊
နင်ကားရာထောင်၊ မကမှောင်၏။

လူ့ဘောင်လူ့ရွာ၊ သာသနာ၌၊
ကြမ္မာတော်၍၊ ယခုတွေ့လည်း၊
အလေ့မလွဲ၊ အများနည်းလျှင်၊
မိုက်မြဲနှင်နှင်၊ မိုက်စရွှင်၏၊။
မျက်မြင်လောက၊ ဤဘဝကား၊
ဒုက္ခစင်းစင်း၊ ချမ်းသာကင်း၏၊

သေမင်းအစာ၊ နင့်ခန္ဓာကို၊
တဏှာဘီလူး၊ အမှောင့်ပူး၍၊
အရူးပြင်ပြင်၊ နင့်ကိုထင်၏။


နင်နှင့်မဆိုင်၊ နင်ပိုင်မဟုတ်၊
နင့်ရုပ်နင့်နာမ်၊ နင့်သန္တာန်ကို၊
နင့်ဉာဏ်မစူး၊ အပေါ်ဖြူး၍၊
မူးမူးမေ့မေ့၊ အများလေ့ဖြင့်၊
နေ့ရက်အပုံ၊ လွန်ခဲ့တုံပြီ၊
အာရုံဝတ္ထု၊ မီးစာစုကို၊
မှုမှုရရ၊ နင်အားကျလည်း၊
ဓားပြသေမင်း၊ သူတပ်နင်းက၊
မငြင်းဆန်သာ၊ နင့်ခန္ဓာသည်၊
ပြာပုံအပြီး၊ ဖြစ်လုနီးပြီ။

ယီးတီးယားတား၊ သေ၍သွားလည်း၊
တရားမကြွယ်၊ အထုပ်ငယ်လျက်၊
အပါယ်စခန်း၊ သွားမြဲလမ်း၌၊
တပန်းဟိုက်ဟိုက်၊ တစ်ရှိုက်ငင်ငင်၊
တငြင်ငြိုငြို၊ ဆင်းရဲပိုလျက်၊
ထိုထိုဘဝ၊ အနန္တလျှင်၊
အစမဆုံး၊ အများထုံးတည့်၊
အနှုန်းမပျက်၊ အောက်နရက်ဝယ်၊
တစ်သက်နွယ်နွယ်၊ အမြစ်တွယ်သို့၊
အပါယ်ထိုထို၊ ဥဒဟိုသည်၊
နင်လိုလူမိုက် သွားလမ်းတည်း။

[]

  1. ၁.၀ ၁.၁ ဂမ္ဘီရကဗျာကျမ်း (တတိယအကြိမ် ed.)။ မြတ်ဆုမွန်စာပေထုတ်ဝေရေးလုပ်ငန်း၊ ရန်ကုန်မြို့။