ဆိုရှယ်လစ်ဝါဒကျဆုံးရခြင်း

ခါထေ

ဆိုရှယ်လစ်စနစ်သည် နှစ်ဆယ်ရာစု၏ မဟာဝါဒ၊ မဟာဘဝကြီးတစ်ခုဖြစ်ခဲ့သည်။ ဆိုရှယ်လစ်စနစ်က ပြည်သူတွေကို မည်သည့် ကတိများပေးခဲ့သနည်း။ ချမ်းသာရမည်၊ ညီမျှရမည်၊ ဆင်းရဲခြင်းကင်းရမည်၊ ဒုက္ခတွေကင်းဝေးရမည်၊ ဖိနှိပ်မှုတွေ ကင်းရမည် စသည်ဖြင့် အမျိုးမျိုးသောဟောပြောချက်များကြားတွင် ပြည်သူတွေက ဘဝသစ်တစ်ခုကို မျှော်မှန်းရင်း စိတ်ကူးတွေ ယဉ်ခဲ့ကြသည်။ အခြားဘာကိုမျှ နားမယောင်ချင်နေပါစေ ‘‘သာတူညီမျှ’’ ဆိုသည့်စကားသည် စိတ်ချမ်းသာမှုအပေးနိုင်ဆုံး စကားလုံးလေးတစ်လုံးဖြစ်မည်ထင်သည်။

ဆိုရှယ်လစ်စနစ်အစတွင် လူတွေက အရင်းအနှီးစုဆောင်း၊ ဘုံဝါဒကိုတည်ဆောက်ကာ အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ရင်း အောင်မြင်မှုလေးတွေရရှိခဲ့သည်။ နောက်ပိုင်းတွင် ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်ကကြီးစိုးလာသည့်အခါ အောက်ခြေနှင့် ကင်းကွာပြီး ကျဆုံးခန်းများနှင့် ရင်ဆိုင်လာရသည်။ အစပိုင်းတွင် ရရှိခဲ့သည့်အောင်မြင်မှုများသည် အစိုးရကြားဝင်လိုက်မှ ပျက်စီးရကိန်း ဖြစ်လာခဲ့ရသည်။ မက်လုံးပေးထားသည့် အသားတုံးကြီးသည် စားရမှာလည်း သဲတရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီနှင့်ဝင်းဝင်းဖြစ်လာရသည်။ ရေရှည်ကျင့်သုံးကြည့်လိုက်မှ ဆိုရှယ်လစ်စနစ်သည် နိုင်လိုမင်းထက်ပြုကျင့်မှုများ၊ မလွတ်လပ်မှုများ၊ ချုပ်ကိုင်မှုများ၊ အလုပ်မဖြစ်မှုများနှင့်ရင်ဆိုင်လာရသည်။

ဆိုရှယ်လစ်စနစ်အခြေခံသဘောတရားသည် ပိရမစ်ရင်းနှီးမြှုပ်နှံမှု (Ponzi Scheme) ကိုမူလကအခြေခံခဲ့သည်။ ထိုသဘောတရားကလည်းမအောင်မြင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် စကတည်းကမှားနေသောကြောင့်ဟု ထောက်ပြကြသည်။ အလားတူ ပြည်သူပိုင်ပြုလုပ်ခြင်းဖြင့် ကုစားကြသော်လည်း ပျော့ကွက်အားနည်းချက်တွေများသဖြင့် အနာနှင့်ဆေး တည့်အောင် မပေးနိုင်သေးဘဲ နာတာရှည်ဖြစ်လာရသည်။ ဆိုရှယ်လစ်စနစ်မအောင်မြင်ရခြင်းသည် တရားသေသဘောတရားများကို ဆုပ်ကိုင် လွန်းခြင်းကြောင့်ဖြစ်သည်။ လူ့သဘောနှင့် လူ့မနောသည် ရပ်တန့်နေသည့်အသွင်မဆောင်ကြောင်း ဆိုရှယ်လစ်ဝါဒီတွေက မမြင်နိုင်ခြင်းသည် ကျဆုံးခန်းသို့ဖန်လာစေသည့် အကြောင်း တရားများဖြစ်လာခဲ့ရသည်။ ကမ္ဘာ့ကျင့်သုံးသည့်နိုင်ငံများအတွင်း ဆိုရှယ်လစ်စနစ်ကျဆုံးရခြင်းသည် ‘‘လူတွေကို မက်လုံးကောင်းကောင်း မည်သို့ပေးသင့်ကြောင်းကို နားမလည်ကြသောကြောင့်’’ ဟူ၍လည်းသုံးသပ်ကြသည်။

အရင်းရှင်စီးပွားရေးစနစ်တွင် ‘‘မက်လုံး’’ သည် အဓိကကျင့်သုံးရသည့်သဘောတရားဖြစ်သည်။ ဈေးနှုန်းတန်ဖိုး၊ အရှုံး အမြတ်၊ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်၊ ရောင်းသူ ဝယ်သူသဘောတူလျှင် အပြန်အလှန်လွတ်လပ်စွာလုပ်ပိုင်ခွင့်စသည့် တိုက်ရိုက် စီးပွား ကုန်သွယ်ခွင့်တို့သည် အရင်းရှင်စနစ်၏ မက်လုံးများဖြစ်သည်။

ဆိုရှယ်လစ်စနစ်တွင် မက်လုံးသည် သာမန်မျှသာဖြစ်သည်။ ဗဟိုဦးစီးချုပ်ကိုင်မှုဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို ထိန်းချုပ် ထားသဖြင့် ဈေးကွက်တန်ဖိုးနှင့် အကျိုးအမြတ်များပျောက်ကွယ်နေရသည်။ နိုင်ငံတော်က ပုဂ္ဂလိကပိုင်ဆိုင်မှုကို ချုပ်ကိုင်ထားပြီး အရာရာတွင် နိုင်ငံတော်ပိုင်ဖြစ်နေသဖြင့် တိုက်ရိုက်စီးပွားရေးလုပ်ဆောင်နိုင်မှုကို သက်ရောက်နိုင်စွမ်းမရှိပေ။ မက်လုံးပေးမှုကို မလိုအပ်ဟုထင်ခြင်း၊ လူ့သဘော လူ့သဘာဝကို လျစ်လျူရှုခဲ့ခြင်းတို့သည် ဆိုရှယ်လစ်စနစ်ကျဆုံးခဲ့ရခြင်း၏ အခြေခံ အကြောင်း တရားများ ဖြစ်ခဲ့ရသည်။

လက်ရှိအနေအထားတွင် မာ့က်စ်ဝါဒီတွေကလည်း ကမ္ဘာ့နိုင်ငံအနှံ့အပြား၌ သူတို့ကျဆုံးခန်းရောက်နေပြီဖြစ်ကြောင်းကို လက်ခံကြသည်။ သူတို့ကိုယ်တိုင် လက်တွေ့မဆန်သည့်သဘောတရားကြောင့်ကျဆုံးရကြောင်းဝန်ခံခဲ့ကြသည်။ စစ်မှန်သည့် ဆိုရှယ်လစ်ဝါဒကို မကျင့်သုံးနိုင်ခြင်းကြောင့်ဟု ဝေဖန်ပြောဆိုကြသည်။ စစ်မှန်သည့်ဆိုရှယ်လစ်သဘောတရားကို မာ့က်စ်က သဘောတရားနှင့် လက်တွေ့ ပေါင်းစပ်ကျင့်သုံးရန် လမ်းညွှန်ပေးခဲ့ပြီးသားဖြစ်သည်။ သို့သော်လက်တွေ့ဘဝတွင် ဆိုရှယ်လစ်စနစ်ကို အကောင်အထည်ဖော်ကြရာ၌ ကိုယ်လိုရာဆွဲပြီး အကောင်အထည်ဖော်ကြသောကြောင့် အရင်းရှင်စနစ်ကိုလွှမ်းမိုးနိုင်ရမည်ဟူ၍ ကြွေးကြော်ခဲ့ရာမှ အရင်းရှင်စနစ်ကျောက်ဆောင်ကို ခေါင်းနှင့်သွားတိုက်သလိုဖြစ်သွားခဲ့ရသည်။

မပြည့်ဝသည့်ဆိုရှယ်လစ်စနစ်ဖြင့်အကောင်အထည်ဖော်ကြရာတွင် စီးပွားရေးသာမဟုတ်၊ နိုင်ငံရေးအရလည်း ကျဆုံးမှုတွေများလှသည်။ နိုင်ငံရေးစနစ်များဖြစ်သည့် ဆိုရှယ်လစ်စနစ်၊ အရင်းရှင်စနစ်၊ ဖက်ဆစ်စနစ်၊ ကွန်မြူနစ်စနစ် စသည် တို့တွင် သူ့ စနစ်နှင့်သူ ခိုင်မာသည့်မူဝါဒ သဘောတရား၊ လမ်းစဉ်နှင့်ကျင့်သုံးမှုများရှိပြီးသားဖြစ်သည်။

ထိုဝါဒသဘောတရားများကို လိုက်နာကျင့်သုံးသည်ဆိုရာတွင် အတိုင်းအတာတစ်ခုအတွင်း ကန့်သတ်ချက် တစ်စုံ တစ်ရာနှင့် ရင်ဆိုင်ကြရသည်။ လူကြောင့်လည်းကောင်း၊ မူကြောင့်လည်းကောင်း၊ သယံဇာတရင်းမြစ်များကြောင့်လည်းကောင်း မတူညီသည့်ခံယူကျင့်သုံးမှုများဖြစ်နိုင်သည်။ သယံဇာတရှားပါးသည့်နိုင်ငံများ၊ ဆင်းရဲသည့်နိုင်ငံများတွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် မက်လုံးမည်သို့ ပေးနိုင်မည်နည်း။ သို့ဖြစ်ရာ နှစ်ပိုင်းတစ်ပိုင်းဆိုရှယ်လစ်၊ သုံးပိုင်းတစ်ပိုင်းအရင်းရှင်စနစ်များကို ကျင့်သုံးလာကြရတော့သည်။ တင်းပြည့် ကျပ်ပြည့်မရသည်ချင်းအတူတူ အရင်းရှင်စနစ်က စီးပွားရေးထွက်ပေါက်ကို အမြန်ဆုံး ရှာပေးနိုင်သည့်အတွက်လည်း အရင်းရှင်စနစ် ဆက်လက်အောင်ပွဲခံနေရသည်ဟုဆိုနိုင်သည်။

အရင်းစနစ်အောင်ပွဲခံနိုင်ခြင်းသည် P သုံးလုံးပေါ်တွင် အခြေခံနေသောကြောင့်ဖြစ်သည်။ P သုံးလုံးဆိုသည်မှာ

၁။ ဈေးနှုန်း (Prices) ၊ ဈေးကွက်တွန်းအားဖြင့်ဆုံးဖြတ်ခြင်း

၂။ အရှုံးအမြတ် (Profit-and-loss ) ကိုတွက်ချက်နိုင်ခြင်း

၃။ ပုဂ္ဂလိကပိုင်ဆိုင်ခွင့် (Private property rights) တို့ဖြစ်သည်။

ဆိုရှယ်လစ်စနစ်ကျဆုံးရခြင်းသည် ထို P သုံးလုံးကို မက်လုံးအဖြစ် မကျင့်သုံးနိုင်ခြင်းကြောင့်ဖြစ်သည်။

ဈေးနှုန်းဆိုသည့် မက်လုံးမရှိလျှင် အရှုံးအမြတ်မတွက်နိုင်၊ အရှုံးအမြတ်မရှိလျှင် ပုဂ္ဂလိကပိုင်ဆိုင်ခွင့်လည်းမရှိနိုင်ပေ။ ထိုအကျိုးတရားမက်လုံးမရှိသည့် ဆိုရှယ်လစ်စီးပွားရေးစနစ်သည်လည်း ထင်တိုင်းခရီးမပေါက်၊ မြင်တိုင်းမပြီးမြောက်ခဲ့ပေ။ ဆိုရှယ်လစ်စီးပွားရေးစနစ်အောက်တွင် အရေးပါသည့်စီးပွားရေးလုပ်ငန်းသည် မထွန်းကားသဖြင့် ပြည်သူတို့ကို မက်လုံးတစ်ခု အနေဖြင့် ဆွဲဆောင်နိုင်စွမ်းလည်းမရှိခဲ့ပေ။

မည်သည့်နိုင်ငံတွင်မဆို တစ်ဘက်ကလစ်ဟာချက်များကို တစ်ဘက်မှသဘာဝရင်းမြစ်များဖြင့် အစားထိုးကာ ထိန်းလေ့ ရှိကြသည်။ ဥပမာ ရုရှားနိုင်ငံသည် သဘာဝရင်းမြစ်အကြွယ်ဝဆုံးနိုင်ငံကြီးတစ်နိုင်ငံဖြစ်သည်။ ရေနံ၊ သဘာဝဓာတ်ငွေ့၊ စိန်၊ ရွှေတို့သည်သုံးမကုန် အောင်ပေါကြွယ်လှသည်။ စိုက်ပျိုးမြေလည်း အလုံအလောက်ရှိသည်။ လယ်ယာ၊ ချောင်းမြောင်း၊ သစ်တော၊ ရေတွင်း၊ ရေကန်ပေါကြွယ်လှသော်လည်း ရုရှားသည်ထင်သလောက်မချမ်းသာ။ သဘာဝရင်းမြစ်များ မည်မျှပေါများသည်ဆိုစေ အမှန်တကယ်မူလရင်းမြစ်သည် လူသားရင်းမြစ်ဖြစ်သည်။

ပြည်သူကိုမြှင့်တင်ခြင်းသည် သဘာဝတရားကိုမြှင့်တင်ပေးခြင်းဖြစ်ပြီး၊ ပိတ်ပင်ခြင်းသည် စိတ်ဓာတ်အရရော ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိုပါ ပိတ်ပင်တားဆီးရာရောက်သည်ဟု ဆိုရှယ်လစ်စနစ်ကမမြင်ဘဲ အရာရာတွင် စီမံကိန်းများ ချမှတ်ပြီး လွတ်လပ်စွာ အကောင်အထည်မဖော်နိုင်သည့်မူကြောင့် အောင်မြင်တိုးတက်မှုများနှင့် အလှမ်းကွာဝေးနေရသည်။ ဆိုရှယ်လစ်စနစ်ကျဆုံးရခြင်းသည် လူတို့၏စိတ်ဓာတ်ကို သတ်ပစ်တတ်သည့်ညာဉ်ဆိုးများကြောင့်ဟုဆိုသည်။

စီးပွားရေးစနစ်သည် ဗဟိုဦးစီးချုပ်ကိုင်မှုမှသည် လွတ်လပ်သောဈေးကွက်စီးပွားရေးစနစ်၊ အရင်းရှင်စီးပွားရေးစနစ်၊ ဒီမိုကရေစီသို့အဆင့်ဆင့်ကူးပြောင်း တောင်းဆိုလာကြသည်။ အမေရိကန်ကို အသွင်ကူးပြောင်းရေးအတွက် စံအဖြစ် နိုင်ငံတိုင်း ရှုမြင်သုံးသပ်လာကြသည်။ အမေရိကန်ဆိုသည့်နိုင်ငံကလည်း နှစ်ပေါင်း ၂၅ဝ ခန့် ကန့်သတ်ထားသည့်အစိုးရအောက်တွင် ပွင့်လင်းသည့်ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးသဖြင့် တိုးတက်မှုအရှိန်မကျသည့် စံပြနိုင်ငံဖြစ်နေသည်။ ‘‘လွတ်လပ်ခြင်း’’ နှင့် ‘‘လုပ်ပိုင်ခွင့်ရှိခြင်း’’ တို့သည်ထွက်ပေါက်လားဟု လူတိုင်းစိတ်ဝင်စားလာကြသည်။

နိုင်ငံနှင့်ပြည်သူတို့ကို ဈေးကွက်စီးပွားရေးစနစ်ဖြင့် လမ်းဖွင့်ပေးရန်၊ လွတ်လပ်ခြင်းနှင့် လုပ်ပိုင်ခွင့်အတွက် ဒီမိုကရေစီကို ဖော်ဆောင်ပေးရန်ဆိုသည်မှာ လူတိုင်း၏မျှော်လင့်ချက်များ၊ နိုင်ငံအစိုးရတို့၏တာဝန်ဝတ္တရားများဖြစ်လာခဲ့ရသည်။ ဗဟိုချုပ်ကိုင်မှု သည် ပြည်သူတို့ ချမ်းသာမှုမဟုတ် အစိုးရလက်တစ်ဆုပ်စာချမ်းသာမှုသာဖြစ်သည်ဟု အတွေးအမြင်တွေထုတ်ဖော်လာကြသည်။

ဆိုရှယ်လစ်စနစ်က ပြည်သူများအား ‘‘လွတ်လပ်မှု နည်းနည်းလေးအဆုံးရှုံးခံလိုက်ပါ ငါတို့က လုံခြုံမှုပေးပါမည်’‘ ဟုအာမခံထားသည်။ သို့သော်ရာစုနှစ်ပေါင်းများစွာ ‘‘ပေးကားပေး၏မရ၊ ကျွေးကားကျွေး၏မဝ’’ ဖြစ်လာသည့်အခါတွင် ပြည်သူတွေက သံသယဖြစ်လာကြသည်။ သံသယသည် လွတ်လပ်မှုရော၊ လုံခြုံမှုကိုပါ ဆုံးရှုံးစေတော့သည်။

ဆိုရှယ်လစ်စနစ်တွင် ဆေးဝါးကုသပိုင်ခွင့်၊ သက်သာချောင်ချိရေး၊ လူမှုဖူလုံရေး၊ သာတူညီမျှ လုပ်ခစသည်ဖြင့် မက်လုံးများ ရှိသော်လည်း ‘‘အပေါ်ယံရွှေမှုံကြဲ၊ အတွင်းကနောက်ချေးခံ’’ ဆိုသလိုမျိုးဖြစ်နေသည်ကများသည်။ ဆိုရှယ်လစ်စနစ်ကျဆုံးရခြင်းသည် အပေါ်ယံကိုသာကြည့်ပြီး အတွင်းကိုမရှုမြင်နိုင်ကြသဖြင့်၊ ရှုမြင်ခွင့်မရစေရန် ဖုံးကွယ်ထားတတ်ကြသဖြင့် ကျဆုံးခဲ့ရခြင်း ဖြစ်သည်ဟူ၍လည်း ဆိုနိုင်သည်။ ပြည်သူကို မည်သို့မက်လုံးပေးပြီး ဆွဲဆောင်ရမည်ကို လျစ်လျူရှုကာ ‘‘မဟာလိမ်လည်မှုများ’’ အောက်တွင် စီမံကိန်းများကို အကောင်အထည် ဖော်ပြီးရင်းဖော်ကာ နှစ်တို နှစ်ရှည်များဖြင့် အချိန်ကုန်နေကြရသည်။ သို့သော် ဆိုရှယ်လစ်စနစ်ပျောက်ကွယ်သွားမည်လောဟု စောကြောစရာရှိသည်။ ကမ္ဘာမြေမှ လုံးဝကွယ်ပျောက်သွားရန်ကား မဖြစ်နိုင် သေးပေ။

ဆိုရှယ်လစ်စနစ်ချုပ်ငြိမ်းသည်ဖြစ်စေ မချုပ်ငြိမ်းသည်ဖြစ်စေ လွတ်လပ်ခြင်းနှင့် လုပ်ပိုင်ခွင့်တို့ကို လူသားတိုင်း ခံစားခွင့်ရရှိရေးသည် အရေးအကြီးဆုံးဖြစ်သည်။ သမိုင်းတွင် လွတ်လပ်စွာအသက်ရှူခွင့်ရသည့်ကမ္ဘာနှင့် ပိတ်လှောင်ခံထားရသည့် ကမ္ဘာတို့အပေါ် ပြည်သူတို့ သုံးသပ်ဆုံးဖြတ်နိုင်ကြပြီဖြစ်သည်။ အရင်းရှင်စနစ်တိုးတက်ရခြင်းသည် ပြည်သူတို့ စိတ်ဓာတ်ကို ဖွင့်ပေးပြီး၊ လုပ်ပိုင်ခွင့် အပြည့်အဝပေးလိုက်ခြင်းဖြင့် လူသားထံမှပြန်လည်ရယူခံစားခြင်းဖြစ်သည်။ ချွေတာမှဖြစ်မည်၊ အလုပ် လုပ်မှဖြစ်မည်၊ ကျွမ်းကျင်မှဖြစ်မည်ဆိုသည့်အသိများဖြင့် အရင်းရှင်စနစ်က ဓနအင်အားကိုရှာဖွေစုဆောင်းသည်။ ဆိုရှယ်လစ် စနစ်က လုပ်လုပ်,မလုပ်လုပ် ထမင်းတစ်လုပ်ကို ရှာဖွေကျွေးရမှာ အစိုးရအလုပ်ဟုယူဆနေသဖြင့် ပြည်သူတွေ ငုတ်တုတ် ဖြစ်နေကြ ရသည်။

ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ်တို့ကွာခြားချက်မှာ အရင်းရှင်စနစ်က ဆက်လက်အလုပ်ဖြစ်နေပြီး၊ ဆိုရှယ်လစ်တွေ တဖြည်းဖြည်း ကွယ်ပျောက်ကုန်ခြင်းဖြစ်သည်။