ဆိုးဆေး
မိမိတို့မှီတင်းနေထိုင်ရာ ကမ္ဘာမြေပေါ်တွင် တော တောင်ရေမြေ စသည်တို့သည် အရောင်အမျိုးမျိုးတို့ဖြင့် လှပတင့်တယ် ရှုချင်စဖွယ်ရှိနေပေသည်။ ပြာလဲ့သောမိုးကောင်းကင် နှင့် သမုဒ္ဒရာရေပြင်၊ စိမ်းစိုညိုမှိုင်းသော တောတောင်၊ အရောင်အမျိုးမျိုးရှိသော ပန်းမာလ်စသည်တို့ကို နေ့စဉ်တွေ့မြင်ရသော လူအပေါင်းသည် မိမိတို့ပတ်ဝန်းကျင့်နှင့် လိုက်အောင် မိမိတို့၏ အဝတ်တန်ဆာနှင့် နေအိမ်များကိုလည်း အရောင်အမျိုးမျိုး ခြယ်လှယ်၍ လှသည်ထက်လှအောင် ကြံဆောင် ပြုလုပ်လိုကြပေသည်။ ယင်းသို့သဘာဝ၏ အရောင်များကို အတုခိုး၍၊ မိမိ တို့၏ အဝတ်တန်ဆာများနှင့် နေအိမ်များကို ရောင်စုံခြယ်သနိုင်ရန် အရောင် ဆိုးဆေးများကို တီထွင်ပြုလုပ်လာခဲ့ကြလေသည်။
ပထမဦးဆုံး အရောင်ဆိုးဆေးများကို စတင်အသုံးပြုကြသူများမှာ အိမ်ထောင်မှုကိစ္စ အဝဝကို ဆောင်ရွက်ရသည့် အမျိုးသမီးများပင် ဖြစ်ကြ၏။ သူတို့သည် ကိုယ့်အိမ်တွင် ရက်လုပ်သော တောင်း၊ ပလုံးနှင့် အဝတ်အထည်များကို ဆန်းကြယ်လှပစေရန် အသီးအနှံ၊ အရွက်အပင်တို့မှရရှိသည့် အရည်များဖြင့် ဆိုးဆေးများဖော်စပ်၍ ရောင်စုံခြယ်သကြလေသည်။ ထိုစဉ်ကအသုံးပြုခဲ့ကြသော သဘာဝအလျှောက်ရရှိ သည့်ဆိုးဆေးများသည် အသွေးအရောင်ကောင်း၍ ကြာရှည်ခိုင်မြဲလေသည်။ ရှေးနှစ်ပေါင်း ၆ဝဝဝ ခန့်က အီဂျစ်နိုင်ငံတွင် အသီးအရွက်တို့၏ အရည်များနှင့် ပြုလုပ်ထားသော ဆိုးဆေးများဖြင့် အရောင်ခြယ်ထားခဲ့သော ပစ္စည်းများသည် ယခုတိုင် အရောင်မပျက်ဘဲရှိကြောင်းကို တူးဖော်ရရှိသော ပစ္စည်းများကို ကြည့်ခြင်းဖြင့် သိရလေသည်။
အမေရိကတိုက်တွင် နေထိုင်သော တိုင်းရင်းသားလူမျိုးများသည် ရှေးအခါကပင် ဆေးဆိုးသောအတတ်၌ကောင်းစွာ ကျွမ်းကျင်ကြလေသည်။ အမေဇုန်မြစ်ကမ်းတလျှောက်တွင် နေထိုင်သော တိုင်းရင်းသားများသည် သူတို့၏ မျက်နှာများကို 'အူရူကူး'ခေါ် ဆေးတစ်မျိုးဖြင့် နီတွေးအောင် ခြယ်သကြလေသည်။ ထိုဆေးကို 'အနတ်တို'ခေါ် အပင်မှ အစေ့၏ အသား များသော အကာဖြင့်ပြုလုပ်ယူကြသည်။ယင်းသည် အလွန်တောက်ပသော အနီရောင်ဆိုးဆေးမျိုးဖြစ်သည့်ပြင် တာရှည်လည်းခံသည်။ သို့ရာတွင် 'အနတ်တို' ဆိုးဆေးသည် အနီ ရောင်ချည်းမဟုတ်ချေ။ ထိုဆိုးဆေးကို အခြားအရာများနှင့် ရောစပ်လိုက်သောအခါ အဝါဖျော့ရောင် ဖြစ်လာလေသည်။ ထို အဝါဖျော့ရောင် ဆိုးဆေးကို ထောပတ်နှင့် ဒိန်ခဲတွင် အဝါရောင် ရရှိရန်အတွက် အသုံးပြုကြသည်။ ထိုဆိုးဆေးတွင် အနံ့နှင့် အရသာ လုံးဝမရှိသဖြင့် ယင်းနှင့်အရောင်တင်ထားသော ထောပတ်နှင့် ဒိန်ခဲတို့သည်လည်း အနံ့အရသာမပျက်ဘဲ တည်နိုင်လေသည်။ 'အနတ်တို'အပင်များကို ပူအိုက်၍ စိုစွတ်သောဒေသ၌ အများအပြားစိုက်ပျိုး၍၊ ထောပတ် ဒိန်ခဲပြုလုပ်သော သမပိုင်းနိုင်ငံများသို့ တင်ပို့ရလေသည်။
အမေရိကတိုက်ရှိ ပူအိုက်သောဒေသများမှရရှိသော ဆိုးဆေးတစ်မျိုးမှာ 'ကိုချင်းနီး'ခေါ် ချိပ်နီဆေးဖြစ်သည်။ ထိုဆေးမျိုးကို အမေရိကတိုက်တွင်ပေါက်သည့် 'နိုပယ်'(ရှားစောင်း တစ်မျိုး)ခေါ် အပင်တွင် ကျက်စားသော ပါရာဆိုက်ပိုးကောင်ငယ်များ၏ ခန္ဓာကိုယ်မှရရှိသည်။ 'ကိုချင်နီး'အကောင်များမှရရှိသည့် ချိပ်နီဆေးသည် အလွန်တောက်ပ၍၊ ဆေးဆိုးရာတွင် စွဲမြဲသည်။ အာဖရိကတိုက်၊ စပိန်နှင့် ပီးရူးနိုင်ငံများတွင်လည်း နိုပယ်အပင်များကို စိုက်ပျိူး၍၊ ကိုချင်နီးပိုးကောင်များကို မွေးမြူကြလေသည်။ ယခုအခါ ဓာတုဗေဒနည်းဖြင့် ပေါင်းစပ် ယူသော ချိပ်နီးဆိုးဆေးများကို ဈေးပေါပေါဖြင့် ရနိုင်ပြီဖြစ်၍၊ ကိုချင်နီးဆေးကို အသုံးနည်းသွားကြလေပြီ။( ကိုချင်နီးဆိုးဆေး။)
ယင်းသို့ အသီး၊ အရွက်၊ ပိုးမွှားကောင်များမှ ထုတ်ယူရသော ဆိုးဆေးများမှာ အမျိုးအစားမများလှပေ။ ထိုအထဲတွင် အထင်ရှားဆုံးမှာ မဲနယ်ဆိုးဆေး ဖြစ်သည်။ မဲနယ်ဆိုးဆေးကို အိန္ဒိယနိုင်ငံတွင်ပေါက်သော'အင်ဒီဂိး'ခေါ်အပင်ငယ်တစ်မျိုးမှ ရရှိ၏။ မဲနယ်ရောင်မှာ အသွေးအလှဆုံး အပြာရောင်ဖြစ်၍၊ အရောင်မလွှင့်ဘဲ ကြာရှည်ခိုင်သည်။
ထိုလှပခိုင်မြဲသည့် အပြာရောင်ဆိုးဆေးကို ဖြစ်စေသော ပစ္စည်းသည် သဘာဝအခြေအနေ၌ အရောင်မရှိချေ။ မဲနယ်ပင် ၏အရွက်မှ ဆိုးဆေးရဖို့အတွက် အရည်စစ်ထွက်လာစေရန် ပထမတွင် အရွက်များကို ရေစိမ်ပေးရသည်။ တဖန် ထိုအရည်ကို ပစ္စည်းနှစ်မျိုးအဖြစ်သို့ ခွဲထုတ်ပေးသော အင်ဇိုင်းကို ထည့်ပေးရသည်။ ဖြစ်ပေါ်လာသည့် ပစ္စည်းနှစ်မျိုးအနက် တစ်မျိုးသည် သကြားရည်ကဲ့သို့ အရည်ချိုသာဖြစ်သည်။ ကျန်တစ်မျိုးကသာ လိုအပ်သည့် အပြာရောင် မဲနယ်ဖြစ်လာသည်။ ထိုမဲနယ်သည် ပထမတွင် ကော်နှင့်တူသောပစ္စည်းမျှသာဖြစ်ပြီးလျှင် အခြောက်ခံ၍ ဖိလိုက်သောအခါတွင်မှ အလွန်အဖိုးတန်လှသည့် ဆိုးဆေးဖြစ်လာသည်။
ဥရောပတိုက်တွင်လည်း 'ဝုဒ်'ခေါ် မဲနယ်ပင်တစ်မျိုးမှ အပြာရောင်ဆိုးဆေးများ ပြုလုပ်နိုင်သည်။ သို့ရာတွင်အာဖရိကတိုက်ရှိ ဂွတ်ဒဟုပ်အငူဘက်မှ လှည့်ပတ်၍ အိန္ဒိယနိုင်ငံမှ မဲနယ် ဆိုးဆေးကို ဥရောပတိုက်သို့ အမြောက်အမြား တင်ပို့ရောင်းချရလေသည်၊ ယခုခေတ်တွင် ဓာတုဗေဒနည်းဖြင့် မဲနယ်ရောင် ဓာတုဗေဒဆိုးဆေးများ စီမံဖော်စပ်နိုင်ကြသော်လည်း၊ သဘာဝ မဲနယ်ရောင်ကိုကား မမှီသေးပေ။
အမည်းရောင်ကို ရှေးအခါက ကျပ်ခိုးဖြင့်ပြုလုပ်ကြ၏။ ယခုအခါ ဓာတုဗေဒပါရဂူများက စီမံဖော်စပ်သည့် အမည်းရောင်ဆိုးဆေးများမှာလည်း ကာဗွန်ခေါ် မီးသွေးမှယုတ်ယူရရှိသည့် ဓာတ်တစ်မျိုးဖြင့် စီမံဖော်စပ်ခြင်းဖြစ်ရာ၊ ရှေးခေတ်စီမံ ဖော်စပ်နည်းနှင့် ယခုခေတ်စီမံဖော်စပ်နည်းတို့သည် တသဘောတည်းပင် ဖြစ်လေသည်။ အမည်းရောင်မှာ တစ်မျိုးတည်းဖြစ်စေ၊ အခြားအရောင်များနှင့် ရောစပ်၍ဖြစ်စေ အသုံးပြုရသဖြင့် များစွာအသုံးဝင်သော အရောင်ဖြစ်သည်။
သို့ရာတွင် ထိုသို့မီးသွေး၊ ကျပ်ခိုးတို့မှ ထုတ်ယူရရှိသော အမည်းရောင် ဆိုးဆေးကို ခြည်ထည်နှင့် သိုးမွေးထည်များက ကောင်းစွ ာစုတ်ယူခြင်းမရှိသဖြင့် အသွေးလည်းမကျ၍၊ ဆေး ရောင်လည်းမခိုင်ချေ။ ထိုကြောင့် အသွေးကျ၍၊ ဆေးခိုင်မည့် အမည်းရောင် ဆိုးဆေးမျိုးကို လုပ်ယူရန် ရှာဖွေစူးစမ်းခဲ့ကြရာ၊ အမေရိကတိုက် အလယ်ပိုင်းဒေသများ၌ပေါက်သော 'လော့ဂဝု' ခေါ် အပင်တစ်မျိုးကို တွေ့ရှိကြလေသည်။ လော့ဂဝု အပင် သည် အရွယ်အလတ်စား အပင်မျိုးဖြစ်သည်။ သစ်သားမှာ နီကြန့်ကြန့်ဖြစ်သည်။ သစ်သားမှ အရည်သည်အရောင်မရှိချေ။ သို့သော် ထိုအရည်မှ 'ဟီမတိန်'ခေါ် ခရမ်းရောင်ပစ္စည်းတစ်မျိုး ကို ဖြစ်စေသည်။ ယင်းပစ္စည်းမှ တဖန် အမည်းရောင်ဆိုးဆေးကို ထုတ်ယူနိုင်သည်။ ဆိုးဆေးချည်းသက်သက်ဖြင့် အရောင် မစွဲနိုင်ချေ။ ထိုကြောင့် အရောင်စွဲစေရန် ချုပ်ဆေးတစ်မျိုးကို ထည့်၍ အသုံးပြုရသည်။ ထိုအမည်းရောင်အတွက် ချုပ်ဆေးကို သံမှ ထုတ်ယူသောဆားဖြင့် ပြုလုပ်ယူသည်။ ချုပ်ဆေးကို ထည့်ပြီးသောအခါတွင် သိုးမွေးနှင့် ခြည်ထည်များ၌ အမည်းရောင် စွဲမြဲလာလေသည်။ အသီးအရွက်များမှ ပြုလုပ်ယူသော အခြားဆိုးဆေးများတွင်လည်း ချုပ်ဆေးများကိုထည့်ပေးရသည်။ အသုံးများသောချုပ်ဆေးများမှာ သံ၊ ခဲမဖြူ၊ ကြေးနီနှင့် အခြားသတ္တုများမှ ထုတ်ယူရရှိသော ဆားများဖြစ်သည်။
အခြားအသီးအရွက်များမှ ထုတ်ယူရရှိသော ဆိုးဆေးများလည်း ရှိပေသေးသည်။ တောင်အမေရိကတိုက်နှင့် အနောက်အိန္ဒိယကျွန်းစုများတွင် ပေါက်လေ့ရှိသော 'ဖတ်စတစ်'ခေါ် သစ်ပင်တစ်မျိုးမှ အဝါရောင်ဆိုးဆေးကိုပြုလုပ်ရရှိလေသည်။ ရှေးအခါက သဘာဝဆိုးဆေးများကို အီဂျစ်၊ ပါးရှားနှင့် အိန္ဒိယနိုင်ငံများတွင် အများဆုံးပြုလုပ်ကြလေသည်။ တိုင်ယာမြို့သည် ရှေးအခါက ခရမ်းရောင်နုဆိုးဆေးကြောင့် ထင်ရှားခဲ့ သည်။ ထိုဆိုးဆေးအရောင်သည် စင်စစ်အားဖြင့်ကြက်သွေးရောင် ဖြစ်သည်။ ယင်းကို မြေထဲပင်လယ်တွင် တွေ့ရသော အခွံမာ ရေသတ္တဝါအချို့၏ ဂလင်းများမှ 'ဆင်သက်တစ်'ခေါ် ဓာတုဗေဒဆိုးဆေးများကို အကြီးအကျယ်ပြုလုပ်လာကြလေပြီ၊ ဤကဲ့သို့ သဘာဝဆိုးဆေးကို ပြုလုပ်ရာ၌ လိုအပ်သော အသီးအနှံ၊ အရွက်၊ အမြစ်များကိုရရှိမည့် နိုင်ငံများမှ စောင့်စားမှာယူ ရသည်မှာ အချိန်ဖင့်၍၊ စရိတ်ကြီးလှသည်။ဓာတုဗေဒဆိုးဆေး များကိုမူ ဓာတုဗေဒနည်းဖြင့် စီမံပေါင်းစပ်ပေးနိုင်သဖြင့် အချိန် ကုန်နည်း၍ စရိတ်ကျဉ်းလေသည်။ သို့ဖြစ်၍ ယခုအခါ ဓာတုဗေဒနည်းဖြင့် ပြုလုပ်ယူသော ဆိုးဆေးများကို တနေ့တခြား အသုံးများကြသည်။
၁၈၅၆ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး ဝီလျံ ဟင်နရီ ပါကင် ဆိုသူသည် ကျောက်မီးသွေးကတ္တရာမှ ကွီနိုင်ကို ထုတ်လုပ်ယူရန် ကြံစည်ရာတွင် ကျောက်မီးသွေး ကတ္တရာတွင် ပါဝင်သည့် 'အန်နလင်း'ခေါ် ပစ္စည်းတစ်မျိုးမှ ခရမ်းနုအရောင်ကို ရရှိခဲ့လေသည်။ ပါကင်၏ ခရမ်းရောင်နု အရောင်ဆေးသည် ပထမဆုံး အန်နလင်းဆိုးဆေးပင် ဖြစ်သည်။ ထိုသို့တွေ့ရှိရာမှ ဓာတုဗေဒနည်းဖြင့် လုပ်ယူသော ဆိုးဆေးများသည် လျင်မြန်စွာ တိုးတက်များပြားလာလေသည်။ ပထမကမ္ဘာ စစ်မဖြစ်မီက ဂျာမနီနိုင်ငံသည် ဆိုးဆေးလုပ်ငန်း၌ ထိပ်ဆုံးတန်းသို့ ရောက်ခဲ့၏။ ထိုစစ်အတွင်း၌ ဂျာမနီမှ ဆိုးဆေးများမရ နိုင်သဖြင့် အမေရိကန်၊ ဗြိတိန်နှင့် အခြားတိုင်းပြည်များရှိ အထည်လုပ်ငန်းကို များစွာထိခိုက်ခဲ့၏။ သို့သော် ထိုအခက်အခဲကို ကျော်လွန်နိုင်ရန်အတွက် နည်းလမ်းများကို ရှာဖွေကြံဆခဲ့ကြလေသည်။
ယခုအခါ ဆိုးဆေးများကို (၁) သဘာဝဆိုးဆေး၊ (၂) တွင်းထွက်ဆိုးဆေး၊ (၃) ဓာတုဗေဒနည်းဖြင့် ထုတ်လုပ်ယူသော ဆိုးဆေးဟူ၍ သုံးမျိုးခွဲခြားနိုင်သည်။ သဘာဝဆိုးဆေးများကို အပင်နှင့် တိရစ္ဆာန်များမှ ထုတ်ယူသည်။ သဘာဝဆိုးဆေး အမြောက်အမြားကို 'ကိုချင်နီး'နှင့် 'လော့ဂဝု'မှ လုပ်ယူကြသေးသည်။ တွင်းထွက်ဆိုးဆေးသည် တွင်းထွက်ပစ္စည်းနှင့် ကျောက်မီးသွေးကတ္တရာမှ ရသည့်ပစ္စည်းများမှ လုပ်ယူသော ဆိုးဆေးဖြစ်သည်။ ဓာတုဗေဒနည်းဖြင့် လုပ်ယူသော ဆိုးဆေးသည် ဓာတ်ပစ္စည်းအမျိုးမျိုးမှ လုပ်ယူသော ဆိုးဆေးဖြစ်သည်။ ထိုဆိုးဆေးများနှင့် ခြည်၊ သိုးမွေး၊ ပိုး၊ ရေယွန်အမျိုးမျိုး၊ နိုင်လွန်၊ ငှက်မွေး၊ သားမွေး၊ သားရေ၊ စက္ကူ၊ အင်္ကျီကြယ်သီးများကို ဆိုးနိုင်လေသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)