“အသက် ၁၅ နှစ်သမီးအရွယ်တွင် ယောက်ျား ရှစ်ဦး၏ အဓမ္မကျင့်ခြင်းကို ခံရပြီးနောက် လူကုန်ကူးခြင်းခံရသူများကို ရှာဖွေကယ်တင်ပေးသူ၊ ခိုကိုးရာမဲ့ အမျိုးသမီးတို့ဘဝကို နားခိုရာရှာပေးသူဖြစ်လာသည်”

ဒေါက်တာ ဆူနီသာ ခရစ်ရှနန်း
ဆူနီသာ ခရစ်ရှနန်း
မွေးဖွား၁၉၇၂
နိုင်ငံလူမျိုး အိန္ဒိယ
ပညာရေးB.Sc.(Environment Science), Ph.D(Social Work)
မိခင်ကျောင်းSt. Joseph's College, Bangalore, Mangalore University
အလုပ်အကိုင်Prajwala လူမှုရေးအဖွဲ့အစည်းအားထူထောင်သူ
အိမ်ထောင်ဖက်(များ)ရာဂျေးရှ် တာ့ရှ်ရီဗာ

“မိသားစုရဲ့ လုံခြုံနွေးထွေးတဲ့ စောင့်ရှောက်မှုကို ခံနေရသူတွေကတော့ အဓမ္မကျင့်တယ်ဆိုတာ ဘယ်နားလည်ပါ့မလဲ။ အဲဒီလို လူတွေကို ဘဝပြန်လည်ထူထောင်ရေးဆိုတဲ့စကားကို နားလည်အောင် ဘယ်လိုပြောရမလဲ”

ထိုစကားကို ပြောလိုက်သူမှာ အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမ၏စကားတွေက ဒေါသသံတွေလွှမ်းနေသဖြင့် ဒေါသ သင့်သော စကားများဟု ဆိုနိုင်သည်။ တစ်နည်းဆိုရလျှင် သူမ၏စကားတွေကို တရားမျှတမှုကို တောင်းဆိုနေသည်။ မီဒီယာ၏ လစ်ဟာချက်များကို ထောက်ပြနေသည်။ လူ့ဘောင်အဖွဲ့အစည်း၏ စိတ်ပျက်စရာများကို ဖော်ထုတ်ပြသလိုဖြစ်နေ သည်။ ထိုဒေါသစကားများကို ပြောကြားသည့်သူမှာ ဆူနီသာ ခရစ်ရှနန်ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ခေတ်အစားဆုံး မုဒိမ်းကျင့်မှုကို ကိုယ်တွေ့ခံစားခဲ့ရသူဖြစ်သည်။ သူတို့လူ့ဘောင်တွင် မုဒိမ်းအကျင့်ခံရသူတစ်ယောက်ကို အသိုင်းအဝိုင်းကဖယ်ကြဉ်ထားလေ့ရှိ သဖြင့် ထိုဒုက္ခကိုခံစားရသော်လည်း ဘဝကို အရှုံးမပေးခဲ့သူတစ်ယောက်ဖြစ်သည်။

သူမကို ယောက်ျားကြီး ရှစ်ဦးက အဓမ္မဝိုင်းကျင့်စဉ်က အသက် ၁၅ နှစ်အရွယ်သာရှိသေးသည်။ အရွယ်နှင့်မမျှ အဓမ္မဒဏ်ကို ခံလိုက်ရသော်လည်း သူ့လိုဘဝမျိုးရောက်သူများအတွက် ပြန်လည်ထူထောင်ရန် ခိုကိုးစရာနေရာများ ဖန်တီးပေးသည်။ ဆင်းရဲခြင်းဒဏ်နှင့် အခြား အကြောင်းအမျိုးမျိုးကြောင့် လူကုန်ကူးခြင်းခံနေရသည့် အိန္ဒိယရှိ အမျိုးသမီးများဘဝကို လိုက်လံကယ်တင်ပေးခြင်းပြုနေသည့် ရှားပါးသော အိန္ဒိယအမျိုးသမီးတစ်ဦးဖြစ်သည်။

ဆူနီသာ ခရစ်ရှနန်းကို ၁၉၇၂ ခုနှစ်တွင် ဘန်ဂါလိုတွင် မွေးဖွားခဲ့သည်။ အသက် ၁၅ နှစ်သမီးအရွယ်တွင် ယောက်ျားရှစ်ဦး၏ အဓမ္မကျင့်ခြင်းကို ခံရပြီးနောက် ကူကယ်ရာမဲ့နေသော အမျိုးသမီးများဘဝကို ကယ်တင်ရန် စိတ်ဓာတ်ခွန်အားဖြစ်လာခဲ့ သည်။ B.Sc.ဘွဲ့ကို (Environment Science) ဘာသာရပ်ဖြင့်ရအောင်ယူခဲ့သည်။ Ph.D ဘွဲ့ကိုလည်း (Social Work) ဖြင့်ရခဲ့သောကြောင့် ဒေါက်တာဆူနီသာ ခရစ်ရှနန်းဟူ၍လည်း လူသိများသည်။

နောက်ပိုင်းတွင် လူမှုရေးလှုပ်ရှားမှုများ၌ ဘဝကိုနှစ်မြှုပ်ထားပြီး Prajwala ဆိုသည့် လူမှုရေးအဖွဲ့အစည်းတစ်ခုကို ထူထောင်ထားသည်။ သူ့မထူထောင်ထားသည့်အဖွဲ့သည် လူကုန်ကူးခြင်းမှ ကယ်တင်ခြင်းခံလာရသူများနှင့် အခြေအနေမဲ့ အမျိုးသမီးလေးများ၏ ခိုကိုးစရာနေရာဖြစ်လာသည်။

Prajwala အဖွဲ့သည် ဟိုက်ဒရာဘတ်မြို့တွင် HIV/ AIDS ဝေဒနာခံစားနေရသည့် ကလေးငယ်ပေါင်း ၅၀၀၀ ကျော်ကို ပညာသင်ကြားရေးအတွက် အကူအညီပေးနေသည့် နေရာဌာနကြီးလည်းဖြစ်သည်။ ထို့ပြင် “ဒုတိယမျိုးဆက်” ဟု အမည် ပေးထားသည့် စီမံချက်ဖြင့် ပြည့်တန်ဆာဘဝရောက်နေကြသည့် မိခင်များထံမှ ကလေးထောင်ပေါင်းများစွာကို ပြန်လည်ထူထောင်ရေး စခန်း ၁၇ ခုဖွင့်ပြီး ကယ်တင်ပေးနေသည်။ သူမလှုပ်ရှားမှုအားလုံးသည် အစိုးရမဟုတ်သည့် အဖွဲ့အစည်း NGO အနေဖြင့်သာ လှုပ်ရှားနေခြင်းဖြစ်သည်။ ကလေးများကို ပညာသင်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးလိုက် ခြင်းသည် သူတို့မိခင်များကို မကောင်းမှုဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေခြင်းကလည်း ကယ်တင်နိုင်လိမ့်မည်ဟု ယုံကြည်ပြီး ဗျူဟာမြောက်လုပ်ဆောင်နေခြင်းဖြစ်သည်။ ခရစ်ရှနန်းတွင် လက်သမား၊ ဂဟေဆော်၊ ပုံနှိပ်၊ ပန်းရန်၊ အိမ်တွင်းမှု လုပ်ငန်းများကို သင်ကြားပေးနိုင်သည့် ဝန်ထမ်းပေါင်းများစွာကို ခေါ်ထားပြီး ကလေးများကို အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးနေသည်။

သူမသည် ရာဂျေးရှ် တာ့ရှ်ရီဗာဆိုသည့် ရုပ်ရှင်ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာတစ်ဦးနှင့် လက်ထပ်ခဲ့သည်။ ခင်ပွန်းသည်နှင့် အတူ "Touchdriver-Ente" ဆိုသည့်ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်ခဲ့သည်။ ထိုဇာတ်ကားသည် လိင်ကျွန်ဘဝ ရောက်နေကြရသည့် အိန္ဒိယအမျိုးသမီးတို့ဘဝကို ဖော်ကျူးထားသည့်ရုပ်ရှင်ဖြစ်သည်။

အိန္ဒိယနိုင်ငံ နေရာအနှံ့အပြားတွင် လိင်ကျေးကျွန်အဖြစ် လုပ်ဆောင်နေရသော အမျိုးသမီးပေါင်း သုံးသန်းခန့်ရှိသည်။ အများစုမှာ အရွယ်မရောက်သေးသည့် ကလေးသူငယ်များ ဖြစ်နေသည်။ သူတို့ရိုက်ကူးသည့် ရုပ်ရှင်ဇာတ်ကားသည် စီးပွားရေးအရ မအောင်မြင်ခဲ့ပေ။ သို့သော် ဝေဖန်ဆွေးနွေးစရာ လှုပ်ခတ်သွားခဲ့ သည်။ ကူရာကယ်ရာမဲ့နေသည့် အမျိုးသမီးများနှင့် ကလေးများဘဝကို မီးမောင်းထိုးပြနိုင်သည်။ သူတို့က ကယ်တင်ရှင် သူရဲကောင်းများဖြင့် ရုပ်ရှင်ကို အများအကြိုက်လိုက်ပြီး မရိုက်နိုင်သောကြောင့် မအောင်မြင်ခဲ့ခြင်းဖြစ်သည်ဟု ခရစ်ရှနန်းက ဆိုသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလက နယူးဒေလီတွင် ဆေးကျောင်းသူလေးတစ်ယောက်ကို ယောက်ျားလေးဦးက အဓမ္မဝိုင်းကျင့်ပြီး အသက်ပါဆုံးရှုံးစေခဲ့သော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် အိန္ဒိယတစ်နိုင်ငံလုံးတွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။

“ဘယ်လောက်ရှက်စရာကောင်းသလဲ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက တစ်နိုင်ငံလုံး ဆန္ဒပြပွဲတွေ ကျင်းပခဲ့ရတဲ့အထိ ဖြစ်သွားခဲ့ရ တယ်။ ဒီနှစ်ထဲမှာလည်း အသက်လေးနှစ်သမီးလေးကို အဓမ္မကျင့်တာနဲ့ ကြုံခဲ့ရသေးတယ်။ ကျွန်မ အဲဒီကလေး အသက် ပြန်ရှင်ဖို့ ကြိုးပမ်းပေးခဲ့တယ်” ဟု ယခုအခါ အသက် ၄၁ နှစ်အရွယ်ရှိနေပြီဖြစ်သော ခရစ်ရှနန်းကပြောသည်။

အိန္ဒိယနိုင်ငံတွင် ၂၂ မိနစ်လျှင် မုဒိမ်းမှုတစ်မှုနှုန်း ဖြစ်ပွားနေသည်။ ၂၀၁၁ ခုနှစ်တွင် မုဒိမ်းမှုဖြစ်ပွားသမျှ ၁၇ ရာခိုင်နှုန်း လောက်ကိုသာ ရုံးတင်နိုင်သည်။ ရုံးတင်သမျှ အမှုများ၏ ၂၅ ရာခိုင်နှုန်းခန့်ကိုသာ အပြစ်ပေးနိုင်သည်။

အိန္ဒိယအမျိုးသားရာဇဝတ်မှုမှတ်တမ်းအဖွဲ့ (NCRB) ၏ထုတ်ပြန်ချက်အရ ယမန်နှစ်အထိ အမျိုးသမီးများကို ကျူးလွန်ခဲ့ သော အဓမ္မမှုပေါင်း ၂၄၄,၂၇၀ မှုရှိကြောင်း သိရသည်။ ၂၀၁၁ ခုနှစ်တွင် ၂၂၈,၆၅၀ မှုရှိသည်ဆိုသဖြင့် ဖြစ်ပွားမှုနှုန်းမှ လျှော့ကျသွားခြင်း မရှိသေးကြောင်း သိသာသည်။

အမျိုးသမီးများကို အတင်းအကျပ် ပြည့်တန်ဆာလုပ်ခိုင်းခြင်း၊ လိင်ကျေးကျွန်ဘဝရောက်စေရန် အဓမ္မဇာတ်သွင်းခြင်း၊ အိမ်ထောင်သည်ဘဝ အဓမ္မကျင့်ခြင်း၊ အကြမ်းဖက်အဓမ္မကျင့်ခြင်းများသည် အထင်ရှားဆုံး ကျူးလွန်နေကြသည့် ပြစ်မှုများ ဖြစ်ကြသည်။

“ယောက်ျားတွေကို မြင့်မြတ်တယ်ဆိုပြီး ကိုးကွယ်ရမလိုဖြစ်နေတဲ့ လူ့ဘောင်အသိုင်းအဝိုင်းမှာ အမျိုးသမီးတွေဟာ အနှိမ်ခံ တွေဘဝနဲ့ နေကြရတယ်။ အမျိုးသမီးဆိုတာ အမျိုးသားတွေအတွက် စိတ်ကျေနပ်အောင် ဖျော်ဖြေပေးရတဲ့ ရုပ်ဝတ္ထုပစ္စည်း တစ်ခုလိုဖြစ်နေတယ်။ အဲဒီမြင့်မြတ်တယ်လို့ သတ်မှတ်ချက်တွေက ပြဿနာကို စတင်စေခဲ့တာပဲ။ လူတွေက အဲဒီလို ရက်စက်ယုတ်မာတာတွေ ဘာကြောင့်ဖြစ်လာရတယ်ဆိုတာကို ဆန်းစစ်ဖို့ထက်၊ မုဒိမ်းမှုတစ်ခုဖြစ်လိုက်ပြီ ဆိုရင်၊ ဘယ်ကောင်လဲ၊ အဲဒီကောင် ဘာလုပ်သလဲဆိုတာလောက်ပဲ ဖော်ထုတ်ဖို့ ကြိုးပမ်းနေကြတယ်” ဟု ခရစ်ရှနန်းက ရှင်းပြသည်။

သူမအနေဖြင့် အသက် ၁၆ နှစ်သမီးလောက်ကတည်းက မခံချင်စိတ်များဖြင့် ကြိုးစားရုန်းကန်ကာ ဘဝကိုရပ်တည်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ဘန်ဂါလိုး၌ မယ်စကြဝဠာပြိုင်ပွဲကို ကန့်ကွက်သဖြင့် အဖမ်းခံရသည်။ ထောင်ဒဏ် နှစ်လအချခံခဲ့ရသည်။ ထောင်ကလွတ်သောအခါ ဘန်ဂါလိုးတွင် မနေတော့ဘဲ ဟိုင်ဒရာဘတ်သို့ပြောင်းလာခဲ့သည်။

၁၉၉၆ ခုနှစ်တွင် ဟိုင်ဒရာဘတ်ရှိ မီးအိမ်နီရပ်ကွက်ဟု လူသိများသည့် ပြည့်တန်ဆာရပ်ကွက်တစ်ခုဖြစ်သော မာဘွတ် ကီ မီဟန်ဒီရပ်ကွက် ပြောင်းရွှေ့ခြင်းခံခဲ့ရသည်။ ထိုရပ်ကွက်များတွင် နေထိုင်သည့် ပြည့်တန်ဆာအလုပ်ဖြင့် အသက်မွေးသူများ အချို့လည်း ဖမ်းဆီးခံရပြီး၊ အချို့လည်း အိုးမဲ့အိမ်မဲ့တွေဖြစ်ကုန်သည်။

ထိုအချိန်တွင် ခရစ်ယန်ဘုန်းတော်ကြီး ဂျိုဆေ ဗက်တီကာတီလ်၏ အကူအညီဖြင့် ခရစ်ရှနန်းသည် ပြန်လည်ပြုပြင်ရေး ကျောင်းလေးတစ်ကျောင်း ဖွင့်လှစ်နိုင်ခဲ့သည်။ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူများက မွေးဖွားလာသော သားသမီးများ အတွက် ပညာရေးနှင့် နေထိုင်ရေးတို့ကို သူမက အကူအညီပေးကာ လူကုန်ကူးမှုမခံရရေး၊ သူတို့မိခင်များကဲ့သို့ ဘဝမပျက်ရေး အတွက် ဝိုင်းဝန်းကူညီပေးခဲ့ခြင်းဖြစ်သည်။

သူတို့က မိခင်များ၏ သောကကို ကူညီဖြေရှင်းပေးခဲ့သဖြင့် အစပိုင်းတွင် နားမလည်ခဲ့သော်လည်း နောက်ပိုင်းတွင် သူမကို အားကိုးမှုများပြုလာကြသည်။ ယင်းသည် Prajwala ဆိုသည့်ဂေဟာပေါ်ပေါက်လာစေမည့် အခြေခံအကြောင်းတရားဖြစ်သည်။

ယနေ့ Prajwala သည် အန်ဒရာ ပရာဒက်ရှ်၌ ဌာနခွဲပေါင်း ၁၇ ခုကိုဖွင့်လှစ်နိုင်သည်အထိ ကြီးကျယ်လာခဲ့သည်။ အထူး သဖြင့် ပြည့်တန်ဆာအဖြစ် အသက်မွေးနေရသူများ၏ သားသမီးများပညာရေးအတွက် ထိုဌာနများက တာဝန်ယူပေးနေသည်။ သူမ၏ ဒုတိယမျိုးဆက်ကယ်တင်စောင့်ရှောက်ရေးအစီအစဉ်ကြောင့် ကလေးပေါင်း ၅၀၀၀ ကျော်ကို ပညာတတ်တွေဖြစ်စေရန် လုပ်ဆောင် လုပ်ဆောင်ပေးနိုင်ခဲ့သည်။

အိန္ဒိယနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အမျိုးသမီးများ အကြမ်းဖက်ခြင်းခံရမှုပေါင်း ၂၅၀၀ ကျော်ကို သတင်းအချက်အလက်များ ရှာပေးခြင်း၊ သက်သေခံများဖော်ထုတ်ပေးခြင်း၊ ရဲတို့၏ ကြားဝင်စွက်ဖက်ကာ အမှုကိုချေဖျက်သည့်ဘေးမှ အကာအကွယ် ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့သည်။ ယခုအခါ Prajwala တွင် အိန္ဒိယနိုင်ငံအတွင်း ဝန်ထမ်း ၈၀ ရှိပြီး၊ နိုင်ငံခြား တွင် တာဝန်ထမ်းဆောင်ပေးနေသူ ၂၅ ဦးရှိသည်။

လူမှုရေးအဖွဲ့အစည်းများအနေဖြင့် ထူထောင်သည့် အခြားအဖွဲ့အစည်းများနှင့် မတူသည့်အချက်မှာ Prajwala သည် ပရောဂျက်လုပ်ငန်းတစ်ခုမဟုတ်ပေ။ သို့ဖြစ်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များကို အကြမ်းဖက်မှုများ ကင်းစင်သည့် နေ့ရောက်မှသာ မိမိထူထောင်ထားသော အဖွဲ့အစည်းကို ရပ်ဆိုင်းမည်ဟု ခရစ်ရှနန်းကဆိုသည်။

ယခုအခါ ပြန်လည်ထူထောင်ရေးအစီအစဉ်ဖြင့် ကယ်တင်ပေးပြီး ဘဝသစ်ကို စတင်စေခဲ့သော အမျိုးသမီးပေါင်း ၁၅၀၀ ခန့်ရှိပြီဖြစ်သည်။ သူတို့က ပြည့်တန်ဆာဘဝ ကျရောက်ရတော့မည့် အမျိုးသမီးများကို ကယ်တင်ပြီး ငွေကြေးပုံမှန်ရသည့် သမာအာဇီဝကျကျ လုပ်ကိုင်စားသောက်နိုင်သော လုပ်ငန်းခွင်များအတွင်း သွင်းပေးနိုင်ခဲ့သည်။

ခရစ်ရှနန်းကို အထောက်အကူအများဆုံးပေးခဲ့သူမှာ သူမ၏ခင်ပွန်း ရာဂျေ့ရှ်ဖြစ်သည်။ နိုင်ငံတကာကို လှုပ်ခတ်စေခဲ့သော In the Name of Buddha ဇာတ်ကားကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာလည်းဖြစ်သည်။ သူက Prajwala နှင့်ပတ်သက်သော ဇာတ်လမ်းတိုရုပ်ရှင်ကားလေးများကို ရိုက်ကူးပေးသည်။ သူရိုက်ကူးခဲ့သော Anamika (အမည်မသိ) ဆိုသည့် ရုပ်ရှင် ဇာတ်ကားကို အန်ဒရာပရာဒက်ရှ် ရဲကျောင်းနှင့် နိုင်ငံတော်ရဲတပ်ဖွဲ့သင်တန်းများတွင် သင်ရိုးညွှန်းတမ်းတစ်ခုအနေဖြင့် ပြဋ္ဌာန်းရန် သတ်မှတ်ထားသည်။