ဇလပ်ပန်း

အပင်မျိုးစိတ်တစ်မျိုး

မြန်မာနိုင်ငံမှာ ဇလပ်ပန်းလို့ ခေါ်တဲ့ အနံ့မွှေးတဲ့အဖြူရောင်ပန်းပွင့်ဖြစ်တဲ့ Tabernaemontana divaricata Variegata ရဲ့ ပန်းအမည်ကတော့ Crepe Jasmine ၊ Double Crepe Jasmine ၊ Indian Carnation Flower ၊ Double White Gardenia ၊ Creme & Green Double Butterfly Jasmine စသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။ Apocynaceae (dogbane family) မျိုးဖြစ်ပါတယ်။

ဇလပ်ပန်းပင်ရဲ့ အကိုင်း အခက်များဟာ မြေပြင်နဲ့ အပြိုင်လို ဖြာထွက်နေခြင်းကြောင့် ချုံပုတ်သဏ္ဌာန်ဖြစ်နေပြီး အမြင့် ၆ ပေအထိ မြင့်ပါတယ်။ အရွက်များက အစိမ်းရောင်ဖြစ်ပြီး ၆ လက်မနဲ့ ၆ လက်မထက် ပိုလို့ ရှည်လျားတတ်ပါတယ်။ အရွက်ရဲ့ အကျယ်ကတော့ ၂ လက်မခန့်ရှိပါတယ်။ ဇလပ်ပန်းပွင့်များက အဖြူရောင် ရှိပြီး ဆောင်းရာသီမှာ အများဆုံးပွင့်ပေမယ့်လည်း တစ်နှစ်ပတ်လုံး အနည်းငယ်စီ ပွင့်နေတဲ့ ပန်းများ ဖြစ်ကြပါတယ်။ ပွင့်ဖတ်များ ၅ ခုရှိပြီး နှစ်ထပ်ဖြစ်နေပါတယ်။ ဇလပ်ပန်းပင်ရဲ့ မူလဇာတိနေရာကတော့ အိန္ဒိယနိုင်ငံ ရဲ့ ပူနွေးတဲ့ ဒေသများဖြစ်ပြီး ကမ္ဘာပေါ်ရှိ နှင်းမကျသော တိုင်းပြည်များတွင်လည်း ပျံ့နှံ့စွာ စိုက်ပျိုးထားကြပါတယ်။

ဇလပ်ပန်းပင်က နေရောင်ကောင်းစွာ ရရှိတာကို နှစ်သက်ပါတယ်။ ခြောက်သွေ့သော ရာသီများတွင် ရေမှန်မှန် လောင်းပေးရန် လိုအပ်ပြီး ရေစီးရေလာကောင်းမွန်သော မြေဆီလွှာကို နှစ်သက်ပါတယ်။ အစေ့မှသော်လည်းကောင်း ၊ ကိုင်းဖြတ်ကူးခြင်းဖြင့်သော်လည်းကောင်း မျိုးပွားယူနိုင်ပါတယ်။

ဇလပ်ပန်းပင်ကို မိမိနေအိမ်ခြံဝင်းအတွင်းမှာ စိုက်ပျိုးထားရှိလျှင် မွှေးပျံ့သော သင်းရနံ့ကို ခံစားနိုင်ပြီး ဖြူဖွေးလှပသော ဇလပ်ပန်းပွင့်များ ကြောင့် စိတ်နှလုံးကြည်နူးစေနိုင်ပါတယ်။

နေအိမ်ဘုရားစင်ပေါ်တွင် ဗုဒ္ဓ ရုပ်ပွားတော် ခြေရင်းမှာ ပန်းမွေ့ရာ ပြုလုပ်ကာကုသိုလ်ယူ ကြည်နူးစေနိုင်ပါတယ်။