ဇလွန်မြို့
ဇလွန်မြို့သည် ဧရာဝတီတိုင်းတွင် ပါဝင်သော မြို့တစ်မြို့ ဖြစ်ပြီးဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ရုံးစိုက်ရာမြို့ဖြစ်သည်။ ခရိုင်၏ အရှေ့တောင်ဘက်ရှိ မြို့နယ်ဖြစ်၍၊ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိသည်။ ဟင်္သာတမြို့၏ အရှေ့တောင်တူရူ ၁၆ မိုင်ခန့် အကွာတွင်ရှိ၏။ ဇလွန်မြို့စည်ပင်ရေးအတွက် မြူနီစီပယ်အဖွဲ့ကို ၁၈၈၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့၍၊ နောင်သောအခါ၌ ဒေသန္တရအုပ်ချုပ်ရေးတွင် ထည့်သွင်းသည်။
ဇလွန်မြို့သည် ကုန်းဘောင်ခေတ် သာယာဝတီမင်းလက်ထက် ပုသိမ် ( ၃၂ ) မြို့နယ် စာရင်းဝင် မြို့တစ်မြို့ ဖြစ်သည်။ ထိုစဉ်က ကျိုက်တော် သမန္တပူရ ဇရွန်၊ ဇလွန်ဟူ၍ ဖော်ပြပါရှိသည်။ ကိုလိုနီခေတ်ဦးတွင် ဧရာဝတီမြစ် ရေတိုက်စားသဖြင့် မြို့တစ်ဝက်ကျော်ကျော် တွင် မြစ်ထဲ ပါသွားခဲ့သည်။ ထို့ကြောင့် ရေကာတာ အသစ်များ တည်ဆောက်ခဲ့ပြီး မြို့ကို ရေကာတာအတွင်း ရွှေ့ပြောင်းခဲ့သည်။ ဧရာဝတီ မြစ်သည် ဇလွန်မြို့၏ အလယ်မှ ဖြတ်သန်းစီးဆင်းနေသဖြင့် မြို့နယ်မှာ နှစ်ခြမ်း ဖြစ်နေသည်။ မြို့နယ်၏ အနောက်ဘက်ခြမ်းတွင် လယ်လုပ်ငန်းသည် အဓိကလုပ်ငန်း ဖြစ်၏။ အရှေ့ဘက်ခြမ်းတွင်မူ လယ်လုပ်ငန်း၊ ကိုင်းလုပ်ငန်းအပြင် အင်း၊ အိုင်များ တည်ရှိနေသဖြင့် အင်းလုပ်ငန်းကိုလည်း လုပ်ကိုင်ကြသည်။ မြို့နယ်အတွင်း နေထိုင်သူများတွင် မြန်မာ အများဆုံးဖြစ်ပြီး ကရင်တိုင်းရင်းသား များသည်လည်း အများအပြား နေထိုင်ကြသည်။
ဇလွန်မြို့တွင် မာန်အောင်မြင် ခေါ်ဇလွန်ပြည်တော်ပြန်ဘုရားကြီးမှာ အထူးထင်ရှားသည်။ ၁၈၃၈ ခုနှစ်တွင် မြို့သူကြီး ဦးရွှေပွင့်က အများပြည်သူများ ကြည်ညိုကိုးကွယ်နိုင်စေသောငှာ ကြေးဆင်းတုတော်ကြီးတစ်ဆူ ကို သွန်းလုပ်လှူဒါန်းခဲ့သည်။ ထိုကြေးဆင်းတုတော်ကြီး ကို ၁၈၅၂ ခုနှစ်၊ အင်္ဂလိပ် - မြန်မာ ဒုတိယ ကမ္ဘာစစ်ပွဲအပြီးတွင် အင်္ဂလိပ်စစ်တပ်က သင်္ဘောဖြင့် သယ်ဆောင်သွားခဲ့၏။ သို့သော် ၁၈၉၃ ခုနှစ်တွင် ကြေးဆင်းတုတော်ကြီးကို ဇလွန်မြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ရသည်။ ထိုအချိန်မှစ၍ ပြည်တော်ပြန်ဘုရားကြီး ဟု ကျော်ကြားခဲ့သည်။ အခြား ထင်ရှားသော ဘုရားမှာ ရွှေရင်ဧစေတီတော်ဖြစ်သည်။ ထို့အပြင် ရဟန္တာအဖြစ် ယူဆကြသော "ဦးသီလဘုရား" သည်လည်း ထင်ရှား ၏။
ဇလွန်မြို့သည် သင်္ဘောဆိပ်ကမ်းမြို့ ဖြစ်သဖြင့် ဟင်္သာတမှလာသော သင်္ဘောများနှင့် ရန်ကုန်မှလာသော သင်္ဘောများဆိုက်ကပ်ရာ ဒေသဖြစ်လေသည်။ အရေးကြီးသော ထွက်ကုန်မှာ ဆန်စပါးဖြစ်၏။
မြစ်ရေတိုးခြင်းဒဏ်ကြောင့် ကမ်းပြိုပျက်စီးသဖြင့် ဇလွန်မြို့ကို ကုန်းတွင်းသို့ အကြိမ်ကြိမ်ပြောင်းရွှေ့ခဲ့ရသည်။ မြို့နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၂၇၆ မျှရှိ၍၊ မြို့၏ လူဦးရေမှာ ၁၉၅၃ ခုနှစ် သန်းကောင်စာရင်းအရ ၈၉၈ ယောက်ခန့် ဖြစ်လေသည်။[၁]
မြို့နယ်၏ဖွဲ့စည်းပုံ
ပြင်ဆင်ရန်ရပ်ကွက် (၅) ခုရှိသည်။ ၎င်းတို့မှာ-
၁) လမ်းမတော်တောင်ရပ်ကွက်
၂) လမ်းမတော်မြောက်ရပ်ကွက်
၃) ကမ်းနားရပ်ကွက်
၄) ဆန်တန်းရပ်ကွက်
၅) ညောင်ပင်ဈေးရပ်ကွက်
ကျေးရွာအုပ်စု (၆၆) အုပ်စု၊ ကျေးရွာပေါင်း (၄၅၆) ရွာရှိသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ တောင်ပို့တစ်ရာအုပ်စုသည် လူဦးရေအများဆုံးဖြစ်ပြီး လူဦးရေ ၇၀၀၀ ကျော်ရှိပြီး မြို့နယ်လူဦးရေ၏ ၄% ကျော် ရှိသည်။
အထင်ကရနေရာများ
ပြင်ဆင်ရန်ဇလွန်မြို့တွင် အထင်ကရနေရာများစွာရှိသည်။ ၎င်းတို့အနက်အောက်ပါနေရာများသည် လည်ပတ်သွားလာရန်အကောင်းဆုံးဖြစ်သည်။
၁) မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး
၂) ဗုဒ္ဓအံတော်မြတ်
၃) ဦးသီလစေတီတော်
၄) ရွှေငြိမ်းအေးဘုရား
ဒေသထွက်ကုန်များ
ပြင်ဆင်ရန်ဒေသထွက်ကုန်များမှာ အသားငါးများ၊ ဆန်/စပါး၊ ပဲမျိုးစုံ၊ ပြောင်းဖူး၊ ငရုတ်သီး နှင့် သင်ဖြူးဖျာတို့ ဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)